အာဖရိက ဝက်အပြင်းဖျား ရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန် ရောဂါတစ်ခုဖြစ်ပြီး မိမိတို့ မွေးမြူထားသော ဝက်များကို အဆိုပါရောဂါ ဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-
(၁) အာဖရိက ဝက်အပြင်းဖျားရောဂါသည် လူသို့လုံးဝ(လုံးဝ) ကူးစက်ခြင်းမရှိပါ၊
(၂) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊
(၃) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန် ပြုလုပ်ဆောင်ရွက်ရန်၊
(၄) ဝက်များကို စားသောက်ဆိုင်နှင့် အိမ်များမှ စားကြွင်းစားကျန်များ ကျွေးမည်ဆိုပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊
(၅) အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊
(၆) အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊
(၇) ဝက်ခြံများ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊
(၈) ရောဂါကင်းရှင်းကြောင်း စိတ်ချရသော ခြံမှဝက်များကို ဝယ်ယူမွေးမြူရန်၊
(၉) ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်အတူ ထည့်သွင်း မွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှမွေးမြူရန်၊
(၁၀) ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊
(၁၁) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှော ထိတွေ့ခြင်းမှ ကာကွယ်ရန်၊
(၁၂) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံသို့ ချက်ချင်း သတင်းပို့ရန်၊
(၁၃) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်နှင့် ညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန