Skip to main content

လနယုန် သည်ချိန်မို့ မြူတိမ်လွှာဆိုင်းပြန်တော့တယ်

နယုန်လသည် မြန်မာ့ပြက္ခဒိန်တွင် တတိယမြောက်လဖြစ်သည်။ ရှေးစာဆိုပညာရှင် များက ''နွေနှောင်းလ၊ နွေစွန်လ'' စသည်ဖြင့် ဖွဲ့နွဲ့ခဲ့ ကြသည်။ နွေနှောင်းလဖြစ် သကဲ့သို့ မိုးဦးလလည်းဖြစ်သည်။ ထို့ကြောင့် နေပူရှိန်လျော့နည်းကာ မိုးသားများ မဲမှောင်အုံ့ဆိုင်းလျက်ရှိသည်။ အထူးသဖြင့် နယုန်လတွင် တိမ်အရေးသည်လည်း ညိုတစ်ခါ၊ မှုန်တစ်လှည့်နှင့် ဆိုင်းဆိုင်းတွဲ့တွဲ့ ဖြစ်နေသည်။ ရှေးစာဆိုတော်ကြီး မဟာအတုလမင်းကြီးက ''လနယုန် သည်ချိန်မို့ မြူလွှာဆိုင်းပြန်တော့တယ်လေး''ဟူ၍ စာဖွဲ့ခဲ့သည်။ နယုန်လသည် မိုးကျသောကာလ မိုးရွာသောလဖြစ်၍ မိုးထစ်ချုန်း သံများကို စတင်ကြားကြရပြီး မိုးအသင့်အတင့် ရွာသွန်းမှုကြောင့် သစ်ပင်သစ်တောတို့သည် ပုရစ်ညွန့်သစ်တို့ဖြင့် စိုစိုလွင်လွင်ရှိလှသည်။ တောလုံးခွင်ကိုကြည့်လိုက်ပါက ဝါဝါရှိန်းမြပင်တိုင်းလှလျက် ရှိနေကြပြီဖြစ်သည်။

နယုန်လ၏ အဓိပ္ပာယ်

နယုန်လကို ပုဂံခေတ်၌ ''နယုန်၊ နံမျုန်''ဟု သုံးနှုန်းခဲ့သည်။ အနက်အဓိပ္ပာယ်မှာ''နံ'' သည် အချိန်ကာလ၊ ''ယုန်'' သည် မိုး၊ စီးဆင်းခြင်းဖြစ်သောကြောင့် နယုန်လ၏ အဓိပ္ပာယ်မှာ မိုးရွာသောလဟူ၍ဖြစ်သည်။ နယုန်လတွင် နေ့နာရီ ၃၄ ၊ ညနာရီ ၂၆ ရှိသည်။ နယုန်လ၏ ရက်ရာဇာမှာ အင်္ဂါသို့မဟုတ် အင်္ဂါနှင့် ကြာသပတေးနေ့များ ဖြစ်သကဲ့သို့ တနင်္လာနှင့် တနင်္ဂနွေတို့မှာ ပြဿဒါးရက်များဖြစ်သည်။ နယုန်လတွင် နေထွက်ချိန်မှာ နံနက် ၅ နာရီ ၁၂ မိနစ်ဖြစ်ပြီး နေဝင်ချိန်မှာ ညနေ ၆ နာရီ ၄၈ မိနစ်ဖြစ်၍ နေထွက်ချိန်သည် ကဆုန်လထက် ၂၄ မိနစ်စောသည်။ နေဝင်ချိန်မှာ ၂၄ မိနစ်နောက်ကျသည်။ နယုန်လတွင် နေမင်းသည် မေထုန် ရာသီကို နောက်ခံထားလျက် မျက်မြင်အားဖြင့် အရှေ့ဘက်မှ အနောက်ဘက်သို့ ယွန်းနေသောကြောင့် မေထုန်ရာသီဟု ခေါ်ခဲ့ကြသည်။ နယုန်လပြည့် ညသန်းခေါင်၌ လမင်းသည် ဇေဋ္ဌနက္ခတ်၊ တံငါတာရာတို့နှင့် တောင်-မြောက် ယှဉ်ပြိုင် ထွန်းလင်းပြီး မွန်းတည့်သည်။ ထို့ကြောင့် နယုန်လကို မွန်းတည့်နက္ခတ်၊ အမည်အားဖြင့် ဇေဋ္ဌဟုခေါ်ဝေါ်ခဲ့သည်။ နယုန်လ၏ ရာသီပန်းမှာ မုလေး(မြတ်လေး) ပန်းနှင့် စံပယ် ပန်းတို့ဖြစ်၍ ရာသီပွဲတော်မှာ စာတော်ပြန်ပွဲဖြစ်သည်။

စာတော်ပြန်ပွဲ

နယုန်လ မေထုန်ရာသီတွင် စာပေကျမ်းဂန်သင်ကြား နေကြသော ပုဂ္ဂိုလ်တို့ စာပြန်ရသော စာပြန်ပွဲတော်ကို ကျင်းပသည်။ စာပြန်ပွဲခေါ် စာတော်ပြန်ပွဲကို သမိုင်းစာမျက်နှာ၌ အစောဆုံးတွေ့ရသည်မှာ ဒုတိယအင်း၀ခေတ် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ် ဖြစ်သည်။ မှန်နန်းရာဇဝင်ကြီး တတိယတွဲ ၂၃၉ ၌ “သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် ကျမ်းဂန်သင်ကြားသော သာမဏေ တို့ကိုသင် ကျမ်းကို ဆရာတို့မေးရသည်။ အနက်အဓိပ္ပာယ်ကို ဆိုနိုင်သော သာမဏေတို့ကို ပဥ္စင်း ၁၀၈ ပါး၊ သာမဏေ ခုနစ်ပါး၊ ထိုနှစ် ကဆုန်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့ မွန်းတည့်ကျော် ၂ နာရီ ၃ ပါဒ်တွင် ပဥ္စင်းခံတော်မူသည်” ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် ပညာရှင်များက သာလွန် မင်းတရားကြီး လက်ထက် ၁၀၀၀ ပြည့်နှစ်တွင် စာတော်ပြန်ပွဲ ကို စတင်ကျင်းပခဲ့ကြောင်း လက်ခံအတည်ပြုထားကြသည်။ အင်ရုံ စာတမ်းခေါ် လောကဗျူဟာကျမ်းတွင် အင်းဝမင်းများ နယုန်လ၌ စာတော်ပြန်ပွဲသဘင်ကျင်းပပုံကို အင်ရုံဝန်ကြီးက စုံလင်စွာဖော်ပြထားခဲ့သည်။ သမိုင်းမှတ်တမ်းများ၌ စတင်တွေ့ရှိရသည့် သာလွန် မင်းတရားကြီး လက်ထက်မှ သီပေါမင်း လက်ထက်အထိ မင်းဆက်တချို့ စာတော်ပြန်ပွဲကျင်းပသော အကြောင်းကို မှန်နန်းရာဇဝင်၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးနှင့် သမိုင်းမှတ်တမ်းများတွင်မူ ဖော်ပြ ထားခြင်းမရှိပေ။ အချို့မင်းများလက်ထက် ကျင်းပသော ပထမစာတော်ပြန်ပွဲများသည် မှတ်တမ်းမတင်ခဲ့ခြင်းကြောင့် သမိုင်းတွင်မပါရှိခြင်းပင်ဖြစ်သည်။ မင်းစဉ်မင်းဆက်အားလုံး အဆက်မပြတ် ပထမစာ တော်ပြန်ပွဲသဘင်ကို ကျင်းပခဲ့ကြ သည်ဟု ကောက်ချက်ချနိုင်သည်။

ပထမစာပြန်ပွဲသဘင်ကို နယုန်လဆန်းမှစ၍ နယုန် လကုန်အထိ တစ်လကျင်းပ ခဲ့သည်။ ကုန်းဘောင် ခေတ်၌ နယုန်လဆန်း ၈ ရက်မှ ဝါဆိုလဆန်း ၈ ရက်အထိ တစ်လ ကျင်းပခဲ့သည်။ မြန်မာမင်းများ နယုန်လ၌ စာတော်ပြန်ပွဲ သဘင်ကျင်းပကြခြင်းမှာ နယုန်လသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ အတွက် စာသင်နှစ်၏ နောက်ဆုံးလဖြစ်သော ကြောင့်ဖြစ်သည်။ စာသင်နှစ် ပထမလမှာ ဝါဆိုလဖြစ်ပြီး နိုင်ငံ တစ်ဝန်းလုံးရှိဆရာတော်၊ သံဃာတော်များသည် ဝါဆိုလပြည့် ကျော် ၁ ရက်နေ့၌ ဝါဆိုတော်မူကြ သည်။ ထို့နောက် စာဝါသစ်များကို စတင်ပို့ချသင်ယူကြသည်။ ဝါတွင်းကာလ၌ အရပ်တစ်ပါးသို့ ညအိပ်ခရီးမသွားရန်၊ အချိန်ရှိသမျှ စာပေပို့ချလေ့လာ ဆည်းပူးနိုင်သော အချိန်လည်းဖြစ်သည်။ ဆောင်းရာသီ၊ နွေရာသီများ၌ လွတ်လပ်စွာခရီးသွားနိုင်ကြပြီး မိုးရာသီကဲ့သို့ စာချစာတက်မှန်လေ့ မရှိကြပေ။ ထို့ကြောင့် စာသင်နှစ်၏နောက်ဆုံးလဖြစ်သည့် နယုန်လရာသီတွင် စာတော်ပြန်ပွဲကျင်းပ ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် စာတော်ပြန်ပွဲကို ရှေးဘုရင် မင်းများက သာသနာ့အာဇာနည်များ ပေါ်ထွက်ရန်ရည်သန် ကျင်းပကြခြင်းပင်ဖြစ်သည်။ ယခုအခါမှာလည်း နိုင်ငံတော် အစိုးရက အစဉ်အလာမပျက် ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ် ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် ဓမ္မာစရိယစာချတန်းများ အပြင် ပိဋကတ်သုံးပုံရေးဖြေအာဂုံစာမေးပွဲများကို ကျင်းပ ပေးလျက်ရှိသည်။

မဟာသမယအခါတော်နေ့

နယုန်လပြည့်နေ့ကို '' မဟာသမယအခါတော်နေ့ '' အဖြစ် သတ်မှတ်ကြသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဖြစ်ပေါ်လာခဲ့သော ငြိမ်းချမ်းရေး ဆောက်တည်ရာ နယုန်လပြည့် မဟာအခါတော်နေ့ဟူ၍ လည်းဆိုနိုင်သည်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကပိလဝတ်ပြည်နှင့် ကောလိယပြည် လယ်သမားများသည် နှစ်ပြည်ထောင်ကြားရှိ ရောဟဏီမြစ်ရေ လုကြရာမှ စ၍ အဆင့်ဆင့်ရန်ပွဲကြီးဖြစ်ရာ နှစ်ပြည်ထောင်တို့ စစ်ခင်းကြရမည့်အခြေအနေသို့ ဆိုက်ရောက် ခဲ့သည်။ ရောဟဏီ မြစ်ဘေးတွင် နှစ်ဖက်လုံးပင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင် ထားပြီး ထိုးခုတ်တော့မည့် အနေအထားဖြစ်နေစဉ် မှာပင် ဗုဒ္ဓမြတ်စွာဘုရားရှင် ရောက်ရှိလာခဲ့သည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်က အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း၏ အပြစ်ကို လည်းကောင်း၊ အချင်းချင်းစည်းလုံးညီညွတ်ခြင်း၏ အကျိုးကို လည်းကောင်း ငါးရာ့ငါးဆယ်လာ ဇာတ်တော်များဖြင့် ဟောကြား တော်မူခဲ့သည်။

ယင်းဇာတ်တော်များမှာ ဝက်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုး ဖွဲ့မှား၍ နှစ်ဦးစလုံး ပျက်စီးကြပုံကိုပြဆိုသော ''ဖန္ဒနဇာတ်''၊ မြေပြိုပါပြီဟူသော ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသည့် ယုန်တစ်ကောင်၏ စကားကိုယုံ မှား၍ တိရစ္ဆာန်များ အပြေး မှားပြီး ဆင်းရဲဒုက္ခရောက်ကြပုံကို ပြဆိုသော ''ဒုဒ္ခုဘဇာတ်'' (ပထဝီဥန္ဒြိယဇာတ်)၊ အားသေးသော နှံစုတ်ငှက်မက အားကြီးသည့် ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံကို ပြဆိုသော ''လဋုကတိဇာတ်''၊ ညီညွတ်စဉ်အခါက ရန်သူ၏လက်မှ လွတ်မြောက်ခဲ့ သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်းမညီမညွတ်ဖြစ်လာ သောအခါ ငုံးငှက်များ မုဆိုး၏ ပိုက်ကွန်၌ အမိခံရပုံကို ပြဆိုသော ''သမ္မောဒမာနဇာတ်''၊ သက်မဲ့ဖြစ်သော သစ်ပင် များပင် တစ်စုတစ်ဝေး တည်းတည်နေ၍ လေဘေးအ္တရာယ်မှ ကင်းဝေးနိုင်ပုံကို ပြဆိုသော ''ရုက္ခ ဓမ္မဇာတ်''နှင့် မိမိကိုယ်ကို ထိန်းသိမ်းဆုံးမသည့် ''အတ္တဒဏ္ဍသုတ်'' တို့ပင်ဖြစ်သည်။

ထိုကဲ့သို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များဖြင့် ဟောကြားခဲ့ရာ နှစ်ပြည်ထောင် မင်းတို့ စစ်ပြေငြိမ်းခဲ့ကြသည်။ ထို့ကြောင့် နှစ်ပြည်ထောင်တို့သည် သွေးချောင်းစီးမည့်အရေးမှ စစ်ပြေငြိမ်း စေခဲ့သော ဗုဒ္ဓ မြတ်စွာဘုရားရှင်ကို ကျေးဇူးတင်လွန်း၍ တစ်ဖက်လျှင် မင်းသား ၂၅၀ စီဖြင့် မင်းသား ၅၀၀ တို့အား သာသနာ့ ဘောင်သို့သွတ်သွင်းခဲ့ သည်။ ထိုရဟန်းငယ် အပါး ၅၀၀ တို့ သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ဝန်းရံလုပ်ကျွေးခဲ့သော်လည်း မိမိတို့၏ ဇနီးမယားတို့ကို အောက်မေ့တမ်းတမိပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ကြပေ။ ထိုအခါ ဗုဒ္ဓမြတ်စွာ ဘုရားရှင်က ဂါထာသုံးရာဖြင့် တန်ဆာဆင်အပ်သော ကုဏာလဇာတ်တော်ကို ဟောကြားဆုံးမခဲ့ရာ ရဟန်းငါးရာ လုံး သောတပန် တည်သွားကြသည်။

ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကုဏာလ ရေအိုင်မှ ကပိလဝတ်ပြည်အနီးရှိ မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ နောက်တော်မှ လိုက်ပါလာသည့် ရဟန်းငါးရာတို့သည် မဟာဝုန်တောကြီးအတွင်း၌ ဆက်လက်တရားအားထုတ် ကြရာ အားလုံးရဟ္တာ ဖြစ်သွားခဲ့သည်။ ရဟ္တာငါးရာတို့သည် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရှေ့မှောက်သို့ စုဝေးရောက် ရှိလာသည်။ ထိုသို့ စုဝေးရောက်ရှိ လာကြကုန်သော ထူးကဲလှသည့် သံဃာ့အစည်းအဝေး ကြီးကို ဖူးမြော်ကြည်ညိုလိုကြသော နတ်၊ ဗြဟ္မာ၊ အသူရာ၊ နဂါး၊ ဂဠုန်တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြရာ မဟာဝုန်တောကြီးဝန်းကျင်၌ စကြဝဠာတိုက်တစ်သောင်းမှ စုဝေးရောက်ရှိလာကြသော နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်သွားသည်။ ထိုသို့ ပြည့်ကျပ်လွန်းသဖြင့် ခန္ဓာကိုယ်ကို မှုန်မှုန်မွှားမွှားကလေးဖြစ်အောင် ဖန်ဆင်းနေကြရသည်။ ထိုကဲ့သို့ နယုန်လပြည့်နေ့တွင် နတ်ဗြဟ္မာများ စုရုံးစည်းဝေးကြသည့်အခါကို '' မဟာသမယ'' ဟုခေါ်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် များစွာသော နတ်ဗြဟ္မာအပေါင်းတို့၏ အစည်းအဝေးကြီးဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းနတ်သဘင် အစည်းအဝေးတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က နတ်ဗြဟ္မာတို့၏ အမည်နာမ အမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ဆက်သော စကား တော်များကို ''မဟာသမယသုတ် ''ဟုခေါ်ဝေါ် ခြင်းပင် ဖြစ်သည်။

မဟာသမယသုတ်တော်ကို ရွတ်ဖတ်သရဇ္ဓျာယ်ခြင်းအားဖြင့် ဘေးဒဏ်အန္တရာယ်ရန်စွယ်ခပ်သိမ်း၊ ကင်းငြိမ်းချမ်းသာ နတ်ဗြဟ္မာအပေါင်း နှစ်ထောင်းအားရအလွန်ချစ်မြတ်နိုးမှု ခံရခြင်း၊ ရုန့်ရင်းကြမ်းတမ်း သော နတ်တို့ကိုလည်း စိတ်နှလုံး နူးညံ့စေခြင်း၊ တစ္ဆေ မြေဘုတ်ဘီလူးတို့ နှောင့်ယှက်မှုဘေးမှ ကင်းဝေးခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိစေသောကြောင့် မြူတိမ်လွှာဆိုင်းတတ်သော နယုန်လ အခါသမယ၌ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်ပူဇော်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

တက္ကသိုလ်ပွင့်သူအောင်