Skip to main content

အများနှင့်ဆိုင်သော သယ်ယူပို့ဆောင်ရေး ….

စည်သူကျော်

စာရေးသူနေထိုင်ရာမြို့တွင် ယခုရက်ပိုင်း အများပြည်သူစီးနင်းသော မြို့ပတ်လိုင်းကားများ လူပြည့်သည်။ လူပြည့်သည်ဆိုရာ၌ ကျောင်းသွားကျောင်းပြန်၊ အလုပ်သွားအလုပ်ပြန်၊ ဈေးသွား ဈေးပြန်နံနက်၊ ညနေတို့သာမက လူသွားလူလာကျဲပါးသည့် နေ့လယ်ပိုင်းတွင်ပါ လူပြည့်ခြင်းဖြစ်သည်။

သယ်ယူပို့ဆောင်ရေးအပေါ် လူအများ ပြန်လည်အာရုံစိုက်လာ

ခါတိုင်းဆိုလျှင် နံနက်၊ ညနေတို့သာ လူပြည့်သည်ကိုတွေ့ရပြီး နေ့လယ်ပိုင်းတို့တွင် တစ်ယောက်စ၊ နှစ်ယောက်စ (သို့မဟုတ်) ခါလီဟုပြောကြသော ခရီးသည်တစ်ယောက်မှမပါသော လိုင်းကားတို့ကို တွေ့ရတတ်သည်။ ယခုမူ စက်သုံးဆီရရှိမှု အခက်အခဲကြောင့် ဖြစ်မည်ထင်သည်၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအပေါ် လူအများပြန်လည်အာရုံစိုက်လာခြင်းဖြစ်ဖွယ်ရှိသည်။

စာရေးသူသည် မြို့ကိုအလုပ်တာဝန်ဖြင့် ပြောင်းရွှေ့ရမည်ဆိုတော့ သွားရေး၊ လာရေး အဆင်ပြေပါ့မလားဟု စိတ်ပူမိခဲ့သည်။ နေရေး၊ ထိုင်ရေးကား ဝန်ထမ်းအိမ်ရာရှိသဖြင့် မပူရ။ ဟိုနားဒီနား၊ အလုပ်သွား၊ အလုပ်ပြန်အတွက် မော်တော်ဆိုင်ကယ်လေး တစ်စီးလောက်တော့ ဝယ်မှဟုစဉ်းစားရသည်။ သို့သော် ဆိုင်ကယ်ဈေးကလည်းမသေး။ စက်သုံးဆီ၊ ပြင်ဆင်စရိတ်ကလည်း ရှိသေးသည်။ သို့သော် ကျိုးတိုးကျဲတဲဆိုသော်လည်း ပုံမှန်လိုလိုပြေးဆွဲသောလိုင်းကားများကြောင့် အနည်းငယ်သက်သာရာရသည်။ ပြောင်းလာခါစကစာရေးသူစီးသော ဟိုနားဒီနားခရီးတိုလေးများကို နှစ်ရာကျပ်သာပေးရ၍ ယခုမူ ငါးရာကျပ်ပေးရသည်။ သို့သော် ဘာပဲပြောပြောအဆင်ပြေသည်။

စာရေးသူတို့ ငယ်ငယ်ကလည်း အများပြည်သူသုံးယာဉ်များကို စီးနင်းရင်းဖြင့်သာ ကြီးပြင်းခဲ့ရသည်။ နွဲ့နွဲ့နောင်းနောင်းနှင့် ဝေ့ဝိုက်ကာသွားသော နှစ်စီးတွဲဟီးနိုးကားကြီးများ၊ တအိအိဖြင့် ဖြည်းဖြည်းမှန်မှန် လေးလေးပင်ပင်သွားသော ချက်ပလက်ဗိုက်ပူကားကြီးများ၊ လိုရာခရီးကို အမြန်ဆုံးရောက်စေနိုင်သည့် ဟိုင်းလပ်အမြန်ယာဉ်များ စသည့်အမျိုးမျိုးသောလိုင်းကားများကို စီးနင်းကာ ဘဝခရီးကိုနှင်ခဲ့ရသည်။

ထို့နောက် မီနီဘတ်စ်၊ အဲကွန်းဘတ်စ် စသောလိုင်းကားများပေါ်လာသည်။ မြို့ပတ်ရထားရှိသော် လည်း စာရေးသူတို့နေထိုင်ရာ ရန်ကုန်မြို့ ကြည့်မြင်တိုင်ဘူတာမှထွက်သောရထားသည် ကုန်များပါသော ကုန်စိမ်းသည်များနှင့် ဈေးရောင်းဈေးဝယ်လုပ်သူတို့စီးနင်းမှုများ၍ သိပ်မစီးဖြစ်၊ ရံဖန်ရံခါ ကြည့်မြင်တိုင်ဘူတာမှ ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာတို့သို့ အပျင်းပြေအပျော်သဘော လိုက်ပါစီးနင်းခြင်းသာရှိသည်။

အမှန်စင်စစ် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်သည် လူတစ်ဦးတစ်ယောက်အတွက်၊ မိသားစုတစ်စုအတွက်၊ မြို့တစ်မြို့အတွက်သာမက နိုင်ငံတစ်နိုင်ငံအတွက်ပါ အလွန်အ‌ရေးပါသော အရာတစ်ခုဖြစ်သည်။ ကောင်းမွန်သောဗဟိုအစိုးရ၊ ဒေသအစိုးရတို့သည် ၎င်းတို့၏ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်စေရန် ပြုလုပ်ဆောင်ရွက်ကြသည်။ အကောင်အထည်ဖော်ကြသည်။

ပြည်ပနိုင်ငံများသို့ အလုပ်သဘောဖြင့်ဖြစ်စေ၊ သင်တန်းတက်ရောက် ပညာဆည်းပူးရန်ဖြစ်စေ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်စွာသွားရောက်ရသည့် ခရီးများတွင် အိမ်ရှင်နိုင်ငံများက ရောက်ရောက်ချင်း စီမံဆောင်ရွက်ပေးသော ကိစ္စနှစ်ရပ်မှာ ဘဏ်စာရင်းဖွင့်လှစ်ပေးခြင်းနှင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်၊ ရထားများစီးနင်းရန် ကတ်ပြုလုပ်ပေးခြင်းနှင့် သုံးစွဲတတ်စေရန်လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။

၎င်းတို့ကိုယ်တိုင်လည်း အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်များကိုသာ အသုံးပြုကြပြီး လာရောက်သည့်ဧည့်သည်များကိုလည်း အထူးကိစ္စရပ်များမှအပ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များကို သုံးစွဲရန်အားပေးသည်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်များ၊ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေးအတွက်ကိုလည်း အစဉ်တစိုက်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ကြသည်ကို တွေ့ရသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးသည် ဈေးနှုန်းသက်သာသည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော သယ်ယူပို့ဆောင်ရေးပုံစံတစ်ခုဖြစ်သည်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များသည် ကြံ့ခိုင်မှုနှင့်စိတ်ချရမှုရှိစေပြီး ထိန်းချုပ်မောင်းနှင်ရာတွင် သတ်မှတ်အမြန်နှုန်းအတိုင်းသာ ထားရှိမောင်းနှင်ရခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မပျက်မကွက်လိုက်နာရခြင်း၊ မောင်းနှင်သူ၏ တစ်ကိုယ်ရေကျန်းမာရေး (မျက်စိမှုန်ခြင်း၊ နားထိုင်းခြင်း၊ အတက်ရောဂါ ရှိ/မရှိ စသည်တို့အပြင် အရက်သေစာနှင့် စိတ်ကျန်းမာရေး၊ တရားဝင်ယာဉ်မောင်းနှင်ခွင့် ရှိ/မရှိ) စသည့် စံသတ်မှတ်ချက်များကိုပါ အလေးထားလိုက်နာဆောင်ရွက်ရသဖြင့် သက်ကြီးရွယ်အို (Senior Citizens) များ အပါအဝင် လူငယ်လူရွယ်များအတွက်ပါ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုကို ရရှိစေသည်။

ကမ္ဘာကြီးအတွက် ရရှိစေမည့် အကျိုးကျေးဇူးကားများပြား

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးသည် အများပြည်သူအတွက်၊ နိုင်ငံအတွက် ထို့ထက်ပို၍ပြောရလျှင် ကမ္ဘာကြီးအတွက် ရရှိစေမည့်အကျိုးကျေးဇူးကား များပြားလှသည်။ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း(Sustainable Tourism)၊ တာဝန်သိခရီးသွားလုပ်ငန်း (Responsible Tourism) စသည့် မူဝါဒများ (Policies)၊ လုပ်ဆောင်ချက်များ (Practice) ကို လေ့လာရာတွင် Triple Bottom Line Analysis အတိုကောက် TBL Analysis ဟူသော ကဏ္ဍသုံးရပ်ကိုအခြေခံ၍ လေ့လာဆန်းစစ် ပြောဆိုရေးသားကြသည်။

ပထမအချက်မှာ စီးပွားရေး (Economic)၊ ဒုတိယ သဘာဝပတ်ဝန်းကျင် (Environment)၊ တတိယ လူမှုရေး (Social) တို့ဖြစ်သည်။ ဤအချက် သုံးချက်နှင့် ချိန်ထိုးသုံးသပ်ကြည့်ပါက အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုကိုဖြစ်စေသည့် သွားလာမှုပုံစံတစ်မျိုးဟု ခေါ်ဆိုနိုင်ပေသည်။

စီးပွားရေးအရတွက်ခြေကိုက်မှုကို ကြည့်မည်ဆိုလျှင် အများပြည်သူသုံး ဘတ်စ်ကား၊ ရထားတို့ကို အသုံးပြုခြင်းသည် ဈေးနှုန်းသက်သာသည့်အတွက် ကိုယ်ပိုင်ကားဝယ်ယူအသုံးပြုမှုနှင့် အငှားယာဉ်ငှားရမ်းအသုံးပြုမှုတို့ထက် ကုန်ကျစရိတ်ပိုမိုသက်သာသည်။ စက်သုံးဆီစရိတ်၊ ပြုပြင်ထိန်းသိမ်းရေးစရိတ်နှင့် အာမခံထားရှိရသည့် စရိတ်များကို သက်သာစေသဖြင့် တစ်ဦးချင်းနှင့်မိသားစုအလိုက်အသုံးစရိတ်ကို ခြိုးခြံချွေတာရာရောက်သည်။ ယင်းသည် တစ်ဦးချင်းအတွက် ကောင်းကျိုးဖြစ်သည်။

အခြားတစ်ဖက်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးသည် ဖွံ့ဖြိုးတိုးတက်သော မြို့ပြ၏ ပြယုဂ်ဖြစ်သည်။ ဈေးနှုန်းချိုသာပြီး နေရာအနှံ့အပြားသို့ လွယ်ကူစွာချိတ်ဆက်သွားလာနိုင်သော သယ်ယူပို့ဆောင်ရေးကွန်ရက်ကြောင့် လူအများဆက်သွယ်သွားလာမှုကို တိုးတက်လာစေသည်။ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများသို့ လုပ်သားထုနှင့် ထိရောက်စွာချိတ်ဆက်ပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေခြင်းဖြင့် ဒေသ၏လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နေထိုင်မှုအဆင့်အတန်းကို မြင့်မားစေသည်။

အများပြည်သူသုံးယာဉ်၊ ရထားများအပေါ် အများလက်ခံထားသော ကောင်းကျိုးရလဒ်တစ်ခုမှာ သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းမွန်သောသက်ရောက်မှုဖြစ်သည်။ စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်သွားလာခြင်းတို့မှအပ အများပြည်သူသုံးကား၊ ရထားတို့ဖြင့် စုပေါင်းသွားလာမှုသည် တစ်ဦးချင်း မော်တော်ယာဉ်အသုံးပြုသွားလာမှုထက် ရာသီဥတုပြောင်းလဲခြင်းကို အဓိကဖြစ်ပေါ်စေသည့် ကာဗွန်ထုတ်လွှတ်မှုကို သိသာစွာလျော့ပါးစေသည်ကို တွေ့ရှိရသည်။

မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိ

ကားတစ်စီးမှထုတ်လွှတ်သော အိတ်ဇောမီးခိုးသည် ကားပေါင်းမြောက်မြားစွာမှ ထုတ်လွှတ်လိုက်သော အိတ်ဇောမီးခိုးငွေ့များထက် နည်းပါးမည်ဆိုသည်မှာ သိသာလှသည်။ လူဦးရေ ထူထပ်များပြားသော မြို့ပြကြီးများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ပေါင်းမြောက်မြားစွာမှ နေ့စဉ်ထုတ်လွှတ်သော မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့မြင် နေရသည်။ အိမ်နီးချင်းနိုင်ငံများတွင်ပင် ယင်းပြဿနာကို ကြုံတွေ့နေရပြီး လေထုအရည်အသွေး သည် စိုးရိမ်ဖွယ်ရာကောင်းလောက်အောင်ကျဆင်းနေသည်ကို သတင်းများတွင် တွေ့မြင်နေရသည်။

ထိုမီးခိုးငွေ့များကြောင့် မြို့နေလူထု၊ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များတွင် ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် အဆုတ်၊ အသက်ရှူလမ်းကြောင်းနှင့် ပတ်သက် သော ကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။ တစ်ဦးချင်းမှသည် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များကို သုံးစွဲခြင်းဖြင့် ယင်းပြဿနာကို တဖြည်းဖြည်းချင်း လျှော့ချဖြေရှင်းနိုင်မည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ထို့အပြင် မြို့ကြီးပြကြီးများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူဦးရေသိပ်သည်းမှုလည်း တိုးပွားလာရာ ယနေ့ခေတ်တွင် အများပြည်သူအတွက် သီးသန့်နေရာ (Public Space) ရှားပါးမှုသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်။ ယာဉ်ရပ်နားရန် နေရာအခက်အခဲသည် မြို့ကြီးများတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားဖြေရှင်းနေရသော ကိစ္စတစ်ခုဖြစ်သည်။ အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပါက လုံလောက်သော ကားပါကင်နေရာ ထည့်သွင်းထားရှိ တည်ဆောက်ရန် သတ်မှတ်ထားသော်လည်း ကားရပ်နားရန်နေရာအခက်အခဲသည် မြို့ပြလူနေမှုဘဝတွင် စိန်ခေါ်မှု တစ်ခုဖြစ်နေဆဲဖြစ်သည်။

အများပြည်သူသုံး ဘတ်စ်ကား၊ ရထားများ ပိုမိုအသုံးပြုလာပါက အများပြည်သူတို့အတွက် ခြေဆန့်လက်ဆန့်နေရာ ပိုမိုကျယ်ဝန်းစွာရရှိလာပေမည် ဖြစ်သည်။ ယနေ့ကာလတွင် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးပြကြီးများတွင် မော်တော်ယာဉ်အရေအတွက်နှင့် ကိုက်ညီသည့် မြို့ပြအခြေခံအဆောက်အအုံ (ဥပမာ- လမ်း၊ တံတား) တို့ မမျှတမှုကြောင့် ယာဉ်ကြောပိတ်ဆို့သည့် ပြဿနာကို အကြီးအကျယ်ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်သည်။ သို့ဖြစ်ရာ ထိရောက်သော အများပြည်သူအသုံးပြုနိုင်သည့် သယ်ယူပို့ဆောင်ရေး စနစ်ရှိပါက ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆဖြစ်မှုများလည်း လျော့ပါးသွားမည်ဖြစ်ပြီး မြို့နေလူထုသည်လည်း ပိုမို သန့်စင်သောလေထုကို ခံစားရှူရှိုက်၍ နေနိုင်မည်ဖြစ်သည်။

လူမှုနေ့စဉ်ဘဝတွင် ကြည့်လျှင်လည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုပါက များစွာအကျိုး ကျေးဇူးရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ သက်သောင့်သက်သာရှိသော အများပြည်သူသုံးယာဉ်များကို သုံးစွဲခြင်းသည် ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည်။ အများပြည်သူသုံးယာဉ် (ဥပမာ-ကား၊ ရထား)တို့ကို အသုံးပြုရန်မှာ အိမ်ကားစီးသကဲ့သို့ အိမ်မှသွားလိုသည့် ကျောင်း၊ ရုံးတို့ကို ထိုင်ရာမထ ခုံနှင့်ကျောတောက်လျှောက် ကပ်၍သွား၍မရ။ သတ်မှတ်ထားသည့် မှတ်တိုင်၊ စုရပ်တို့သို့ လမ်းလျှောက်၍သာ သွားရောက်နိုင်သည်။ သို့ဖြစ်ရာ အဆိုပါ အများပြည်သူသုံးယာဉ်တို့ကို အသုံးပြုစီးနင်းသူသည် နေ့စဉ် အသွား/ အပြန် လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း စသည်ဖြင့် ကိုယ်လက်လှုပ်ရှားမှုတို့ကို ပြုလုပ်ပြီးဖြစ်သဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်ဟု ဆိုခြင်းဖြစ်သည်။

ကိုယ်ပိုင်အချိန်တစ်ခုကို ဖန်တီးရရှိစေနိုင်

စစ်တမ်းတစ်ခု၌ အနောက်နိုင်ငံများတွင် အများသုံးယာဉ်များ အသုံးပြုခြင်းကို နှစ်သက်ရသည့် အကြောင်းရင်းအား အသုံးပြုသူများကို မေးမြန်းသိရှိရသည်မှာ ၎င်းတို့အနေဖြင့် အများသုံး ဘတ်စ်ကား၊ ရထားများကို စီးနင်းနေရသည့်အချိန်တွင် မိမိကိုယ်ကိုအကျိုးရှိစေမည့် ကိုယ်ပိုင်အချိန်တစ်ခုကို ဖန်တီးရရှိစေနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။ ကိုယ်ပိုင်ကား မောင်းနှင်နေသူသည် ၎င်းသွားလာနေစဉ်အတွင်း စာဖတ်ခြင်း၊ စာရေးခြင်း၊ မိမိကိုယ်ကို သက်သောင့် သက်သာဖြစ်စေခြင်းတို့ကို အများပြည်သူ သုံးယာဉ်၊ ရထားအသုံးပြုစီးနင်းသူတို့ကဲ့သို့ လုပ်၍မရနိုင်။ စာရေးသူ ပြည်ပနိုင်ငံများသို့ သွားစဉ်ကလည်း ယင်းကိုတွေ့မြင်ခဲ့ရသည်။ မြေအောက်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသူ တော်တော်များများ ၎င်းတို့၏စမတ်ဖုန်းများမှ စာဖတ်ခြင်း၊ အချို့သတင်းစာဖတ်ခြင်း၊ အချို့မှတ်စုရေးခြင်းတို့ကို ပြုလုပ်ကြသည်ကို တွေ့ရှိရသည်။ တချို့လည်း Pod Cast ကဲ့သို့သော နားထောင်စရာနှင့် နားထောင်လာသည်ကို တွေ့ရသည်။ တစ်နေရာမှတစ်နေရာသို့ အသွား (သို့မဟုတ်) အလုပ်မှအပြန်ပင်ပန်းသောကြောင့်ဖြစ်သည်ထင်၊ အိပ်စက်လာသူအချို့ကိုလည်း တွေ့ရတတ်သည်။ မိမိလူငယ်ဘဝ နေ့ခင်းဘက်အလုပ်လုပ်၍ ညနေပိုင်းတွင် ဒီပလိုမာသင်တန်းတစ်ခုကို တက်ရောက်ချိန်ကလည်း ဤနည်းနှင်နှင်။ ညနေ လေးနာရီခန့်အလုပ်ပြီး၍ မြို့ထဲမှအင်းစိန်ရှိ နည်းပညာတက္ကသိုလ်သို့အသွား ကားပေါ်နေရာယူ ကားခပေးပြီးသည်နှင့် ဦးထုပ်ကို မျက်နှာအုပ်ဆောင်းကာ တောက်လျှောက်အိပ်၍ လိုက်လာမြဲဖြစ်သည်။

အလုပ်တွင် တစ်နေကုန်ပင်ပန်းထားသောကြောင့် ယင်းသို့မှအနားမယူပါက အတန်းချိန်တွင် အာရုံစူးစိုက်ရန် ခက်ခဲသည်။ လိုင်းကားပေါ်တွင် ယင်းသို့အနားယူလိုက်သော် ကျောင်းသို့ရောက်လျှင် အတန်ငယ်လန်းဆန်း၍ စာလေ့လာမှတ်သား၍ အဆင်ပြေသည်။ မှန်ပေသည်။ ယင်းကို ကိုယ်တိုင်ကားမောင်း လာသူတို့လုပ်၍ မရနိုင်ပေ။ သူတို့မှာ ကားမောင်းနှင်နေစဉ် အခြားသောအရာ များကို အချိန်ပြည့်ဂရုပြုနေရသည်။

အများသုံးယာဉ်၊ ရထားများကိုအသုံးပြုခြင်းဖြင့် အခြားသူများနှင့် ထိတွေ့ဆက်ဆံနိုင်သည့် အခွင့်အလမ်းကို တိုးပွားစေသည်။ အတူတူ တစ်လမ်းတည်းစီးနင်းသူနှင့် စကားလက်ဆုံ ကျနိုင်သည်။ အတွေ့အကြုံများကို မျှဝေနိုင်သည်။ ကားပေါ်တွင် အချင်းချင်းလိုအပ်သည့် အကူအညီကိုပေးနိုင်သည်။ အချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှုတို့ကို အများသုံးယာဉ်များတွင် တွေ့ရနိုင်သည်။ အများနှင့်သက်ဆိုင်သည့်နေရာများတွင် လိုက်နာရမည့်စည်းကမ်း၊ ကျင့်ဝတ်များကို အများသုံးယာဉ်၊ ရထားများတွင် တွေ့ကြုံရမည်။ Community Spirit ဟုခေါ်သော အများပြည်သူနှင့် သက်ဆိုင်သော စိတ်ဓာတ်ဆိုသည်ကို အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်က လေ့ကျင့်သင်ကြားပေးနိုင်ပေသည်။

အနောက်နိုင်ငံများသို့ လေ့လာရေး ရောက်ရှိစဉ်က တိုးရစ် (Tourist) ခေါ် ကမ္ဘာလှည့်ခရီးသွားများအတွက် သီးသန့်ပြေးဆွဲပေးသော နှစ်ထပ်မော်တော်ယာဉ်ကြီးများကို တွေ့မြင်ခဲ့ရသည်။ ကိုယ်တိုင်လည်း စီးနင်းခဲ့ရသည်။ ကမ္ဘာလှည့်ခရီး သွားဧည့်သည် တစ်နှစ်တစ်နှစ် သန်းနှင့် ချီ၍ လာရောက်လည်ပတ်သည့် မြို့ကြီးများတွင် ယင်းကဲ့သို့ စီစဉ်ထားမှုမရှိပါက လူနှင့် ယာဉ်ထူထပ်ကျပ်တည်းမှု (Crowd and Road Congestion) ဖြစ်မည်မှာ သေချာသည်။ တစ်ဦးလျှင် ကျသင့် လက်မှတ်တန်ဖိုးငွေကိုပေးချေ၍ လက်မှတ်ကိုင်ဆောင်ကာ ခရီးသွား ဆွဲဆောင်မှုနေရာများကို သီးသန့်လှည့်လည်ပို့ဆောင်ပေးသော ကားကြီးများကို စီးနင်းလိုက်ပါရသည်။

သားရွှေအိုးထမ်းလာသည်ကို မြင်ရသော အစီအစဉ်တစ်ခု

နေရာတစ်ခုချင်းအလိုက် ရှင်းလင်း ပြောကြားပေးသော ဧည့်လမ်းညွှန်လည်းပါသည်။ ဓာတ်ပုံရိုက်ချင်၊ အချိန်ယူလေ့လာချင်သောနေရာတွင် ဆင်းနေ၍ရသည်။ အဆက်မပြတ်လာနေသော တိုးရစ်ဘတ်စ်ကြီးများတွင် မီရာဘတ်စ်ကားကိုတက်၍ စီးနင်းနိုင်သည်။ ခရီးဆုံးတွင် လက်မှတ်ကိုပြန်အပ်။ အဆင်ပြေလှသည်။ အများပြည်သူလည်း အနှောင့်အယှက်မဖြစ်၊ ခရီးသွားမြို့ကြီးများအတွက်လည်း ဆွဲဆောင်မှုတစ်ခုဖြစ်၊ ခရီးသွားများအတွက်လည်း ငွေကုန်ကြေးကျသက်သာစွာဖြင့် အဆင်ပြေပြေသွားလာလည်ပတ်နိုင်သည့် အစီအစဉ်ဖြစ်သည်။ သားရွှေအိုးထမ်းလာသည်ကို မြင်ရသော အစီအစဉ်တစ်ခုပါပေ။ ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ အကောင် အထည်ဖော်ရန် ခရီးသွားအသိုင်းအဝိုင်းက ကြိုးပမ်းခဲ့ဖူးသည်ဟု သိရသည်။

အစဉ်တစိုက် မြှင့်တင်ကြိုးပမ်း

နိုင်ငံတကာတွင်လည်း အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို ပြည်သူများ စိတ်ချယုံကြည်စွာ သုံးစွဲလာစေရန် အစဉ်တစိုက်မြှင့်တင်ကြိုးပမ်းနေသည်ကို တွေ့ရသည်။ လမ်းကြောင်းများ (Routes) အဆင့်မြှင့်တင်ခြင်း၊ ယာဉ်များအဆင့်မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အများပြည်သူသုံးယာဉ်များသုံးစွဲရန် တွန့်ဆုတ်နေသော ပြည်သူများကို ပြန်လည်စီးနင်းရန် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ကြသည်။ ဘတ်စ်ကားလမ်းကြောင်းများနှင့် အကြိမ်ရေကိုတိုးမြှင့်ပြေးဆွဲပေးသည်။ ဘေးကင်းလုံခြုံမှု အစီအမံများချမှတ်၍ ပြည်သူများကို ချပြရှင်းလင်းပေးသည်။ လက်မှတ်ဝယ်ယူမှုစနစ်များကိုလည်း အဆင့်မြှင့်တင်ပေးသည်။ လက်မှတ်ရုံ (Ticket Counter/Ticket Booth) များ တိုးမြှင့်ချထားပေးခြင်းအပြင် မိုဘိုင်းဖုန်းများမှတစ်ဆင့် လက်မှတ်ဝယ်ယူနိုင်ရေးကိုလည်း စီစဉ်ပေးသည်။

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အဆင်ပြေပြေသက်သောင့် သက်သာဖြစ်စေရေးနှင့် ထိရောက်သော လည်ပတ်မှုတစ်ခုအဖြစ် လုပ်ဆောင်ရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှုလည်းလိုအပ်သည်။ အခြေခံအဆောက်အအုံပိုင်း၊ နည်းပညာပိုင်း၊ လူသားအရင်းအမြစ်အပိုင်း စသည်ဖြင့်ဖြည့်ဆည်းရမည့် အပိုင်းတို့ကလည်း ကြီးမားကျယ်ပြန့်လှ သည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကိုသိရှိရန် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ခေတ်မီစနစ်ကျစွာ လည်ပတ်နေသည်ကိုကြည့်၍ သိရှိနိုင်သည်ဟုဆိုကြ သည်။

အားလုံးဝိုင်းဝန်းကြိုးပမ်း

အများပြည်သူကလည်း ဘေးကင်းလုံခြုံစိတ်ချမ်းမြေ့စွာဖြင့် လိုရာခရီးကို အချိန်မှန် သက်သောင့်သက်သာရောက်ရှိ လိုကြသည်။ ဂုဏ်သိက္ခာရှိစွာဖြင့် ဣန္ဒြေရရ စီးနင်းလိုကြသည်။ ယာဉ်မောင်းသူများလည်း လမ်းကြောင်းကိုအန္တရာယ်ကင်းကင်းဖြင့် မောင်းနှင်ပို့ဆောင်လိုကြပေမည်။ မြို့သူမြို့သား၊ နိုင်ငံသူနိုင်ငံသားများကလည်း ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုကို ပိုင်ဆိုင်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်လိုကြပေမည်။ ကောင်းမွန်သော စနစ်တစ်ခု အမှန်တကယ် ဖြစ်တည်ပေါ်ပေါက်လာစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်သာ ဖြစ်သည်။ ။