အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေနှင့် တုံ့ပြန်ဆောင်ရွက်ချက်များ
ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် မြန်ဆန်လျက်ရှိသည့်အတွက် အစိုးရအဖွဲ့အစည်းများက လည်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူး စက်မှု နှုန်း လျော့ကျသွားသော်လည်း ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်နေ့ တခြား တိုးတက်မြင့်မားလျက်ရှိသည်ကို တွေ့ရသည်။
မတ် ၂၃နှင့် ၂၄ ရက်တို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ပထမဆုံး ဗိုင်းရပ်စ်ပိုးကူးစက် ခံရသူနှစ်ဦးစီကို စစ်ဆေးတွေ့ရှိရ သဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးတွင် ဗိုင်းရပ်စ်ပိုး ကင်းလွတ်သည့် နိုင်ငံဟူ၍ မရှိတော့ဘဲ အဖွဲ့ဝင်နိုင်ငံ အားလုံးတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့သွားသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရပြီဖြစ်သည်။
ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရများအနေ ဖြင့် ဗိုင်းရပ်စ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို မည်သို့ ကိုင်တွယ်ကြိုးပမ်း လုပ်ဆောင်လျက်ရှိသလဲဆိုသည်ကို လေ့လာကြည့်ပါမည်။
ဘရူနိုင်းနိုင်ငံ
မတ် ၂၅ ရက် ဆေးမှတ်တမ်းများအရ ဘရူနိုင်းနိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၁ ဦး ရှိလာခဲ့ပြီဖြစ် သည်။ နိုင်ငံအတွင်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားများနှင့် နိုင်ငံခြားသားများ ကိုလည်း နိုင်ငံရပ်ခြားသို့ ခရီးသွား လာမှုများ ပိတ်ပင်ထား သည်။ မတ် ၉ ရက်တွင် ဘရူနိုင်းနိုင်ငံ၌ ပထမဆုံးကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို စတင်တွေ့ရှိခဲ့သည်။ အသက် ၅၃ နှစ်အရွယ် ဘရူနိုင်းနိုင်ငံသားတစ်ဦးသည် သူငယ်ချင်း သုံးယောက်နှင့်အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ၎င်းတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ် နိုင်ငံရှန်ကျန်းနှင့် ကျန်စူးစီရင်စုများမှ ခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံ၌ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၂ ဦးကို ယနေ့ထပ်မံတွေ့ရှိသည့်အတွက် စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၂၄ ဦး ရှိလာခဲ့ပြီဖြစ်သည်။ ထပ်မံတွေ့ရှိသည့် ၁၂ ဦးတွင် လေးလအရွယ်ကလေးငယ် တစ်ဦးပါဝင်သည်။ ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချသည့် အနေဖြင့် မြို့တော်ဖနောင်ပင်ရှိ စာသင်ကျောင်းများနှင့် ကမ္ဘာလှည့်ခရီးသွား အများစု လည်ပတ်သည့် အထင်ကရ နေရာများကို ပိတ်ပင်ထားသည်။ ထို့ပြင် အီတလီ၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့မှ ရောက်ရှိလာသော နိုင်ငံခြားသားခရီးသွားများအား ရက် ၃၀ ခန့် ပြည်ဝင်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
မဲခေါင်မြစ်အတွင်း လှည့်ပတ်သွားလာလျက်ရှိသော နိုင်ငံခြားသားများလိုက်ပါစီးနင်းသည့် သင်္ဘောတစ်စင်း ပေါ်တွင် ဗိုင်းရပ်စ်ကူး စက်ခံရသူ ဗြိတိန်နိုင်ငံသားသုံးဦး တွေ့ရှိရသည်ဟု ကမ္ဘောဒီးယား အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉၀ ရှိပြီး သေဆုံးသူ ၅၈ ဦးရှိကာ ပြန်လည်သက်သာလာသူ ၃၁ ဦးရှိသည်ဟု မတ် ၂၅ ရက် ဆေးမှတ်တမ်းများအရ သိရသည်။ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်အနေဖြင့် အင်ဒိုနီးရှား အစိုးရက ရောဂါစောင့်ကြည့်လူနာများအား ထားရှိရန် ဂျကာတာမြို့ရှိ အားကစားကျေးရွာကို ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုလျက်ရှိသည်။ အဆိုပါဆေးရုံတွင် လူနာ ၂၂၀၀၀ ခန့် ဆေးကုသမှု ပေးနိုင်ကြောင်း သိရသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာခဲ့သည့်အတွက် ဂျကာတာအုပ်ချုပ်ရေးမှူး အနိက်စ်ဘာဆွီဒန်က မြို့တော် ဂျကာတာကို ရက်သတ္တနှစ်ပတ်တိုင်တိုင် အရေးပေါ်အခြေ အနေ ကြေညာထားသည်။ မြို့တော်အတွင်းရှိ ကုမ္ပဏီ များနှင့် ဖျော်ဖြေရေးစင်တာ များကိုလည်း လုပ်ငန်းများ ယာယီပိတ်သိမ်းရန် တိုက်တွန်းထားသည်။
ထို့ပြင် အာဏာပိုင်များကလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့်နေရာဒေသများရှိ ဒေသခံပြည်သူများအား ရောဂါပိုး ရှိ၊ မရှိဆေး စစ်ချက်များ လျင်မြန်စွာခံယူရန် ဆော်ဩထား သည်။ ရောဂါတွေ့ရှိသူများအနက် ဘိုဂါမြို့တော်ဝန်သည် လည်း တစ်ဦးအပါ အဝင်ဖြစ်သည်။
သမ္မတ ဂျိုကိုဝီဒိုဒိုက ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ (ရူပီး ၄၀ ထရီလီယံ)ကို ပြည်သူများ၏ နေ့စဉ်မဖြစ်မနေ အသုံးပြုရသည့် ပစ္စည်းများအတွက် ထောက်ပံ့ပေးနိုင်ရန် သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အင်ဒိုနီးရှား၏ သက်ဆိုင်ရာ အဖွဲ့ အစည်းများမှ ခွင့်ပြုသည့် ပြည်ဝင်ခွင့်ဗီဇာနှင့် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးအဖွဲ့အစည်းများမှ ထုတ်ပေးထားသည့် ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာများ ပါရှိရမည်ဖြစ်သည်။
ပြည်ဝင်ခွင့်ဗီဇာ တစ်လကင်းလွတ်ခွင့်ပေးထားမှုကို အင်ဒိုနီးရှားအစိုးရက ယာယီဆိုင်းငံ့သွားမည်ဖြစ်သည့် အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်မားသည့် နိုင်ငံ များသို့ သွားရောက်ခဲ့သော ခရီးသွားများအတွက် နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန် စည်းမျဉ်း၊ စည်းကမ်းများကို တင်းကျပ်လျက်ရှိသည်။
လာအိုနိုင်ငံ
လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တတိယမြောက် ကူးစက်ခံရသူတစ်ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု လာအိုတာဝန် ရှိသူများက မတ် ၂၅ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် တွင် ပြောကြားခဲ့သည်။
လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး ကို မတ် ၂၄ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အာဏာ ပိုင်များ ကြေညာ ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ဟိုတယ်ဝန်ထမ်း အမျိုးသားတစ်ဦး နှင့် ၃၆ နှစ်အရွယ် ဧည့်လမ်း ညွှန် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ မတ် ၂၅ ရက်တွင် တွေ့ရှိခဲ့သည့် တတိယမြောက် လူနာသည် အသက် ၂၆ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးဖြစ်ပြီး ပထမဆုံးတွေ့ရှိခဲ့သည့် လူနာတစ်ဦး ၏ သူငယ်ချင်းဖြစ်ကြောင်း အာဏာပိုင် များက ဆိုသည်။ ရောဂါပိုးတွေ့ရှိသူ သုံးဦးအား ဗီယင်ကျန်းမြို့ရှိ ဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိသည်။
၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများအား လန်ပရာ ဘန်စီရင်စုရှိ ဆေးရုံတစ်ရုံတွင် သီးခြားစောင့်ကြည့်လျက်ရှိသည်။ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပြီးနောက် (၁၁)ကြိမ် မြောက် အမျိုးသားအားကစားပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက် ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။ တရုတ်နှင့် မြန်မာနိုင်ငံ နယ်စပ်များဖြစ်သည့် ရွှေတြိဂံဒေသများတွင် ခရီးသွားလာမှုကို ပိတ်ပင်လိုက်ပြီဖြစ်ပြီး တရုတ်နိုင်ငံသို့ လေကြောင်းလိုင်းပြေးဆွဲမှုများကိုလည်း ယာယီဆိုင်းငံ့ ထားကြောင်း သိရသည်။
ရောဂါပျံ့နှံ့မှုကိုထိန်း ချုပ်ရန် နိုင်ငံအတွင်းရှိ စာသင် ကျောင်းများကိုလည်း ပိတ်ပင်ထားသည်။ အမေရိကန် အစိုးရက လာအိုနိုင်ငံ အတွင်း ဗိုင်းရပ်စ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် ကူညီထောက်ပံ့မှုများပေးလျက်ရှိ သည်။
မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံတွင် မတ် ၂၅ ရက် ဆေးမှတ်တမ်းများ အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၇ ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၁၇၉၆ ဦးခန့်ရှိ ကြောင်း သိရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် လူနာ ၁၉၀ ခန့်သည် နိုင်ငံပေါင်းစုံမှ လူပေါင်း ၁၀၀၀၀ ကျော်ပါဝင်သည့် ဘာသာရေးဆိုင်ရာ အခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ် သည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီး ရန် ကန်ဒေါ်လာ ၁၃၅ သန်းကို သုံးစွဲမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ပြောကြားခဲ့သည်။
ရောဂါပျံ့နှံ့မှုကိုကာကွယ်ရန် စင်ကာပူနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသများအပါအဝင် နိုင်ငံ အတွင်း ၁၄ ရက်ကြာ ခရီးသွားလာမှုပိတ်ပင်ခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ ပွဲတော်များ၊ အားကစားပြိုင်ပွဲများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများအပါအဝင် လူစုလူဝေးပြုလုပ်ခြင်းများကို မတ် ၂၅ ရက်မှ ၃၁ ရက်အထိ ရှောင်ကြဉ်ကြရန် မလေးရှား အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။ စာသင် ကျောင်းများကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမ ဆုံးလူနာ နှစ်ဦးကို မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့သည်။ အဆိုပါလူနာနှစ်ဦးမှာ အမေရိကန်နိုင်ငံမှ ပြန်လာသော အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဗြိတိန်နိုင်ငံမှ ပြန်လာသော အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။
မတ် ၂၅ ရက် နံနက် ၁ နာရီ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးရှိသည့် လူနာတစ်ဦးထပ်မံတွေ့ရှိခဲ့သည်။ အဆိုပါ တတိယမြောက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူမှာ အင်္ဂလန် နိုင်ငံမှ ပြန်ရောက်လာသည့် အသက် ၂၆ နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်သည်။ ၎င်းသည် အင်းစိန်ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
နိုင်ငံအတွင်း ရောဂါကူးစက်မှု လျှော့ချသည့်အနေဖြင့် မတ် ၂၇ ရက်တွင် ကျရောက်မည့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တပ်မတော်နေ့ ကို ကျင်းပရန် ရွှေ့ဆိုင်းခဲ့သည်။ကျန်းမာ ရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရာတွင် အသုံး ပြုမည့် အကာအကွယ် ပစ္စည်းများ၊ ဆေးဝါးများ၊ ဓာတ်ခွဲ ခန်းသုံးကိရိယာပစ္စည်းများဝယ်ယူရန် ကန်ဒေါ်လာ နှစ်သိန်းကို သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ခရီးသွားများကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ယာယီပိတ်ပင်ထားသည်။
ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၃၆ ဦးရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်း မတ် ၂၅ ရက် ဆေးမှတ်တမ်းများအရ သိရသည်။ ဗိုင်းရပ်စ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး လုပ်သား ၆၇၀ ကျော်သည် ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ခြင်း ခံနေရသည်။
ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံခြားသားခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင် ထားသည်။ မတ် ၁၉ ရက်မှ ဧပြီ ၁၄ ရက်အထိ စီဘူး ပစိဖိတ်လေကြောင်းလိုင်းက ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ပိတ်ပင်ထားမည်ဖြစ် သည်။ ဖိလစ်ပိုင်လေကြောင်းလိုင်းကလည်း ပြည်တွင်းခရီးစဉ် များကို ပိတ်ပင်ထားသည်။
သမ္မတ ဒူတာတေးက ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်သည့် အနေဖြင့် ဧပြီ ၁၂ ရက်အထိ ပြည်သူများအား နေအိမ် အတွင်းမှာသာနေ ထိုင်ကြရန် တောင်းဆိုခဲ့ပြီး အရေးပေါ် အခြေအနေကြေညာခဲ့သည်။ မဖြစ်မနေဝယ်ယူရမည့် စားသောက်ကုန်များ၊ ဆေးဝါးများနှင့် အခြားမရှိမဖြစ် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူရန်သာ နေအိမ်ပြင်ပသို့ ထွက်ခွင့်ပြုထားကြောင်း သိရသည်။
စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၃ ဦးကို မတ် ၂၅ ရက်တွင် ထပ်မံတွေ့ရှိခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေ ၆၃၁ ဦးရှိပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးအနက် ပထမတစ်ဦးသည် အသက် ၇၅ နှစ်အရွယ် စင်ကာပူနိုင်ငံသူ အမျိုးသမီးဖြစ်ပြီး ဒုတိယတစ်ဦးသည် အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးဖြစ်သည်။
ရောဂါကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် အီတလီ၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများသို့ ၁၄ ရက်အတွင်း ခရီးသွားခဲ့သူ နိုင်ငံခြားသားခရီးသွားများအား ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်ထားသည်။ စင်ကာပူလေကြောင်းလိုင်း ကလည်း အိန္ဒိယနိုင်ငံရှိ မြို့တော်များသို့ ပြေးဆွဲလျက်ရှိ သည့် လေကြောင်းခရီးစဉ်များကို ဧပြီ ၂၆ ရက်အထိ ပိတ်ပင်ထားကြောင်း သိရသည်။ သို့သော် စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်များက ဇိမ်ခံသင်္ဘော များအား စင်ကာပူဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားခွင့်ပြု ထားသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၇ ဦး ထပ်မံတွေ့ရှိသည့်အတွက် စုစုပေါင်း ကူးစက်ခံရသူအရေ အတွက် ၉၃၄ ဦးရှိပြီး သေဆုံးသူနှစ်ဦးရှိကြောင်း မတ် ၂၅ ရက် ဆေးမှတ်တမ်းများအရ သိရသည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီး ရန် ထိုင်းအစိုးရက အရေးပေါ်အခြေအနေတစ်ရပ် ကြေညာထားပြီး ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ် များ ဆောင်ရွက်ရန် ကန်ဒေါ်လာ ၃ ဒသမ ၂၅ ဘီလီယံကို သုံးစွဲမည်ဟု ကတိပြုခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် မလေးရှား၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ဒေသများတွင် ခရီးသွားလာမှုများကို ပိတ်ပင်ခဲ့သည်။
ဘန်ကောက်အုပ်ချုပ်ရေးမှူး အာဆွန် ကွန်မြောင်က ဘန်ကောက်မြို့အတွင်း ခရီးသွားလာမှုများကို မတ် ၂၂ ရက်မှ ဧပြီ ၁၂ ရက်အထိ ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် မြို့တော်အတွင်းရှိ စားသောက် ဆိုင်များ၊ စာသင်ကျောင်းများ၊ ဆံပင်ညှပ်ဆိုင်များ၊ အားကစားရုံများ၊ ဂေါက်ကွင်းများ၊ အနှိပ်ခန်းများကို ပိတ်ပင်ထားပြီး ပါဆယ်ဝယ်ယူ နိုင်သည့် စားသောက်ဆိုင် များ၊ ဈေးဝယ်စင်တာများ၊ ဆေးဆိုင်များနှင့် အစားအစာ ဆိုင်များကို ပိတ်ပင်ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ပြည်ဝင်ခွင့်ဗီဇာများထုတ်ပေးခြင်းကိုလည်း ရပ်ဆိုင်းထားသည်။ ထိုင်းနိုင်ငံသို့ လာရောက်သည့် တရုတ်၊ မကာအို၊ ဟောင်ကောင်၊ အီရန်၊ အီတလီနှင့် တောင်ကိုရီးယားနိုင်ငံများမှ ခရီးသွားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိကြောင်း သက်သေခံသည့် ကျန်းမာရေးထောက်ခံချက်များပြသရန် လိုအပ်မည်ဖြစ် သည်။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၂၄ ရက် ညပိုင်းက ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၁၁ ဦး ထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ရောဂါကူးစက်သူ ၁၃၄ ဦးရှိကြောင်း သိရသည်။
တိုင်းပြည်အတွင်း သံသယလူနာပေါင်း ၁၅၉၆ ဦးရှိပြီး လူပေါင်း ၄၇၀ဝ ခန့်အား ခွဲခြားစောင့်ကြည့်နေကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
ဟိုချီမင်းမြို့ရှိ စားသောက်ဆိုင်များကို မတ် ၃၁ ရက် အထိ ပိတ်ပင်ထားပြီး နိုင်ငံတကာလေကြောင်းလိုင်းများကိုလည်း ယာယီဖျက်သိမ်းထားကြောင်း သိရသည်။
ဧပြီ ၅ ရက်တွင် ကျင်းပမည့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
ရုရှား၊ ဘီလာရုစ်နှင့် ဂျပန်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို မတ် ၂၁ ရက်မှစပြီး ယာယီ ဆိုင်းငံ့ထားသည်။ အမေရိကန်၊ ဥရောပနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားများအနေဖြင့် ဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်ခြင်းခံရ မည်ဖြစ်သည်။ တရုတ်၊ တောင်ကိုရီးယား၊ ဗြိတိန်နိုင်ငံများမှ ခရီးသွားများ သည် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ဆေးစစ်မှုများ ခံယူရမည် ဖြစ်သည်ဟု ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။
အောင်ကျော်ကျော်
ကိုးကား- ASEAN Briefing