Skip to main content

စိတ်အညစ်အကြေးကို ဖြူစင်စေဖို့ဆိုရာဝယ်

အခုဆောင်းပါးမှာ ညစ်နွမ်းနေတဲ့စိတ်၊ တစ်နည်းစိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လို ဖြူစင်အောင် လုပ်ရမလဲဆိုတာကို ရေးသားသွားမှာပါ။ တချို့သောပုဂ္ဂိုလ်တွေကတော့ တရားထိုင်ပါလို့ တိုက်တွန်းမှာပေါ့။ ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ မိမိစိတ်ကိုဆင်ခြင်ခြင်း (Contemplation) ဟာအလွန်အရေးကြီးတယ်၊ တရားထိုင်ပြီး သမာဓိထူထောင်ခြင်း (Concentration) လုပ်တာထက် ပိုမိုအကျိုးရှိစေတယ်လို့တောင် ဟောကြားခဲ့ဖူးပါတယ်။

မြတ်ဗုဒ္ဓရဲ့တရားတော် အနှစ်ချုပ်ဟာ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတဲ့အတိုင်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်ကို ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်နေရခိုက် ဆင်းရဲဒုက္ခတွေ နည်းနိုင်သမျှနည်းအောင် ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စိတ်ထားဖြူစင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မြတ်စွာဘုရားက စိတ်ညစ်နွမ်းနေလို့ရှိရင် အခြေအနေဆိုးတစ်ခု ရင်ဆိုင်ရလိမ့်မယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ စိတ်ညစ်နွမ်းမှုဟာ အပါယ်ငရဲကို ကျစေနိုင်ပြီး စိတ်ညစ်နွမ်းနေရင် လွဲမှားတဲ့အကျင့်ကို ကျင့်လို့ ဒုက္ခကိုသာ မျှော်လင့်ရတယ်၊ စိတ်စင်ကြယ်သန့်ရှင်းပြီး မညစ်နွမ်းဘူးဆိုရင် ချမ်းသာသုခဖြစ်လာနိုင်တယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင် “စိတ်ညစ်နွမ်းရင် ဒုက္ခရောက်တယ်၊ စိတ်ဖြူစင်ရင် ချမ်းသာသုခရနိုင်တယ် လို့ ဆရာတော်ကြီးရဲ့တရားမှာ နာယူခဲ့ဖူးပါတယ်။

ဖြူစင်သောစိတ်ထားအတွက် ပြင်ဆင်ထားရမယ့် အခြေခံအချက်များ

မဂ္ဂင်ရှစ်ပါးတရားတော်မှာ အရေးကြီးဆုံးက အမှန်သိအောင် လုပ်ရမယ်ဆိုတာ အရေးကြီးဆုံးပါ။ အမှန်သိဖို့ဆိုရင် ရှေးဦးစွာစိတ်ဖြူစင်အောင်လုပ်ဖို့ အရေးကြီးတယ်။ စိတ်ဟာ အိမ်မှာသုံးတဲ့ ကြည့်မှန် လိမျိုးမို့ မှန်ကြေးမုံက မှုန်မှုန်ဝါးဝါးမရှိဘဲ ကြည်ကြည်လင်လင်ဖြစ်လေလေ၊ ရုပ်ပုံက ပီပီ ပြင်ပြင်ဖြစ်လေလေဆိုတာမျိုးပါ။ ကိုယ့်စိတ်အခြေအနေက စင်ကြယ်လေလေ၊ မိမိရဲ့သန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို ပီပီပြင်ပြင်မြင်ရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးက စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင် အကုသိုလ် ဒုစရိုက်ဆယ်ပါးကို လုပ်ရမှာ ရှက်တတ်တဲ့၊ ကြောက်တတ်တဲ့စိတ်မျိုး အရင်တည်ဆောက်ပါ။ ပြီးရင် ကာယကံ၊ ဝစီကံနဲ့ မနောကံအားလုံး စင်ကြယ်အောင်လုပ်ရမယ်၊ စားဝတ်နေရေးအတွက် ပြည့်စုံအောင်လုပ်နေရတဲ့ အသက်မွေးမှုစင်ကြယ်အောင်လည်း လုပ်ရမယ်။ နောက်တစ်ချက်ကတော့ စိတ်ဖြူစင်နေဖို့ဆိုရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဣန္ဒြေခြောက်ပါးကို ထိန်းသိမ်း စောင့်ရှောက်ဖို့လိုတယ်။ ထိန်းတယ်ဆိုတဲ့အဓိပ္ပာယ် က မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဣန္ဒြေ ခြောက်ပါး တံခါးခြောက်ပေါက်ကနေပြီး နှစ်သက် စရာဆိုရင် လောဘ၊ မုန်းတီးစရာဆိုရင် ဒေါသ၊ အသိဉာဏ်ကင်းမဲ့လို့ရှိရင် မောဟဖြစ်တတ်တယ်။ ဒါကြောင့် အကုသိုလ်မဖြစ်ရအောင် သတိဆိုတာနဲ့ ဆို့ပိတ်ပြီး အသိပညာနဲ့ ဖယ်ရှားပစ်နေမယ်ဆိုရင် ဣန္ဒြေကို လုံအောင်လုပ်တာလို့ ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။ အစာအာဟာရ စားတဲ့အခါမှာလည်း ဆင်ခြင်တုံတရားနဲ့စားဖို့ လိုအပ်တယ်၊ ကြိုက်လို့ စားတာလား၊ စားသင့်လို့ စားတာလား ဆိုတဲ့နှစ်ခုအနက် ခန္ဓာကိုယ်ကြီး တည်တံ့ဖို့၊ အသက်ရှည်ဖို့နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်ကိုသိပြီးတော့ အတိုင်းအတာနဲ့ စားရမယ်လို့လည်း ဆရာတော်ကြီးက ဟောကြားတော်မူခဲ့ပါသေးတယ်။

စိတ်အညစ်အကြေးကို ဖယ်ရှားတဲ့အခါမှာ ကိလေသာနဲ့ အကုသိုလ်ဖြစ်စေတဲ့ နီဝရဏတရား ငါးပါးကို နိုးနိုးကြားကြား၊ ကြိုးကြိုးစားစားနဲ့ ဖယ်ရှားနေရမယ်၊ မေ့မေ့လျော့လျော့မနေရဘူး၊ လုပ်ချင်တဲ့အခါလုပ်၊ မလုပ်ချင်တဲ့အခါနေဆိုတာမျိုး မဟုတ်ဘဲ လုပ်ရမယ်။ အဲဒီနီဝရဏတွေဟာ စိတ် ပူပန်ဆင်းရဲစေတတ်ပြီး ပညာဉာဏ်တွေကို အားပျော့သွားစေတယ်၊ မှုန်ဝါးသွားစေတယ်၊ မှုန်ဝါး သွားတဲ့အသိဉာဏ်နဲ့ ဘယ်လိုမှ မှန်မှန်ကန်ကန်မမြင် နိုင်တော့ဘူး၊ သဘာဝကို မမြင်နိုင်ဘူး၊ ဒါကြောင့်မို့ အသိဉာဏ်ကို မှုန်ဝါးအားပျော့သွားစေနိုင်တဲ့ ဒီစိတ်ရဲ့အညစ်အကြေးတွေကို ဖယ်ရှားပစ်ရမယ်လို့လည်း ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။

နီဝရဏတရားငါးပါး

စိတ်ရဲ့ အညစ်အကြေးတွေ ခြုံငုံနေတဲ့ နီဝရဏ တရားငါးပါးမှာ ပါဝင်တာတွေက အဘိဇ္စျာဆိုတဲ့ အာရုံတစ်ခုခုကြောင့် လိုချင်တပ်မက်စိတ်ဖြစ်ပေါ်တတ်တဲ့ တဏှာလောဘဖြစ်လာတာမျိုး၊ ဗျာပါဒ ဆိုတဲ့လူတွေက ကောင်းတာနဲ့တွေ့ရင် လောဘဖြစ်သလို မကောင်းတာနဲ့တွေ့ရင် ဒေါသဖြစ်တာမျိုး၊ ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်စိတ်၊ ထိုင်းမှိုင်း၊ စိတ်ဓာတ်တွေ ကျနေတာမျိုး၊ ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ အာရုံ တစ်ခုတည်းမှာ စိတ်ကိုစုစည်းမရတာ၊ စိတ်တွေ လွင့်ပျံ့နေတာ၊ တွေးပြီးတော့ စိတ်ပူနေတာ၊ စိတ်မကောင်းဖြစ်နေတာမျိုးနဲ့ ဝိစိကိစ္ဆာဆိုတဲ့ ကုသိုလ်တရားနဲ့ပတ်သက်ပြီး သို့လော သို့လော တွေးတောတာ၊ သံသယဖြစ်နေတာနဲ့ အမှားအမှန်ကို မသိတာမျိုးတို့ပဲဖြစ်ပါတယ်။ တူညီတဲ့ ဖယ်ရှား နည်းကတော့ အဲဒီအကြောင်းအရာနဲ့စပ်လျဉ်းပြီးဟောပြောပေးနိုင်မယ့် ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းရှိရမယ်၊ သင့်တင့်လျောက်ပတ်တဲ့ တရားစကားကို နာယူမှတ်သားဖို့ လည်း လိုတယ်လို့ ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။ တစ်ခုချင်းအလိုက် ဖယ်ရှားရမယ့် နည်းလမ်းတွေကတော့-

(၁) အဘိဇ္စျာဆိုတဲ့တဏှာဟာ မျက်စိနဲ့ အာရုံတစ်ခုခု မြင်လိုက်လို့ရှိရင် အဲဒီအာရုံပေါ်မှာ တွေးနေ တတ်တယ်လေ၊ ကိုယ်ကြိုက်တာလေးမြင်လိုက်တယ်ဆိုရင် လှလိုက်တာ၊ လိုချင်လိုက်တာဆိုပြီး စိတ်ကတောင် မဟုတ်တော့ဘဲ နှုတ်ကတောင် ထုတ်ပြောမိလာတယ်။ နောက်ဆုံးတော့ ရအောင်ကြိုးစားတယ်။ ဒါကြောင့် အာရုံတစ်ခုမှာ ငြိလိုက်ရင် အဲဒီအာရုံကို လိုချင်တဲ့လောဘ အတွေးကို မဖြစ်စေနဲ့၊ သတ္တဝါအပေါ် တွယ်တာမှုကို အသုဘဘာဝနာနဲ့ ဖယ်ရှားပစ်ရမယ်။

(၂) ဗျာပါဒဆိုတဲ့ ကောင်းတာနဲ့တွေ့ရင် လောဘဖြစ်သလို မကောင်းတာနဲ့တွေ့ရင် ဒေါသဖြစ်လာခဲ့ရင် ကြည်လင်အေးမြတဲ့စိတ်၊ ခွင့်လွှတ်သည်းခံပြီး အကျိုးစီးပွားကို လိုလားတဲ့စိတ်နဲ့ နေနိုင် အေင် ကြိုးစားရမယ်။ ဗျာပါဒဆိုတဲ့ ဒေါသကို ဖယ်ရှားနိုင်ဖို့ မေတ္တာရဲ့အာရုံနိမိတ်ယူပြီး ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ် (လိင်တူသူ) အပေါ် မေတ္တာဘာဝနာပွားရမယ်။ မေတ္တာရဲ့ အကျိုး ကျေးဇူးကို ဆင်ခြင်စဉ်းစားသလို ဒေါသရဲ့အပြစ်ကို ဆင်ခြင်စဉ်းစားခြင်းဖြင့်လည်း ဗျာပါဒဆိုတဲ့ စိတ်အညစ်အကြေးကို ဖယ်ရှားနိုင်တယ်လို့ ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။

(၃) ထိန မိဒ္ဓဆိုတာ အိပ်ချင်စိတ်၊ ထိုင်းမှိုင်း၊စိတ်ဓာတ်တွေ ကျနေတာမျိုးဖြစ်နေရင် အသိဉာဏ်လည်း လျော့ကျသွားတယ်၊ အိပ်ချင်လာပြီဆိုရင် ကြေးမုံပြင်ကြီး မှုန်ဝါးလာသလိုမျိုး ပီပီပြင်ပြင် မမြင်တာမျိုးမဖြစ်ရအောင် ပီပီပြင်ပြင်မြင်နိုင်ဖို့ရာ စိတ်ထဲမှာ အလင်းရောင်ကို တည်ဆောက်ရမယ်၊ အမှောင်ထဲမှာနေရင် အိပ်ချင်တယ်၊ ကြောက်တဲ့သူဆိုရင်လည်း ကြောက်တယ်၊ အလင်းရောင်ကို နှလုံးသွင်းထားနိုင်ရင် အကြောက်ပြေမယ်၊ စိတ်မှာ ရှင်းလင်းလာမယ်။

(၄) ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတဲ့ အာရုံတစ်ခုတည်းမှာ စိတ်ကို စုစည်းမရတာ၊ စိတ်တွေ လွင့်ပျံ့နေတာ၊ တွေးပြီးတော့ စိတ်ပူနေတာ၊ စိတ်မကောင်းဖြစ်နေတာမျိုးဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီး ပစ်တတ်လို့ စာဖတ်တာမျိုးနဲ့ သိချင်တာတွေ စူးစမ်းခြင်းဖြင့် ဗဟုသုတရှာမှီးရမယ်။ မေးခွန်း မေးဖို့ စဉ်းစားရမှာဖြစ်လို့ မေးခွန်းမေးတတ်တဲ့ အလေ့အထလုပ်ရမယ်။ ဆုံးမတဲ့အချက်အလက်တွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တာတွေကို ကျွမ်းကျင်လိမ္မာအောင် လုပ်ရမယ်။ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေထံ ဆည်းကပ်ပြီး ဗဟုသုတရှာမှီးတာကနေ စိတ်ငြိမ်းချမ်းမှုရစေတယ်လို့ ဆရာတော်ကြီးက ဟောကြားခဲ့ပါတယ်။

(၅) ဝိစိကိစ္ဆာဆိုတာ ကုသိုလ်တရားနဲ့ ပတ်သက်ပြီး သို့လော သို့လော တွေးတောတာ၊ သံသယ ဖြစ်နေတာနဲ့ အမှားအမှန်ကို မသိတာတို့အပေါ် ဗဟုသုတဆည်းပူးရမယ်၊ မေးမြန်းတတ်ရမယ်၊ အဆင့်မြင့်တဲ့ မေးခွန်းထုတ်နိုင်ရမယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွမ်းကျင်လိမ္မာမှုရှိရမယ်။ အရာရာဆုံးဖြတ် နိုင်ရမယ်၊ ဆုံးဖြတ်တတ်တဲ့ အလေ့အကျင့် ရှိရမယ်။

နီဝရဏတရားတွေကို မြတ်စွာဘုရားက ဥပမာနဲ့ ဟောထားတယ်၊ အဘိဇ္စျာလောဘဟာ ကြွေးနဲ့တူတယ်တဲ့၊ မဆပ်နိုင်သေးသမျှ ကြွေးရှင်ရှေ့ရောက်ရင် ကြွေးတင်နေတဲ့သူဟာ ပြားပြားဝပ်နေရတယ်၊ ကျေနပ်အောင် လုပ်ပေးရတယ်။ ဒီကြွေးရှိနေ သမျှ ကာလပတ်လုံး စိတ်မအေးနိုင်ဘူး။ သူများကြွေးတွေ မရှိတော့ဘူးဆိုမှ လက်မထောင်နိုင်မှာဖြစ်လို့ အဲဒါတွေကို စိတ်ထဲကနေ ဖယ်ရှားပစ်ပြီး ကြွေးကင်းတဲ့လူလို ခံစားရလိမ့်မယ်၊ ဒါမှမဟုတ်လို့ အဲဒါတွေရှိနေရင် ကြွေးတင်နေတဲ့ပုဂ္ဂိုလ်လိုအရာရာမှာ အရှုံးပေးနေရတယ်။

ဗျာပါဒကတော့ ရောဂါနဲ့တူတယ်။ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စားမဝင် အိပ်မပျော်ဖြစ်နေသလိုမျိုး စိတ်ဆိုးဒေါသထွက်နေတဲ့သူဟာလည်း ထိုနည်းအတိုင်းပဲဖြစ်နေမယ်။ ရောဂါပျောက်လို့ ကျန်းမာလာတဲ့ပုဂ္ဂိုလ် တစ်ယောက်လို ခံစားပျော်ရွှင်နိုင်ဖို့ ဗျာပါဒဆိုတဲ့ စိတ်အညစ်အကြေးကို ဖယ်ရှားပစ်နိုင်အောင် ကြိုးစားပါ။ ကိုယ်စိတ်ထိုင်းမှိုင်းခြင်းဆိုတဲ့ ထိနမိဒ္ဓကတော့ ထောင်ကြီးနဲ့တူတယ်။ ထောင်ကျနေတဲ့ လူတစ်ယောက်ဟာ ဘာပွဲလမ်းသဘင်မှ ပါဝင်ခွင့်မရှိတာမျိုး၊ သံသရာကြီးထဲမှာ အလွန်ကိုအိပ်ချင်နေတဲ့ အိပ်မောကျနေတဲ့လူဟာ ကောင်းတာကိုလည်း မသိနိုင်တော့လို့ သစ္စာတရားနာခွင့်ရမှာ မဟုတ်ဘူး။ ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတာ စိတ်လေနေခြင်း၊ သံသယဝင်နေခြင်းကြောင့် ကျွန်ဘဝနဲ့တူပြီး ဘာမှမလွတ်လပ်၊ အရှင်သခင်တွေ ခိုင်းတာပဲလုပ်ရတယ်။ ကိုယ့်ကိုယ်ကိုယ် မပိုင်တဲ့ဘဝဖြစ်လို့ ဘာမှဆုံးဖြတ်ခွင့် မရှိဘူး။ ဒါတွေလွှမ်းမိုးနေရင် ဘာတရားရဲ့အရသာကိုမှ ခံစားနိုင်မှုမရှိတာမျိုးပေါ့။ ကျွန်ဘဝက လွတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုင်လာတဲ့ ပုဂ္ဂိုလ်မှသာ ကိုယ့်ဟာကို ရွေးချယ်လာနိုင်ပြီးတော့ ကောင်းနိုး ရာရာလေးသိရှိလာနိုင်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာရမယ်။ ဝိစိကိစ္ဆာဟာ ကန္တာရခရီးကြီးနဲ့ တူတယ်။ လူဆိုးဓားပြတွေ အလွန်များတဲ့ကန္တာရ ခရီးကြီးထဲ သွားရသလို ကိုယ့်မှာပါတဲ့ ရတနာတွေကို အလုခံရမှာ ကြောက်နေရသလို အမြဲတမ်းသံသယနဲ့ ဘယ်နားမှာများ တွေ့မတုံးဆိုပြီး စိတ်စနိုးစနောင့်ဖြစ်နေလိမ့်မယ်။ ဝိစိကိစ္ဆာ ဖယ်ရှားပစ်လိုက်လို့ရှိရင် ကုသိုလ်ကောင်းမှုထဲမှာ စိတ်ဟာအေးချမ်းသွားလိမ့်မယ်ဆိုပြီး မြတ်စွာဘုရားက ဟောကြားခဲ့တယ်လို့ ဆရာတော်ကြီးရဲ့ တရားတော်မှာ နာယူခဲ့ရဖူးပါတယ်။

ဒါကြောင့် ကြွေးနဲ့တူတဲ့ အဘိဇ္စျာတဏှာ လောဘ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိန မိဒ္ဓ၊ ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကန္တာရနဲ့ တူတဲ့ ဝိစိကိစ္ဆာ စတဲ့စိတ်ရဲ့အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားနေမှသာ သစ္စာလေးပါးကို မြင်နိုင်မှာ၊ နိဗ္ဗာန်ကို မြင်နိုင်မှာဖြစ်တယ်။ ဝိသာခါဟာ ခုနစ်နှစ်သမီးအရွယ်သာ ရှိသေးပေမယ့်လည်း တရားနာရုံနဲ့ သောတပန်ဖြစ်သွားတယ် ဆိုတာက ဒါတွေကို ဖယ်ရှားသွားနိုင်ပြီး ကြည်ကြည် လင်လင်ပီပီပြင်ပြင်မြင်နိုင်ခဲ့လို့သာ ဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့တရားတော်မှာ နာယူခဲ့ရဖူးပါတယ်။

အထင်အမြင်နှင့်အစွဲ (Perception နှင့် Bias)

စိတ်အညစ်အကြေးကို ဖယ်ရှားတဲ့အခါမှာ အခြားသူတွေအပေါ်မှာ လွယ်လွယ်နဲ့ အထင်အမြင် မမှားတတ်စေဖို့ အတွက်လည်း မိမိကိုယ်ကို ပြုစုပျိုးထောင်ထားရပါမယ်။ ဘာလို့လဲဆိုတော့ လူတွေ မှာ Perception နဲ့ Bias ဆိုတာရှိပါတယ်။ အကြောင်းအရာတစ်ခုခုကို တွေ့မြင်ကြားသိလိုက် ရတာနဲ့ပဲ မိမိရဲ့အထင်နဲ့အမြင် (Perceptions) ကို အခြေခံပြီး မိမိရဲ့ရှိရင်းအစွဲ (Biases) တွေနဲ့ ပေါင်းလိုက်ပြီးတော့ Correspondent Inferences လို့ခေါ်တဲ့ လိုသလိုကောက်ချက်ဆွဲတတ်ပါတယ်။ ကိစ္စရပ်တိုင်းမှာ တစ်ခါတည်းနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ Internal Cause ကြောင့်ဖြစ်မယ်ဆိုပြီး ကောက်ချက်တန်းမချ သင့်ဘဲ External Factor ကြောင့် ဖြစ်နိုင်သေးတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် အချိန်နောက်ကျပြီး ရောက်လာရုံလေးနဲ့တော့ ဒီလူဟာ တော်တော်အချိန်မလေးစားတတ်သူလို့ တန်းပြီးကောက်ချက် မချသေးဘဲ ပြင်ပက အကြောင်းတရားတွေဖြစ်တဲ့လမ်းမှာ ယာဉ်ကြောပိတ်နေတာလား၊ ကားပျက်နေတာလား စသည်ဖြင့် အရင်စဉ်းစားပါ၊ အဲဒါကြောင့် မဟုတ်ဘူးဆိုရင်တောင်မှ အခြားသော ချိန်းဆိုမှုမျိုးမှာရော သူနောက်ကျတတ်လေ့ရှိလားပေါ့၊ ခဏခဏနောက်ကျတတ်တာလား၊ ကျန်တဲ့သူတွေရော ဒီလိုပဲနောက်ကျတတ်လား စသည်ဖြင့် ဘက်ပေါင်းစုံက စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တာပေါ့။ အထင်အမြင်မှားလွယ်တဲ့အစွဲ Perceptional Biases ၇ ချက်ရှိပါတယ်-

(၁) ပင်ကိုရှိရင်း အကြောင်းခြင်းရာကြောင့်လို့ ယူဆချက်အမှား (Fundamental Attribution Error) ကြောင့် ပြင်ပသက်ရောက်မှုကို လုံးဝထည့်သွင်းမစဉ်းစားဘဲ လူတစ်ဦးတစ်ယောက်ရဲ့ အတွင်းပင်ကိုဗီဇကြောင့်လို့ မှားယွင်းစွာ ကောက်ချက်ချခြင်းမျိုးကို အလုပ်ခွင်ထဲမှာရော၊ အင်တာဗျူးနဲ့ လူစိစစ်ရွေးချယ်ရာမှာရော မကြာခဏတွေ့ရှိနေရပါတယ်။ ပြင်ပအကြောင်းခြင်းရာကိုပါ ထည့်သွင်းစဉ်းစားနေရင် ရှုပ်ထွေးခက်ခဲမှာစိုးရိမ်ပြီး ဦးနှောက်ကို အပင်ပန်းမခံချင်လို့ ဖြစ်ရတာပါ။

(၂) ကိုယ်ရောင်ကိုယ်ဝါရဲ့ သက်ရောက်မှု (Halo Effect) မှာ သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Horn Effect ဆိုတာရှိပါသေးတယ်။ Negative Horn Effect ကို Devil Effect လို့လည်း ခေါ်နိုင်ပါ တယ်။ ဘယ်လိုလဲဆိုတော့ မိမိစိတ်နဲ့ အကြိုက်မတွေ့သူတစ်ယောက် အလုပ်ခွင်မှာ တစ်ခုခု အမှားလုပ်မိတာလေးနဲ့ပဲ ဒီလူအလုပ်လုပ်တာ ပုံကိုမလာဘူးဆိုတာမျိုးပါ၊ အရင်တစ်ခေါက် သူဘယ်လောက်တော်နေနေပေါ့။ အဲဒါနဲ့ဆန့်ကျင် ဘက် Positive Horn Effect ကို Halo Error လို့လည်းခေါ်ပါတယ်။ မိမိကြိုက်တဲ့သူများတစ်ခုလောက်လေး ကောင်းအောင်လုပ်ပြနိုင်တာနဲ့ကို သူ့လောက်တော်တဲ့၊ တတ်တဲ့သူ မရှိတော့ သလိုမျိုး အကဲဖြတ်တတ်တာမျိုးဖြစ်ပါတယ်။

(၃) သူတော်ချင်းသတင်းလွေ့လွေ့ဖြစ်မှု (Similar to Me Effect) မှာ သူနဲ့အကြိုက်ဝါသနာတူတဲ့ သူကို မနှစ်ခြိုက်တာမျိုးလည်း ရှိတတ်ပေမယ့် အဲဒါမျိုးက တော်တော်တော့ရှားပါတယ်။

(၄) လိုချင်တာကိုသာ ကြိုရွေးထားမှု (Selective Perception) နဲ့ ဆက်နွှယ်တဲ့အကောင်းဆုံး ဥပမာတစ်ခုကတော့ ၁၉၂၀ ပြည့်နှစ်မှာ ကားထုတ်လုပ်သူတွေထဲမှာ ဆရာ့ဆရာကြီး ဟင်နရီဖို့ဒ် မှားခဲ့တဲ့အမှားပါ။ ဒီလောက် Vioionary ကောင်းတဲ့သူမျိုး ဘယ်လိုဖြစ်ရတာလဲပေါ့။ သူက ပုံစံသစ်ကားအမျိုးအစား ထုတ်လုပ်နေတဲ့ Production Line ကို ပိတ်ပစ်လိုက်ပြီး လက်ရှိလူကြိုက်များဆဲဖြစ်နေတဲ့ မိုဒယ်မှာပဲ ပုံအောမယ်ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ လူတွေဟာ ပိုက်ဆံပိုရှိလာသလို ပိုကောင်းတဲ့ ဇိမ်ခံကားစီးနိုင်ဖို့အတွက် အချိန်ပေးပြီး စောင့်ဆိုင်းနိုင်တယ်ဆိုတဲ့အပေါ် သူကြိုတင်မစဉ်းစားနိုင်ခဲ့တာကြောင့် သူအများကြီး ကြိုထုတ်လုပ်ထားမိတဲ့ အမည်းရောင်ပုံစံဟောင်းကားတွေ ဈေးကွက်မှာ အရောင်းထိုင်းပြီး ပုပ်ကုန်သိုးကုန်လို ဖြစ်ခဲ့ရတယ်လေ။ ဒါကြောင့် ဟိုးခပ်ဝေးဝေး Look Beyond အထိ မြင်အောင်ကြည့်တတ်ဖို့လည်း လိုအပ်တာပေါ့။

(၅) ပထမဆုံး အကဲဖြတ်ထားမှုအပေါ် ကိုင်စွဲထားတဲ့ အမှား (First Impression Error) နဲ့ ဆက်နွှယ်တဲ့ သုတေသနပြုမှုတစ်ခုအရ လူတွေ့အင်တာဗျူးမတိုင်မီ ဖိုင်ထဲမှာပါတဲ့ အချက်အလက်အရ ကြိုပြီးအကဲဖြတ်ထားလိုက်တာမျိုးမှာ ကောင်းတယ်လို့ ထင်ထားတဲ့သူနဲ့ လူတွေ့စစ်ဆေးချိန်မှာ ပိုပြီးအဆင်ပြေချောမွေ့တယ်၊ ညံ့တယ်လို့ ထင်ထားတဲ့သူတွေကို ဗျူးတဲ့အခါ မကျကျအောင်ကို ချပစ်တတ်ကြတာမျိုးအထိ တွေ့ရှိခဲ့ပါတယ်။

(၆) ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိမှု (Self-fulfilling Prophesies) မှာ Pygmalion Effect ဆိုတာရှိပြီး Rosenthal Effect လို့လည်း ခေါ်တယ်။ တော်တယ်လို့ ကြိုမျှော်လင့်ထားတဲ့ သူရဲ့စွမ်းဆောင်ရည်ကို ကောင်းမယ်လို့သာ အကဲဖြတ်တတ်လေ့ရှိပြီး အဲဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Golem Effect အရ မတော်ဘူးလို့ ထင်ထားတဲ့သူဆိုရင် ဘယ်လိုပဲလုပ်ပြနိုင်နိုင် မကောင်းဘူးပေါ့။ သုတေသနပြုမှုတစ်ခုမှာ အမှတ်တစ်ရာအပြည့်ရထားတဲ့ အတော်ဆုံးသူတွေရော၊ အလယ်အလတ်နဲ့ ခပ်ညံ့ညံ့လူတွေရော အားလုံးကို ရောသမမွှေပြီး အုပ်စုသုံးစု ဖွဲ့ပေးလိုက်တယ်။ ပြီးတော့မှ အမှတ်ပေးရမယ့် နည်းပြတွေကို ဒီအုပ်စုက The Best၊ ဒါကတော့ အလယ်အလတ်၊ ဒါကတော့ အညံ့တွေဆိုပြီး အကဲဖြတ်ခိုင်းလိုက်ပါတယ်၊ အကောင်းဆုံး တွေဆိုတဲ့အုပ်စုပဲ အမှတ်အများဆုံးရသွားတာမျိုး တွေ့ရှိခဲ့ပါတယ်။

(၇) ပုံသေကားကျမှတ်ယူတတ်မှု (Stereotypes) ကြောင့် အဆိုးနဲ့အကောင်း ရလဒ်နှစ်ခု ထွက်တတ်ပါတယ်။ အကောင်းထင်ထားရင် Stereotype ကြောင့် ကောင်းမှာဖြစ်သလို၊ အဆိုးထင်ထားလို့ကတော့ အဆိုးပဲဖြစ်မှာပါ။ လူတိုင်းမှာ အဲဒီလိုပြဿနာမျိုးရှိနိုင်တယ်ဆိုတာ သဘောပေါက်ဖို့လည်း လိုအပ်ပါတယ်။ လူတွေဟာ ယေဘုယျအားဖြင့် ပျင်းတတ်ကြတော့ ဦးနှောက်ကို အားသိပ်စိုက်မထုတ်လိုကြဘူးလေ။ သေချာစဉ်းစားတွေးခေါ်ဆုံးဖြတ်ရမယ့်အစား ခပ်ပေါ့ပေါ့၊ ခပ်လွယ်လွယ်တွေးပြီး ကောက်ချက်ချတတ်လို့ပဲ ဖြစ်ပါတယ်။

အဂတိတရားလေးပါး

စိတ်အညစ်အကြေးကို ဖယ်ရှားတဲ့အထဲမှာ မိမိရဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်၊ လုပ်ကိုင်ဆောင်ရွက်မှု တွေဟာ အဂတိတရားလေးပါး ကင်းစင်နေဖို့လည်း လိုအပ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ သိင်္ဂါလ လုလင်ကို မဟာကရုဏာတော်မြတ်နဲ့ ရှောင်ကြဉ်ရမယ့် ကမ္မကိလေသတရားလေးပါးကို ပြညွှန်တော်မူခဲ့ပြီး အဂတိတရားလေးပါးကို မလိုက်စားအပ်ကြောင်း ဆုံးမတော်မူခဲ့ပါတယ်။

အဲဒီ အဂတိတရားလေးပါးကတော့ (၁) ဆန္ဒာ ဂတိ (၂) ဒေါသာဂတိ (၃) မောဟာဂတိ (၄) ဘယာ ဂတိတို့ပဲဖြစ်ပါတယ်။ ပုထုဇဉ်ဖြစ်ကြတဲ့ လူသားတွေအနေနဲ့ ကိစ္စရပ်တစ်ခု၊ အကြောင်းခြင်းရာတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးနဲ့စပ်လျဉ်းပြီး ဆုံးဖြတ်ဆောင်ရွက်ရမယ့် အချိန်မှာ အဂတိတရားလေးပါး (Corrupted Bias) လို့ ခေါ်တဲ့ ညစ်နွမ်းမှုရှိနေတဲ့ အစွဲတွေကို ရှောင်ရှားနိုင်မှသာ လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောဆို၊ လုပ်ကိုင်ရတဲ့အခါ မှန်ကန်စွာပြုမူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်-

(၁) ဆန္ဒာဂတိ (ချစ်ခင်လို့ မလိုက်သင့်တဲ့ဘက်ကို လိုက်တာ၊ မပြုသင့်တာကို ပြုတာမျိုး)။ ဆွေမျိုး တော်စပ်လို့ဖြစ်ဖြစ်၊ ရင်းနှီးခင်မင်လို့ဖြစ်ဖြစ်၊ ချစ်ခင်အောင် လိုက်လျောခံရလို့ဖြစ်ဖြစ်၊ တံစိုး လက်ဆောင် လာဘ်လာဘယူပြီးဖြစ်ဖြစ် မိမိရဲ့ တာဝန်ဝတ္တရား၊ ကိုယ်ကျင့်တရားတို့ကနေ တိမ်းစောင်းချွတ်ချော်ပြီး မပြုသင့်၊ မပြုအပ်တာကို ပြုတာမျိုးဖြစ်ပါတယ်။

(၂) ဒေါသာဂတိ(စိတ်ဆိုးလို့ မလိုက်သင့်တဲ့ဘက်ကို လိုက်တာ၊ မပြုသင့်တာကို ပြုတာမျိုး)။ မုန်းတီး တာရယ်၊ ရန်ငြိုးထားတာရယ်၊ အာဃာတထားတာရယ် စတဲ့အရာတွေအပေါ် အခြေခံပြီး မိမိပြုလုပ်ရမယ့်အရာကို သမာသမတ်မရှိဘဲ လျော်ညီစွာ ကျင့်ရမယ့်တရားထုံးတမ်းကနေ တိမ်းစောင်းချွတ်ချော်သွားတာမျိုး ဖြစ်ပါတယ်။

(၃) မောဟာဂတိ (ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေတာကြောင့် မလိုက်သင့်တဲ့ဘက်ကို လိုက်တာ၊ မပြုသင့်တာကို ပြုတာမျိုး)။ အမှန် နှင့်အမှား၊ အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်၊ သမ္မာနှင့် မိစ္ဆာ၊ ဓမ္မနှင့် အဓမ္မတို့ကို ခွဲခြမ်းဝေဖန် စိစစ်ဉာဏ်ကင်းမဲ့တာကြောင့် တာဝန်ဝတ္တရားနဲ့အညီ ဖြောင့်မတ်စွာ မဆောင်ရွက်တာမျိုးဖြစ်ပါတယ်။

(၄) ဘယာဂတိ (ကြောက်ရွံ့လို့ မလိုက်သင့်တဲ့ဘက် ကိုလိုက်တာ၊ မပြုသင့်တာကိုပြုတာ)။ အကြောက်တရားရဲ့ ဖိစီးနှိပ်စက်မှုကြောင့် လူ့အားမာန်၊ လူ့သတ္တိကင်းမဲ့စွာနဲ့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ခြိမ်းခြောက် အကျပ်ကိုင်နေတဲ့ အဓမ္မဝါဒီအင်အားစုတို့ရဲ့ အလိုကျ အမှန်တရားကနေ ကင်းကွာဆန့်ကျင်ပြီး ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။

အဂတိတရားလိုက်စားတာနဲ့ ပတ်သက်တဲ့ အကျိုးအပြစ်ကတော့ “အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူဟာ လဆုတ်အခါ လမင်းရဲ့ အရောင်အဝါဟာ တစ်နေ့တခြားလျော့ပါးဆုတ်ယုတ် တာမျိုးလို စည်းစိမ်ဥစ္စာနဲ့တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့ဟာ လျော့ပါးဆုတ်ယုတ်တတ်ပါတယ်။ အဂတိတရားလေးပါးကို မလိုက်စားမပြု ကျင့်သူဟာ လဆန်းအချိန်အခါမှာ လမင်းရဲ့အရောင် အဝါဟာ တစ်နေ့တခြားထွန်းလင်း တောက်ပသလိုမျိုး ကျက်သရေ၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတို့ဟာ တစ်နေ့တခြား ကျော်ကြားတိုးတက်ပေါ်လွင် ထင်ရှားမှာဖြစ်တယ် လို့ ဗုဒ္ဓဘာသာရေးအဆုံးအမတွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါကြောင်း။     ။

မောင်မောင်လင်း