Skip to main content

ကလေးလုပ်သားပပျောက်ဖို့ လူတိုင်း ကူညီပါဝင်စို့

အောင်ထက်လင်း (ကြိမ်ချောင်း)

မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ အသက်(၁၈)နှစ်မပြည့်သေးသောသူများကို ကလေးသူငယ်ဟု ခေါ်ဆိုသည်။ ကျန်းမာရေးရှုထောင့်အရ ကလေးတစ်ယောက်အတွက် အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ်ကလေးဘဝသည် အလွန်အရေးကြီးသည်။ ထိုအရွယ်များသည် ကလေးများ၏ အနာဂတ်ကျန်းမာရေးကြီးထွားခြင်းနှင့် ဖွံ့ဖြိုးခြင်းတို့၏ အခြေခံများဖြစ်သည်။ ကလေး ပြုစုစောင့်ရှောက်သူများ၏ ဂရုစိုက်မှု၊ ချစ်ခင်ကြင်နာမှု၊ အားပေးခံရမှုနှင့် နိုးကြားအောင် ပြုလုပ်ပေးမှုတို့နှင့်အတူ အာဟာရဓာတ်များ ပြည့်ဝစွာစားသောက်ရခြင်း၊ ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုများရရှိခဲ့ပါက ကလေးသူငယ်များသည် လျင်မြန်စွာဖွံ့ဖြိုးပြီး ပို၍မြန်ဆန်စွာ သင်ယူနိုင်သည်။ ကလေးဘဝအရွယ်တွင် ဂရုစိုက်မှုနှင့် ကြင်နာမှုများရရှိခြင်းသည် ကလေးကိုရှင်သန်ကြီး ထွားစေသည်။ ထို့ပြင် ကလေးကို ပွေ့ချီထွေးပိုက်ခြင်း၊ စကားပြောခြင်း၊ ချော့မြှူခြင်းတို့သည် ကလေးကို ကြီးထွားမှုဖြစ်စေပြီး စိတ်ခံစားမှုကို ဖွံ့ဖြိုးတိုးတက်စေသည်။ လသားအရွယ်များအတွက် မိခင်နို့ကိုဆာတိုင်းတိုက်ကျွေးပေးခြင်းသည် ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုရရှိစေသည်။

မိဘဆရာပူးပေါင်း ကလေးပညာကောင်း

ကလေးသူငယ်များသည် နိုင်ငံတော်အတွက် ကောင်းမွန်သော လူသားအရင်းအမြစ်များ ဖြစ်သည်။ ထိုကလေးသူငယ်များ၏ဘဝကို တည့်မတ်အောင်လမ်းကြောင်းပေးရမည်မှာ မိဘများသည် အဓိကဖြစ်သည်။ မိဘများကဲ့သို့ ဒုတိယအရေးကြီးသည်မှာ ဆရာ ဆရာမများ ဖြစ်သည်။ မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆိုသည့် စကားနှင့်အညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေး သူငယ်များကို မြှင့်တင်ပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်က ကလေးငယ်များ စောင့်ရှောက်မြှင့်တင် ရေးဆိုင်ရာအတွက် အလေးထားရမည့် ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး အခမဲ့ပညာ ရေးစနစ်ကို ချမှတ်ပေးထားပြီးဖြစ်သည်။ ကလေးသူငယ်မှန်သမျှသည် အနာဂတ်ကို ပုံဖော်ကြရာတွင် အနာဂတ်ကိုကောင်းမွန်အောင် ဖန်တီးနိုင်သလို ဆိုးရွားအောင်ဖန်တီးနိုင်ကြသည်။ ကောင်းမွန်သော အနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရန်အတွက် မျက်မှောက်ကာလရှိ ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် နိမ့်ကျနေသော ကလေးသူငယ်များကိုလည်း စောင့်ရှောက်ကူညီဖေးမပေးကြရမည် ဖြစ်သည်။

ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့်ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ကလေးသူငယ်တို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုမှာ ဆက်စပ်လျက်ရှိသည်။ နိုင်ငံ တကာတွင် ကလေးအလုပ်သမားများ ပေါများရခြင်း၏ အကြောင်းရင်းခံမှာ ဆင်းရဲနွမ်းပါးမှုအခြေအနေများကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းစစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်း တိုးလာသည်နှင့်အမျှ နိုင်ငံများတွင် ကလေးအလုပ်သမားအနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပေါ်လာစေနိုင်သည်။ ကလေးသူငယ် ၁ဝ ဦးတွင် တစ်ဦးသည် ကလေးအလုပ်သမား ဖြစ်နေသည်။ ၂၀၁၆ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် ကလေးအလုပ်သမား ၁၅၂ သန်းရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ကလေးအလုပ်သမား သန်း ၁၆ဝ ရှိလာသဖြင့် လေးနှစ်တာကာလအတွင်း ရှစ်သန်းကျော် တိုးလာသည်။ အဆိုပါ ရှစ်သန်းကျော် အနက်မှ ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေကြရသည်မှာ စိုးရိမ်ဖွယ်ကောင်းလှသည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမား ၈ ဒသမ ၉ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အာရှနှင့် အာဖရိကသည် ကမ္ဘာပေါ်တွင် မိဘမဲ့ကလေးငယ်အများဆုံးဖြစ်ကြောင်း သိရသည်။ ယခုအခါ ယင်းအရေအတွက်သည် ခန့်မှန်းခြေ ၁၅၃ သန်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်ဟုဆိုသည်။ ကလေး သူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကိုဖော်ဆောင်ခြင်းသည် ကလေးသူငယ်များ အသက် ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေသည့် အခွင့်အရေးများကို ရရှိခံစားစေခြင်းဖြစ်သည်။ ကလေး သူငယ်များအပေါ် အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းများ၊ ကလေးသူငယ်ကို ရောင်းချခြင်း၊ တလွဲအသုံးချခြင်းများ၊ ပညာသင်ယူနိုင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခွင့်အလမ်းနည်းပါးမှုများသို့မဟုတ် မရရှိခြင်းများဖြစ်ပေါ်နေပါက ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ မူလအခွင့်အရေးများကို လက်လွှတ်နေရဦးမည်သာဖြစ်သည်။

ကလေးသူငယ်များ၏ အသက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဘဝအာမခံချက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအပါအဝင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ပရဟိတနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များက ဖွင့်လှစ်တည်ထောင်ထားသည့် ဂေဟာများ အားလုံး၏ ကူညီစောင့်ရှောက်မှုတို့က အရေးတကြီး လိုအပ်ချက်ဖြစ်သည်ဟု သိရသည်။ ကလေးအလုပ် သမားပြဿနာသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ တစ်ဝန်း၌ ရင်ဆိုင်နေရသည့်ကိစ္စဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် ဆင်းရဲနွမ်းပါးမှုကို နက်ရှိုင်းစွာရင်ဆိုင်နေရသော နိုင်ငံအများအပြားတွင် စာသင်ကျောင်းများ ပိတ်ထားကြရသည်။ ထောင်ပေါင်းများစွာသော မိသားစုများ၌ မိဘများအလုပ်လက်မဲ့ဖြစ်မှုက မိမိတို့၏ သားသမီးများကို ကလေးအလုပ်သမားများအဖြစ် လုပ်ငန်းခွင်အတွင်းသို့ တွန်းပို့မှုများကို ဖြစ်စေခဲ့သည်။ ကလေးအလုပ်သမားပြဿနာသည် ဆင်းရဲမွဲတေမှုနှင့်ဆက်စပ်၍ စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် နိုင်ငံများ၌ ပိုမိုရင်ဆိုင်ကြရသည်ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ်(၁၃၈)ကို သဘောတူလက်မှတ်ရေးထိုး သည့် ၁၇၈ နိုင်ငံမြောက် ဖြစ်သည်။ ILO ၏ ခန့်မှန်းခြေအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ကလေးလုပ်သား ပေါင်း ၁ ဒသမ ၁၃ သန်းရှိပြီး ၎င်းတို့အနက် ခြောက်သိန်းကျော်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေကြရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၄၈ တွင် မည်သည့် ကလေးသူငယ်ကိုမျှ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်မပြုရန်၊ အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏ အသက်သည် (၁၄)နှစ်အောက် မငယ်စေရန် တားမြစ်ထားပြီး အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်ခံရမည်ဖြစ်သည်။ ကလေးသူငယ်များသည် ငယ်ရွယ်စဉ်ဘဝတွင် ပညာသင်ယူခွင့်မရရှိဘဲ ခက်ခဲကြမ်းတမ်းသော လုပ်ငန်းခွင်အတွင်း ရောက်ရှိသွားပါက နောင်တစ်ချိန်၌ ဘဝအာမခံချက်မရှိသည့် အလုပ်လက်မဲ့ ဘဝ သို့မဟုတ် အကျင့်စာရိတ္တ ပျက်ယွင်းနိုင်သည့် အခြေအနေမျိုးဖြစ်သွားနိုင်သည်။ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေရသည့် ကမ္ဘာတစ်ဝန်းရှိ ကလေး သူငယ်များကို သတိပြုလာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ငါးနှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမားများမှာ ၁၅၂ သန်းခန့်

ILO ၏ စစ်တမ်းများအရ နိုင်ငံအသီးသီးတွင် အလုပ်လုပ်နိုင်သော လူငယ်လူရွယ်ဦးရေသည် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းနှင့်ညီမျှသော တစ်ဘီလီယံခန့်ရှိပြီး ၎င်းတို့အနက် အသက်ငါးနှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမားများမှာ ၁၅၂ သန်းခန့်ရှိသည်။ အဆိုပါ အရေအတွက်ထဲမှ ၇၃ သန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော အာရှ နှင့်ပစိဖိတ်ဒေသတွင်ရှိပြီး အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များသို့ ရောက်နေကြသည်။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများ၊ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းပဋိပက္ခတို့ကြောင့် စားရေ ရိက္ခာမဖူလုံမှုများ၊ လူမှုစီးပွားဘဝ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ကလေးအလုပ်သမား ပိုမိုများပြားလာစေရေးအတွက် တွန်းပို့သလိုဖြစ်နေသည်။ ကလေးအလုပ် သမားပြဿနာသည် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိရာ ကလေးအလုပ်သမားများ လျှော့ချရေးကို အကောင်အထည်ဖော်ရာ၌ ၎င်းတို့ကိုလုပ်ငန်းခွင်များအတွင်းမှ ရှာဖွေဖော်ထုတ်ကာ ဖယ်ရှားပစ်ရုံဖြင့် အောင်မြင်မှု ရနိုင်မည်မဟုတ်ပေ။ ဥပဒေရှုထောင့်အပြင် လူမှုရေးရှုထောင့်မှချဉ်းကပ်မှုကိုလည်း ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။

လူ့ဘဝတွင် မိသားစုမရှိသော ကလေးများသည် ကမ္ဘာပေါ်တွင် ထိခိုက်နိုင်ဆုံးသောသူများ ဖြစ်သည်။ ပဋိပက္ခများ၊ စစ်ပွဲများ၊ လူမျိုးရေးမငြိမ်မသက်မှုနှင့် အရင်းအမြစ်ပြိုင်ဆိုင်မှုများသည် သန်းပေါင်းများစွာသော ကလေးများကို မိဘမဲ့အဖြစ်တွန်းပို့ခဲ့သည်။ မိဘများနှင့် ကလေးပြုစုစောင့်ရှောက်သူများအနေဖြင့် မိမိတို့ပြုစုစောင့်ရှောက်ရသော ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အမြဲမျက်ခြည်မပြတ် စောင့်ကြည့်သိရှိထားရန် လိုအပ်သည်။ ကလေးငယ်များ၌ အာဟာရဓာတ်မပြည့်ဝခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ စိတ်အားတက်ကြွမှုမရှိခြင်း၊ အသက်အရွယ်အလိုက်ရှိသင့်သည့် ဖွံ့ဖြိုးတိုးတက်မှုများမရှိပါက ကလေးနှင့်ပတ်သက်သော ကျွမ်းကျင်ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့်ပြသ၍ အကူအညီနှင့် အကြံဉာဏ်များရယူသင့်သည်။ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများဖန်တီးပေးခြင်း၊ နွမ်းပါးသည့် မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် လူမှုစီးပွား ဘဝရရှိစေရန် ဖန်တီးပေးခြင်းတို့ကို ဟန်ချက်ညီလုပ်ဆောင်နိုင်မှသာ လုပ်ငန်းခွင်အတွင်းရှိ ကလေးအလုပ်သမားအချိုးအစားကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။