ဆုတ်ယုတ်လာသော ဒီမိုကရေစီနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝမှုဟူသည်
မြင့်မြတ်
အောက်ခြေမခိုင်တဲ့ အဆောက်အအုံတစ်ခုဟာ အချိန်တစ်ခုမှာ ပြိုလဲသွားနိုင်သလို တည်ဆောက်ထားတဲ့စနစ်တစ်ခု အခြေခံမခိုင်တဲ့ မူဝါဒတစ်ခုဟာလည်း တိုက်စားဖန်များရင် ယိုင်နဲ့ပျက်စီးတတ်တာ သဘာဝပါ။ တစ်ကမ္ဘာလုံးက လူများစု သည်းခြေကြိုက် ဒီမိုကရေစီစနစ်ကြီးဟာ တဖြည်းဖြည်း ယိမ်းယိုင်ချည့်နဲ့ လာနေပြီး ဒီမိုကရေစီစနစ် တည်မြဲမှုအပေါ် ခြိမ်းခြောက်ခံနေရတယ်လို့ နိုင်ငံရေးသုတေသီတွေရဲ့ အထိတ်တလန့်မှတ်ချက်တွေက ယခုမှ ရုတ်ခြည်းပေါ်လာ တာတော့ မဟုတ်ပါ၊ ဒီဘက်နှစ်တွေအတွင်းမှာတင် လျော့ကျလာတဲ့ ဒီမိုကရေစီစံနှုန်းတွေအရ အကဲဖြတ်လာခြင်းဖြစ်ဟန်တူပါတယ်။
တစ်ဖက်သတ်မှတ်ချက်များအရ
IDEA က ထုတ်တဲ့ The Global State of Democracy 2023 မှတ်တမ်းအရသူတို့ဟာ ဟန်ဂေရီသမ္မတ ဗစ်တာအော်ဘန်၊ ရုရှားခေါင်းဆောင် ပူတင်၊ တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန်တို့ကို ရှေးရိုးစွဲတရားသေဝါဒီ (Hard – liner) တွေအဖြစ် မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဆိုလိုတာက ဒီခေါင်းဆောင်တွေဟာ ဒီမိုကရေစီမဆန်ဘူး၊ သူတို့ကို ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ကို သွားနေ ကြသူ၊ အာဏာရှင်ဆန်သူတွေအဖြစ် တစ်ဖက်သတ်မြင်နေခြင်းပဲဖြစ်တယ်။ ထို့အတူ ပိုလန်၊ ဆလို ဗက်ကီးယား၊ အစ္စရေးစတဲ့နိုင်ငံတွေကို ဒီလိုပဲဒီမိုကရေစီနောက်ပြန်ဆွဲနေတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ထားကြပြန်တယ်။
အကြမ်းဖျင်းကြည့်ရင် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံထက်ဝက်ခန့်ဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်သွားနေပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ဆိုပါတယ်။ ဒီမိုကရေစီဟာ ချို့ယွင်းချက်တွေနဲ့အတူ မူလလမ်းကြောင်းကနေ သွေဖည်လာနေကြောင်း၊ ဒါဆိုရင်ယခုလို ဆုတ်ယုတ်လာမှုအတိုင်းအတာကို ဘယ်ပေတံနဲ့တိုင်းပြီးဘယ်လို အကြောင်းတရားတွေကိုကြည့်ပြီး ပြောနိုင်ရပါသလဲ။ အနောက်နိုင်ငံတွေဆီက နိုင်ငံရေးသုတေသီတွေရဲ့ အမြင်တွေဟာ တစ်ဖက်သတ်ဆန်ပြီး ဒီမိုကရေစီကို ယိုင်နဲ့သွားစေတဲ့ အကြောင်းတရား တွေကို သူတို့ကိုယ်တိုင်တောင် မရိပ်မိ ၊ သိနားလည်ကြပုံ မပေါ်သေးပါဘူး။ တကယ်ကဘယ်သူမပြုမိမိမှုရယ်ပါ။ ကိုယ့်အပြစ်ကိုကိုယ်မမြင်၊ သူများအပြစ်သာ တစ်ဖက်သတ်မြင်တတ်တဲ့၊ ကိုယ့်မျက်ချေး ကိုယ်မမြင်နိုင်သူတွေလို့သာ ဆိုရမှာဖြစ်ပြီး ဒီမိုကရေစီသူတော်ကောင်းဟန်ပန်နဲ့ ကိုယ်ရှူးကိုယ်ပတ်၊ ကိုယ့်အတတ် ကိုယ်စူးနေသူများသာ လျှင်ဖြစ်တယ်လို့ မှတ်ချက်ပြုရပါမယ်။
ဆုတ်ယုတ်ပျက်စီးမှု၏အကြောင်းတရားများ
ပြည်တွင်းစစ်ဖြစ်မှု၊ အာဏာသိမ်းမှုစတဲ့ အကြောင်းတရားတွေက အပေါ်ယံမျှသာပါ။ ဒီအကြောင်းတရားတွေကို ဒီမိုကရေစီကျဆုံးခြင်းရဲ့ လက်သည်တရားခံတွေအဖြစ် လွယ်လွယ်လက်ညှိုး ထိုးကြပေမယ့် အမှန်တကယ်ဒီမိုကရေစီရဲ့ ကောင်းမွန်လှတဲ့ အခြေခံအကျဆုံး အနှစ်သာရတွေကို ကိုယ်ကိုယ်တိုင် မလိုက်နာကြခြင်းကသာလျှင် ကျဆုံးခြင်းရဲ့ အခြေခံဖြစ်ပါတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ပြည်သူအတွက် ကိုယ်စားပြုမှုဆိုတဲ့ အနှစ်သာရတွေ ချို့တဲ့နေတဲ့စနစ်တစ်ခုဟာ ရေရှည်ရှင်သန်ဖို့ မလွယ်လှပါဘူး။
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာချိုးဖျက်ခံရတဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့အတူ တရားမျှတ လွတ်လပ်မှုမရှိ၊ မမျှတတဲ့ရွေးကောက်ပွဲနဲ့ မဲမသမာမှု စတာတွေဟာ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ပါပဲ။ ဒီမိုကရေစီနိုင်ငံတွေဟာ များသောအားဖြင့် ချမ်းသာကြပါတယ်။ ဆင်းရဲတဲ့ ဒါမှမဟုတ် အားယူဆဲ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ပျက်စီးသွားရခြင်းမှာ အကြောင်းတရားကို အလွယ်တကူရှာလို့ရနိုင်ပေမယ့် ချမ်းသာတဲ့ သို့မဟုတ် အလယ်အလတ်ဖွံ့ဖြိုးဆဲ ဒီမိုကရေစီနိုင်ငံတွေဆီမှာ ဆုတ်ယုတ်မှု အကြောင်းတရားတွေက ဘာတွေဖြစ်မလဲ၊၊ အာဏာရှင်ဒီမိုကရေစီဆိုတဲ့စကားလုံးကို ကြားဖူး ပါလိမ့်မယ်။ ဒီမိုကရေစီမှာ ပြည်သူနဲ့အုပ်ချုပ်သူအကြား၊ အုပ်ချုပ်သူအချင်းချင်းအကြား၊ ပြည်သူ အချင်းချင်းအကြား အပြန်အလှန်ယုံကြည်မှုဟာ အာဏာရှင်ဒီမိုကရေစီကြောင့် ပျက်စီးသွားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ယုံကြည်မှုကင်းမဲ့ရာကနေ ပူးပေါင်းပါဝင်မှုကိုပါ ထိခိုက်လာရင်အားနည်းတဲ့ ဒီမိုကရေစီဖြစ်သွားပါပြီ။
ဒီအချက်ကို အမေရိကန်နိုင်ငံရေးမှာ တွေ့နေရတယ်။ လူထုနဲ့ထိတွေ့ပြီး မဲဆွယ် စည်းရုံးရေးဆင်းနေတဲ့ သမ္မတဟောင်းလည်းဖြစ်၊ သမ္မတလောင်း တစ်ယောက်လည်းဖြစ်တဲ့ ထရမ့် ကို မအောင်မြင်တဲ့ လုပ်ကြံသတ်ဖြတ်မှုက အမေရိကန်နိုင်ငံရေးကို အတော်အရုပ်ဆိုးအကျည်းတန်စေတာ တွေ့ရတယ်။ ဒါ့ပြင်လာမယ့်ရွေးကောက်ပွဲမှာ ထရမ့် ကို ဘယ်လိုမှအရှုံးပေးလို့မဖြစ်တဲ့ ဒီမိုကရက်ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဟာ အများထင်သလောက် မရိုးစင်းဘူးဆိုတဲ့အသံတွေလည်း ပေါ်ထွက်လာနေတယ်။
ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ဘိုင်ဒင်ရဲ့ သံသယဖြစ်ဖွယ် ကိုဗစ်နဲ့အတူ သမ္မတရွေးကောက်ပွဲကနေ ဘိုင်ဒင်နုတ်ထွက်သွားရပြီးနောက် ကင်မလာဟဲရစ်စ် တက်လာတဲ့အနေအထားကလည်း အမေရိကန်နိုင်ငံ ရေးနောက်ကွယ်မှာ ကောက်ကျစ်မှုတွေရှိနေ ကြောင်း ဝေဖန်သံတွေကို ပိုပြီးကျယ်လောင်သွား စေပါတယ်။ တစ်နည်းအားဖြင့်တော့ အမေရိကန် နိုင်ငံရေးဟာ ပြည်သူ့ဆန္ဒနဲ့အညီ လူတစ်ကိုယ်၊ မဲတစ်မဲဖြစ်ပေမယ့် တကယ့်လက်တွေ့မှာ လူနည်းစု အီလစ်တွေရဲ့ ဥပဒေများကသာ အရာရာလွှမ်းမိုးနေတာကြောင့် ဂိမ်းဆန်ဆန် အသပြာနိုင်ငံရေးကစားပွဲသာ ဖြစ်လာနေတာကို သတိထားမိတယ်။
စံပြအမေရိကန်ဒီမိုကရေစီ
ဘယ်ခေတ်၊ ဘယ်စနစ်ဖြစ်ဖြစ် ပြောတဲ့အတိုင်း မလုပ်၊ လုပ်တဲ့အတိုင်းမဖြစ်ရင် ကျဆုံးရမှာပါပဲ။ အမေရိကန်ဒီမိုကရေစီဟာ နာတာရှည်ရောဂါတစ်ခု လို တစ်စထက်တစ်စ ချို့ယွင်းချက်တွေ ရှိလာနေ တာကြာခဲ့ပါပြီ။ အမေရိကန်နိုင်ငံရေးဟာ အသပြာနိုင်ငံရေး (Money Politics) ဖြစ်လာနေတယ်။ ငွေဖြုန်းနိုင်ရင် မဲရမယ်၊ သမ္မတဖြစ်မယ်။ နိုင်ငံက ကြွေးထူနေတာတောင် ရွေးကောက်ပွဲအသုံးအဖြုန်းက ကြမ်းလွန်းတာကိုကြည့်ပြီး ဒီမိုကရေစီကို အသပြာနဲ့အလဲအထပ် လုပ်နေတာပဲလို့သာ မြင်မိတယ်။ နောက်ဆုံးငွေသုံးနိုင်သူဟာ သြဇာအာဏာပါဝါ တက်လာတယ်၊ နိုင်ငံရေးမှာ လွှမ်းမိုးလာပြီး ပေါ်ပျူလာဖြစ်လာတယ်၊ သူဘာပြောပြော အမှန်ဖြစ်လာတယ်။ ဒီမိုကရေစီ အာဏာရှင်ဆိုတာ ဒီကစတာပါပဲ။ လူပုဂ္ဂိုလ်၊ မျိုးနွယ်စု၊ အသားအရောင်၊ ကျားမ၊ အမျိုးသားရေး လက္ခဏာ၊ လူမှုရေး စတဲ့အမှတ်အသား (Identity Politics) တွေရဲ့ လွှမ်းမိုးခြင်းခံနေရတဲ့ နိုင်ငံရေး သမားတွေဟာ ယခုအခါ ထင်ရှားလာတယ်။
လူချင်းတူပေမယ့် လူမှုရေးအရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဆင်းရဲချမ်းသာ လူတန်းစား နှစ်ရပ်အကြား ကြီးမားလာတဲ့ကွာခြားမှု၊ အုပ်စုနှစ်ခုပါတီနှစ်ခု သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေ အကြား၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား ဘယ်လိုမှ စေ့စပ်လို့မရနိုင်လောက်တဲ့အထိ ကြီးထွားလာတဲ့ အမုန်းအာဃာတစတာတွေဟာ ကျဆုံးခြင်းတစ်ခု ဆီသို့သာ ဦးတည်လာနေပါတယ်။
အမေရိကန် ဒီမိုကရေစီမှာ ဒီအတိုင်းတွေ့လာ ရတယ်။ ယခုလောလောဆယ်မှာကို အင်္ဂလန်မှာ ဖြစ်နေတဲ့ အဓိကရုဏ်းတွေကို လေ့လာလို့ရတယ်။ လွတ်လပ်စွာကွဲလွဲခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်ဆိုပေ မယ့် မေးစရာရှိတာက ဒီလိုတွေဖြစ်မလာအောင် ကို ဒီမိုကရေစီစနစ်ကြီးက ကာကွယ်လို့မရနိုင်ဘူး လား။ အမေရိကန်မှာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် ကက်ပီတယ် အဆောက်အအုံကြီးကို ထရမ့် ကို ထောက်ခံတဲ့ ရီပတ်ဘလစ်ကင်တို့ရဲ့ စီးနင်းအုံကြွမှုကြီးကကော အမေရိကန်ဒီမိုကရေစီ ယဉ်ကျေးမှုအရှုပ်ကြီးကို အထုတ်ဖြေပြသလိုဖြစ်ခဲ့တာပဲ မဟုတ်ပါလား။ အမေရိကန်နိုင်ငံရေးမှာ တစ်ကြိမ်တစ်ခါမှမဖြစ်ဖူးတဲ့ ဒီအဖြစ်ဆိုးကြီး နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံရေးဟာ မုန်တိုင်းထန်သွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီကိုပါ shock ဖြစ်သွားစေခဲ့တယ်။
ဘက်လိုက်တဲ့မီဒီယာနဲ့ စွက်ဖက်မှုတွေကြောင့်
ဒီမိုကရေစီရဲ့ဂုဏ်ဒြပ်မှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ဆိုတဲ့အချက်ဟာ တန်ဖိုးတစ်ခုပါ။ သို့ပေမယ့် လူစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ပါတီစွဲ၊ အစွဲအလမ်းတွေနဲ့ သိမ်းသွင်းခံရတဲ့ ငွေကြေးဓနအောက်မှာ ဘယ်စနစ် ဘယ်လူသားကမှ တောင့်မခံနိုင်ပါဘူး။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲက check and balance လို့ ခေါ်တဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းကိုပါ ပျက်စီးစေ ပါတယ်၊ democracy နေရာမှာ vetocracy ဖြစ်လာ ပြီး တရားမျှတမှုကို ထိခိုက်လာတဲ့သဘောပါပဲ။ အချို့ဒီမိုကရေစီနိုင်ငံတွေမှာ ငွေနဲ့အစွဲတွေကြောင့် လွတ်လပ်စွာရေးသားပြောဆိုခွင့်ဟာ ဖျက်ဆီးခံနေရတယ်။ ငွေမျက်နှာနဲ့ ဘက်လိုက်ပြီဆိုမှတော့ ပြည်သူလူထုဆီက မှန်ကန်တဲ့သတင်းအချက်အလက်ကို ဘယ်လိုအနေအထားနဲ့ ရနိုင်ပါတော့မလဲ။ အမေရိကန်အစိုးရဟာ သူ့အကျိုးစီးပွားထိခိုက်စေတဲ့ ဘယ်လိုအရေးအသားမျိုးကိုမှ ခွင့်မပြုကန့်သတ်ထားတယ်၊ မီဒီယာအဖွဲ့အစည်းတွေဟာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ခံနေရတဲ့အတွက် ပြည်သူတွေရဲ့အမြင်ကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရဘူး။
Social media တွေဟာ monitor အလုပ်ခံရပြီး ဖျက်ချခံရတယ်။ သူတို့လိုလားတဲ့ ပါတီအဖွဲ့အစည်းအတွက် အကျိုးဖြစ်မယ့်အရာတွေဆို ဖြန့်ချ၊ အမုန်းစကားဖြန့် သတင်းမှားဖြန့်ဝေ၊ လုပ်ကြံဖန်တီး၊ မလိုလားတဲ့ အချက်တွေဆိုရင်ဖျက်ချ၊ ဒါကအမေရိကန်မှာဖြစ်နေတဲ့ သတင်းလွတ်လပ်ခွင့်၊ မြန်မာမှာကော ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က မူလရည်ရွယ်ချက်အတိုင်းမသွားဘဲ အထိန်း အကွပ်မဲ့ လုပ်ချင်သလိုလုပ်နေတာ တွေ့ရမယ်၊ နိုင်ငံတော်ရဲ့ သတင်းဌာန တရားဝင်သတင်းမှန်သမျှ ဖျက်ချတယ်၊ ပိတ်ထားတယ်၊ ဒါဟာ တရားမျှတမှုရှိရဲ့လား၊ ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်နေသူတွေအနေနဲ့ ဒီလိုအချက်တွေကို သိထားသင့်တယ်။
နောက်တစ်ချက်သတိထားရမှာက ဒီမိုကရေစီကို ပို့ကုန်သဖွယ်သဘောထားပြီး နိုင်ငံခြားတိုင်းပြည်တွေကို မိမိရဲ့သြဇာအောက်ရောက်အောင် သိမ်းသွင်းနေခြင်းပါပဲ။ Colour revolution ဆိုတဲ့ အသွေးအရောင်စုံတော်လှန်ရေးအောက်မှာ ကိုယ်ခံအားမကောင်းတဲ့ နိုင်ငံများစွာဟာ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်ကုန်ကြရတယ်။ အီရတ်၊ လစ်ဗျား၊ ဆီရီးယား စတဲ့နိုင်ငံတွေကိုကြည့်ပါ။ လတ်တလောပူပူနွေးနွေး ဘင်္ဂလားဒေ့ရှ်အရေးကိုလည်း လေ့လာကြည့်ပါ။ မြန်မာလည်းထို့အတူ ၈၈ အရေးအခင်းကစလိုက်တဲ့ ဒီမိုကရေစီတော်လှန်ရေး ယခုဘယ်အခြေအနေဆိုက်နေသလဲ၊ သင်ခန်းစာယူမယ်ဆို ယူစရာတွေအများကြီးပါ။
အချုပ်အားဖြင့်တော့ ဘယ်ခေတ်မှာ ဘယ်စနစ်ကျင့်သုံးသည်ဖြစ်စေ ပြည်သူရဲ့ယုံကြည်မှုဟာ အလွန်အရေးကြီးပါတယ်။ ပြည်သူရဲ့ယုံကြည်မှုမရတဲ့ စနစ်တစ်ခုဟာ အနှေးနဲ့အမြန် ကျဆုံးရမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီကိုမျက်စိမှိတ်ယုံနေသူတွေ၊ ဒီမိုကရေစီစနစ်အကြောင်း နားမလည်သူတွေ၊ ဒီမိုကရေစီစံနှုန်းအတိုင်း မကျင့်ကြံနိုင်သူတွေအနေနဲ့ မိမိအထင်ကြီးနေတဲ့ အမေရိကန်နိုင်ငံကြီးရဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ နိုင်ငံအချို့ရဲ့ ဒီမိုကရေစီနိုင်ငံရေးကို လေ့လာနေသင့်ပါတယ်။
စာရေးသူအနေနဲ့တော့ အမေရိကန်အပါအဝင် ကမ္ဘာ့ဒီမိုကရေစီစနစ်မှာ ချို့ယွင်းချက်တွေနဲ့ တဖြည်းဖြည်း ဆုတ်ယုတ်လာနေတယ်လို့ ယူဆပါတယ်။ ကျင့်သုံးတဲ့လူတွေကိုယ်တိုင် စည်းကမ်းမရှိတဲ့အခါ စည်းကမ်းမဲ့ ဒီမိုကရေစီဖြစ်လာနေတာပါပဲ။ စည်းကမ်းမရှိတဲ့ ကျင့်စဉ်တစ်ခုဟာ စစ်မှန်မှု ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီရဲ့ အခြေခံသဘော တရားလုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုတော့ အခြေခံသိထားသင့်တယ်ထင်ပါတယ်။ မဟုတ်ရင် အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီဘက်ကို ရောက်သွားနိုင်တယ်၊ ကမ္ဘာရော မြန်မာအတွေ့အကြုံအရပါ တင်ပြရတာပါ။ ဒါကြောင့် အနာဂတ်မှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းမယ့် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့နိုင်ငံတော်လမ်းပြမြေပုံမှာ ပါတဲ့အတိုင်း စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ ဆိုတဲ့အင်္ဂါရပ်ကို ဘာကြောင့်ချမှတ်ထားရသလဲ ဆိုတဲ့အချက်ကို သဘောပေါက်လာနိုင်မယ် ထင်ပါတယ်။
ဒါမှလည်း ကျွန်တော်တို့ပြည်သူတွေလိုချင်တဲ့စနစ်ဟာ ရေရှည်မြဲမြံပြီး တည်ငြိမ်တဲ့စနစ်တစ်ခု ဖြစ်ရပါလိမ့်မယ်။ ကျွန်တော်တို့က ဒီမိုကရေစီကို အသစ်ပြန်လည်မွေးဖွားဖို့ စတင်တော့မယ့်အချိန် ကမ္ဘာမှာလူတွေက ဒီမိုကရေစီကိုယုံကြည်မှု တစ်စတစ်စလျော့နည်းလာတဲ့အချိန်၊ မရင့်ကျက် မှုများနဲ့ ပြန်လည်စတင်ရတော့မယ့် တစ်ကျော့ပြန်အစခရီးမှာ ကိုယ့်ကိုယ်ကို ဒီမိုကရေစီအရှင်သခင် များနှယ် ရင့်ကျက်သူများလို့ ယူဆနေသူများရဲ့ အဆုံးသတ်ကောင်းမကောင်းပုံများကို များစွာသတိထားနိုင်မှသာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ မရင့်ကျက်သေးခင်မှာ အလျင်စလိုလုပ်မိတာတွေ များစွာရှိခဲ့ပါတယ်။ အရေးကြီးတာက တည်ငြိမ်အေးချမ်းရေးနဲ့အတူ တည်ငြိမ်တဲ့ဖွံ့ဖြိုးမှုက အဓိကပါ။
ကျွန်တော်တို့နိုင်ငံရဲ့တိုတောင်းလှတဲ့ ဒီမိုကရေစီအတွေ့အကြုံနဲ့ ယနေ့အမေရိကန်နိုင်ငံရေးနဲ့ နိုင်ငံအချို့ရဲ့ ဒီမိုကရေစီချို့ယွင်းချက်တွေကနေ သင်ခန်းစာယူနိုင်မှသာ ကျွန်တော်တို့ရဲ့အနာဂတ် ဒီမိုကရေစီခရီးလမ်းရဲ့ ဖြောင့်ဖြူးသာယာမှုက သေချာမှာဖြစ်ပါတယ်။ ။