Skip to main content

(၁၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ကာလအတွင်း ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်

၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၁ ရက်အထိ ကျင်းပခဲ့သည့် အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကာလအတွင်း မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်မှု မရှိဘဲ အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့နှင့် စံနှုန်းများ လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာကော်မတီတို့မှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များ အသီးသီးချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။

၂။ အဆိုပါ ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ် မှတ်ချက်များသည် အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်၏ “မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများ” ခေါင်းစဉ်ပါ အစီရင်ခံစာနှင့် Committee of Experts on the Application of Conventions and Recommendations ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတို့အပေါ် အခြေခံထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာများအပေါ် လေ့လာတွေ့ရှိချက် အသေးစိတ်ကို အိုင်အယ်လ်အို၏ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ ယင်းအစီရင်ခံစာများတွင် အလုပ်သမားရေးရာ ကိစ္စရပ်များထက် နိုင်ငံရေးကို အရင်းခံသော အချက်အလက် အမြောက်အမြား ပါဝင်ပြီး ခိုင်လုံမှုမရှိကြောင်း တွေ့ရှိရသည်။ ယင်းအစီရင်ခံစာများတွင် ပါဝင်သော အချက်အလက်များသည် အလုပ်သမားအရေး လှုပ်ရှားသူ ဆိုသူများက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေထားသော မမှန်ကန်သော အချက်များနှင့် ထင်ယောင်ထင်မှား ဖြစ်စေသော သတင်းများအပေါ် များစွာ တည်မှီနေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ် မှတ်ချက်များသည် နိုင်ငံရေးသဘော သက်ဝင်နေသည်ကို အံ့ဩဖွယ်ရာမရှိကြောင်း တွေ့ရှိရသည်။

၃။ အိုင်အယ်လ်အိုအနေဖြင့် မြန်မာနိုင်ငံတွင် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်နှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမှု မရှိသည်ကို တွေ့ရှိရပြီး၊ သုံးပွင့်ဆိုင် ယန္တရား၏ အနှစ်သာရကို မျက်ကွယ်ပြုထားသည်။ အိုင်အယ်လ်အိုအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ မေတ္တာရပ်ခံချက်နှင့်အညီ အကူအညီများ ပေးအပ်ရသည့် နိုင်ငံတကာ လက်ခံထားသော အခြေခံသဘောတရားများကို မျက်ကွယ်ပြုထားသည်။ မြန်မာအစိုးရအနေဖြင့် အလုပ်သမားများနှင့် အလုပ်ရှင်များကို သုံးပွင့်ဆိုင် သဘောသဘာဝဖြင့် အထောက်အကူပြုလျက်ရှိသည်။

၄။ အဆိုပါ ဆုံးဖြတ်ချက်များတွင် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ရည်ညွှန်း ဖော်ပြထားပြီး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့်ကွန်ဗင်းရှင်း (ကွန်ဗင်းရှင်းအမှတ်- ၈၇) နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း (ကွန်ဗင်းရှင်းအမှတ်- ၂၉) တို့ကို မြန်မာနိုင်ငံက လိုက်နာ အကောင်အထည်ဖော်မှုအပေါ် မေးခွန်းထုတ်ထားသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၌ အခြေခံအလုပ်သမား အဖွဲ့အစည်း (၂၈၉၂) ဖွဲ့၊ မြို့နယ် အလုပ်သမား အဖွဲ့အစည်း (၁၆၂) ဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်သမားအဖွဲ့ (၂၆) ဖွဲ့၊ အလုပ်သမား အဖွဲ့ချုပ် (၉) ဖွဲ့နှင့် အလုပ်သမား အဖွဲ့အစည်းအသင်းချုပ် (၁) ဖွဲ့ရှိပြီး၊ အဆိုပါ အဖွဲ့အစည်းများတွင် အဖွဲ့ဝင်(၁၉၀၀၀၀)ဦး ပါဝင်သည်။ အလုပ်သမားအရေးလှုပ်ရှားသူဆိုသူ အနည်းစု၏ အကြမ်းဖက်ရန်နှင့် တည်ငြိမ်မှုမရှိစေရန် ပြည်သူလူထုကို လှုံ့ဆော်သည့် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များကြောင့် ၎င်းတို့အပေါ် အရေးယူ ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းအမှတ်-၈၇ ကို လိုက်နာဆောင်ရွက်ခြင်းမရှိဟု ခြုံငုံသုံးသပ်ခဲ့ခြင်းမှာလည်း သင့်လျော် မှန်ကန်မှုမရှိပါ။

၅။ မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ စတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ တိုင်ကြားမှုယန္တရားကို တည်ထောင် ထားရှိသည်။ အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်၏ အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း၌ အိုင်အယ်လ်အို အနေဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက် (၁၃) ခုကို လက်ခံရရှိခဲ့ပြီး၊ ၎င်းတို့ကို စိစစ်လျက်ရှိကြောင်း ဖော်ပြထားသော်လည်း၊ အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားအနေဖြင့် တိုင်ကြားမှု တစ်စုံတစ်ရာကို လက်ခံရရှိခဲ့ခြင်း မရှိပါ။ အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိရုံးအနေဖြင့် တိုင်ကြားချက်များကို အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားသို့ ပေးပို့ရန် တစ်နှစ်ခွဲခန့်ကြာမြင့်နေသည်မှာ နားမလည်နိုင်ဖွယ် ဖြစ်သည်။ ထို့အပြင် အဓမ္မခိုင်းစေမှုဆိုင်ရာ စွပ်စွဲချက်များတွင် ပုဂ္ဂိုလ်များ၏အမည်များ၊ ဖြစ်စဉ်များ၏ တည်နေရာနှင့် အချိန် အစရှိသည့် စိစစ်၍ ရနိုင်သည့် အချက်များ မပါရှိသည်ကို တွေ့ရှိရသည်။

၆။ အထက်ပါ အကြောင်းခြင်းရာများကြောင့် (၃၄၅)ကြိမ်မြောက် အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့နှင့် စံနှုန်းများ လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာ ကော်မတီတို့မှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ပယ်ချလိုက်သည်။ မြန်မာနိုင်ငံ၏ မျက်ကွယ်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခဲ့ခြင်းသည် အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် ညီညွတ်ခြင်း မရှိသည့်အတွက် ယင်းကဲ့သို့ ဖွဲ့စည်းခဲ့ခြင်း ကိုလည်း မြန်မာနိုင်ငံက ထပ်လောင်းကန့်ကွက်လိုက်သည်။

အလုပ်သမားဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်