ဝတ်ရည်ခင်(ပဲခူး) ရေးသားသည့် “ဝတ်မှုန်ကူးချိန်” စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည် တတိယဆုရရှိသည့် စာရေးသူ  ဝတ်ရည်ခင်(ပဲခူး)၏ “ဝတ်မှုန်ကူးချိန်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်၌ ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြီး ပေါ်ပေါက်လာသဖြင့် ရှိရင်းစွဲ HIV , AIDS ရောဂါဆိုးကြီးကို လူအများက မေ့လျော့၍ သတိမမူ မဖြစ်ရလေအောင် ဤဝတ္ထုကို ရေးသားရခြင်း ဖြစ်ကြောင်း စာရေးသူက ရှေးဦးစကားဆိုထားသည်။ ဤစာမူသည် HIV , AIDS ရောဂါနှင့်ပတ်သက်၍ စာဖတ်သူများ ကျန်းမာရေးဗဟုသုတ ရရှိစေရန် ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်း၊ လူ့စရိုက် ပီပီ ပြင်ပြင် တင်ပြပုံ ရွှင်ရွှင်သွက်သွက်ဖြင့် ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။

ဝတ္ထုပါမြို့ကလေး၏ ဆေးပညာရှင်အသိုင်းအဝိုင်း၊ ဆေးတက္ကသိုလ်(၂) ကျောင်းသူကျောင်းသား များ၏ ပျော်ရွှင်တက်ကြွသောဘဝ၊ လူငယ်ဆရာဝန်နှစ်ဦး၏ လွမ်းမောဖွယ် မေတ္တာဇာတ်လမ်း၊ လူနာနှင့် ဆရာဝန်တို့၏ အမှုအခင်းစသည်တို့ကို သရုပ်ဖော်ရာတွင် ဒေါက်တာညီမျိုး၊ ဒေါက်တာမောင်မောင်လတ်၊ ဦးအောင်သြဘာ၊ မီမီအောင်၊ စုစုထွေး၊ ရှေ့နေဦးမင်းဇော်၊ အောင်ကြီး၊ အဘလူတို့၏ ဇာတ်ရုပ်များက ရုပ်လုံးကြွနေသည်။ ဝတ္ထုဖတ်ရင်း ဆေးပညာဗဟုသုတအပြင် ဆေးပညာဆိုင်ရာ ဥပဒေရေးရာများကို လည်း သိမှတ်ရသည်။ အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မ၊ ရိုးဖြောင့်သူနှင့် ကောက်ကျစ်စဉ်းလဲသူတို့၏ အားပြိုင်မှုတွင် ဓမ္မက အနိုင်ရပြီး ရေးဖွဲ့မှုကလည်း ဦးတည်ချက်ကောင်းဟု ဆိုရပါမည်။ အထူးသဖြင့် ဇာတ်လမ်းကို ရင်တမမ ဖြစ်အောင် ဆွဲဆောင်လာပြီး နောက်ဆုံးတွင် မထင်မှတ်သော အလှည့်လေးဖြင့် ဇာတ်သိမ်းလိုက်ပုံက ဤဝတ္ထုကို ပိုမိုလှပပြည့်စုံစေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ