ကြီးပွားရာကြီးပွားကြောင်း အခွင့်အလမ်းကောင်းတွေပါဗျို့
သာထူး
တိုင်းရင်းသားလူငယ်လေးတစ်ယောက် သူ့ပစ္စည်းတွေကို ကြော်ငြာပြီး ဈေးရောင်းနေတာလေးကို တွေ့တော့သဘောကျမိပါသဗျ။ သူရောင်းနေတဲ့ပစ္စည်းတွေက တွေ့မိသလောက်တော့ မွေ့ရာတွေနဲ့ ရုံးသုံးကုလားထိုင်တွေပါ။ မွေ့ရာတွေဆိုတာကလည်း ဟို... နာမည်ကြီး ဒန်းလော့လို မွေ့ရာမျိုးတွေ၊ ရုံးသုံးကုလားထိုင်တွေဆိုတာကလည်း ကုမ္ပဏီရုံးခန်းတွေမှာ တွေ့ရတတ်တဲ့ ခေတ်မီပုံစံမျိုးတွေ။ ဒါပေမယ့် နိုင်ငံခြားက သွင်းပြီးရောင်းတာမဟုတ်ဘူး။ “မြန်မာပြည် တွင်လုပ်သည်” “Made in Myanmar” ပစ္စည်းတွေပါလို့ သူက ကြော်ငြာပြီး ရောင်းနေတာပါ။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ပျက်ရင်လည်း ပြန်ပြင်လို့ရတယ်။ ရောင်းပြီး ပြီးရောမဟုတ်ဘဲ နောက်ဆက်တွဲဝန်ဆောင်မှုတွေလည်း ပေးနိုင်တယ်လို့ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ကြော်ငြာပြီးရောင်းနေတာပါ။
ဒါနဲ့ တစ်ဆက်တည်းမှာပဲ အင်တာဗျူးတစ်ခုမှာ လုပ်ငန်းရှင်တစ်ယောက်ပြောတာကို သွားသတိရမိတယ်။ သူပြောတာကတော့ သူ့စက်ရုံကထုတ်တဲ့ ပစ္စည်းတွေကို Made in Myanmar လို့ ပြောရောင်းလို့မရဘူး။ ပစ္စည်းချင်းအတူတူ၊ အရည်အသွေးချင်း အတူတူဆိုရင်တောင် ဈေးကွက်က ပြည်တွင်းလုပ်ပစ္စည်းကို ဈေးမပေးချင်ဘူးဆိုတာမျိုး သူကပြောခဲ့တာပါ။ မှောင်ခိုလုပ်ငန်းတွေ ခေတ်ထတဲ့ ကာလတုန်းကဆိုရင် ပြည်တွင်းမှာချုပ်တဲ့ ချုပ်ထည်တွေကို နယ်စပ်ကို အသာသယ်သွားပြီး နိုင်ငံခြားချုပ်ထည်တွေအဖြစ်နဲ့ ပြည်တွင်းကို ပုံမှားရိုက်ပြန်သွင်းခဲ့ကြတယ်လို့လည်း ကြားဖူးပါတယ်။ ဒီသဘောကတော့ ကျွန်တော်တို့ စားသုံးသူတွေဟာ နိုင်ငံခြားဖြစ်ကိုသာ ကောင်းတယ်ထင်ပြီး၊ ပြည်တွင်းဖြစ်ကို ကောင်းတယ်လို့မထင်ဘူး။ ကောင်းတယ်လို့ထင်တာတွေကို ဈေးကြီးပေးဝယ်သုံးပြီး၊ မကောင်းဘူးလို့ထင်တဲ့ ပြည်တွင်းဖြစ်ကိုတော့ တန်ရာတန်ကြေးပေးပြီး ဝယ်မသုံးလိုဘူးဆိုတဲ့ သဘောတွေပါပဲ။ ဒီလိုနဲ့ ဆပ်ပြာခွက်နဲ့ တံမြက်စည်းလို ပစ္စည်းမျိုးတွေကအစ “Made in ........ အခြားနိုင်ငံ” တွေကိုပါ ဈေးကွက်ထဲမှာ တွေ့နေကြရတာဟာ ပြည်တွင်းဖြစ်ကိုပဲ ပုံမှားရိုက်ရောင်းတာလား၊ ဘာလားတော့ မသိရဘူးပေါ့။
လုပ်ငန်းရှင်တချို့ကတော့ ပြည်တွင်းဈေးကွက်က အရည်အသွေးကို မကြည့်ဘဲ ဈေးနှုန်းကိုပဲ ကြည့်တယ်။ ဈေးပေါတာကိုသာ ရွေးချယ်ကြတဲ့အတွက် အရည်အသွေးကို လျှော့ပြီးထုတ်ရတယ်လို့ပြောတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေတယ်။ ဥပမာ ဆီ ဆိုပါတော့၊ မြေပဲသန့်သန့်၊ နှမ်းသန့်သန့်ကို စပါယ်ရှယ်ကြိတ်ရောင်းတဲ့ဆီက မရောင်းရဘူး။ စားအုန်းဆီ ခပ်ညံ့ညံ့ကို အရောင်ချွတ်၊ ဆေးဆိုး၊ အနံ့ထည့်ရောင်းတဲ့ မြေပဲဆီအတုက ပိုရောင်းရတယ်။ မျက်မြင်အားဖြင့် လှပြီးဈေးသက်သာနေတဲ့ ဆီတွေက အန္တရာယ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာကို မစဉ်းစားတော့ဘဲ ဝယ်စားလိုက်ကြတယ်။ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကလည်း ခုချက်ချင်းထဖြစ်မှာ မဟုတ်တော့ နောင်ခါလာနောင်ခါဈေး သဘောထားလိုက်ကြတယ်ထင်ပါ့။ ဒီလိုနဲ့ အရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်ဖို့ ပြည်တွင်းမှာ ထုတ်ကြရတယ်။ ကြာတော့ ပြည်တွင်းမှာထုတ်တဲ့ ပစ္စည်းအတော်များများ ထုပ်ပိုးပုံညံ့၊ အရည်အသွေးနိမ့်၊ ဆွဲဆောင်မှုမရှိ ဆိုတာမျိုးဖြစ်လာရတယ်။
ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်း ကျော်ကျော်က လုပ်ငန်းငယ်တွေပါ။ အဲဒီထဲမှာ အများစုက စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေလို့လည်း ဆိုပါတယ်။ နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တော့လည်း စားသောက်ကုန်ထုတ်တဲ့ လုပ်ငန်းတွေများတာ သဘာဝကျပါတယ်။ စပါးတစ်မယ်ထဲက ထုတ်မယ်ဆိုရင်တောင်ဆန်သာမက အခြားစားစရာ၊ သောက်စရာတွေ အများကြီးထုတ်လို့ရပါတယ်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကြံနဲ့ အခြားစိုက်သမျှ ပျိုးသမျှ သီးနှံတွေ၊ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေရောပါဆိုရင် စဉ်းစားသာကြည့်ပါတော့။ ထုတ်လုပ်နိုင်တာတွေ အများကြီးပါ။ ဒီကနေ့ မြန်မာလူမျိုးတွေရဲ့ စားသောက်ပုံက ကျွန်တော်တို့ ငယ်ငယ်က စားခဲ့၊ သောက်ခဲ့ကြတာနဲ့ဆိုရင် အပုံကြီးကွာခြားလာခဲ့ပါပြီ။ ဆယ်စုနှစ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲလာလိုက်တာ၊ ငယ်ငယ်တုန်းက မကြားခဲ့ဘူး၊ မစားခဲ့ဘူးတာတွေ၊ တရုတ်၊ အိန္ဒိယအစားအစာသာမက ထိုင်းစာ၊ ကိုရီးယားစာ၊ ဂျပန်စာ၊ အနောက်တိုင်းစာတွေကို မြန်မာတွေ စားတတ်နေကြပြီ။ ဒါတင်မက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် အစားအသောက်တွေလည်း မြို့ပြဈေးကွက်ထဲ ရောက်နေပါပြီ။
ဒါပေမယ့် ပြည်တွင်းက စားသောက်ကုန်လုပ်ငန်းတွေဟာ တီထွင်ကြံဆမှုနည်းပါးစွာနဲ့ ခေတ်နောက်ကျ ကျန်ခဲ့တယ်လို့ လွန်ခဲ့တဲ့ခုနစ်နှစ်၊ ရှစ်နှစ်လောက်တုန်းက လုပ်ခဲ့တဲ့စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍမှာ လက်ဖြစ်ကိရိယာတွေ၊ စက်ယန္တရားအဟောင်းတွေနဲ့ အများစုက လုပ်ကိုင်နေကြရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီကနေ့ ဈေးကွက်ထဲကို သွားကြည့်ရင် ပြည်တွင်းက ထုတ်လုပ်တဲ့ အစားအသောက်မျိုးစုံကို တွေ့နိုင်သလို နိုင်ငံခြားကသွင်းတဲ့ အစားအသောက်မျိုးစုံကိုလည်း တွေ့ရမှာပါ။ တချို့နိုင်ငံခြားတံဆိပ်ကပ်ထားတဲ့ ဆန်ကွတ်ကီးရဲ့အရသာဟာ ကောက်ညှင်းခွက်ကြော်နဲ့ အတူတူဖြစ်ပြီး လက်တစ်ဆုပ်စာလောက် စက္ကူအိတ်ကလေးတွေနဲ့ ထုပ်ပိုးထားတဲ့ ပဲလုံးကြော်ကလည်း ကျွန်တော်တို့ လက်ဖက်ထဲထည့်စားနေတဲ့ ပဲလုံးကြော်နဲ့ အတူတူပါပဲ။ မတူတာက သူတို့ပဲလုံးကြော်က ဆီတွေစိုရွှဲမနေတာပါ။ ပြီးတော့ ကိုရီးယားက ဂင်မ်ချီ၊ ဆိုဂျူးနဲ့ ကျွန်တော်တို့ဆီက ချဉ်ဖတ်၊ ဆန်အရက်ဘာကွာလို့လဲ။ ကွာတာက သူတို့ပစ္စည်းတွေ ကျွန်တော်တို့ ဈေးကွက်ထဲရောက်နေပြီး ကျွန်တော်တို့ စားတတ်နေတာပါ။ ဒါကြောင့် ခေတ်အခြေအနေကို လိုက်ပြီး မြန်မာ့စားသောက်ကုန် လုပ်ငန်းတွေကလည်း တီထွင်ကြံဆ လုပ်ကိုင်ကြရမှာပါ။
နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်တဲ့အားဟာ ထုတ်လုပ်မှုကဏ္ဍဖြစ်တယ်လို့ ဖတ်ရ၊ မှတ်ရဖူးပါတယ်။ ကုန်ထုတ်လုပ်မှုတိုးတက်မှ နိုင်ငံ့စီးပွားရေးတိုးတက်မှာဖြစ်လို့ အစိုးရအဆက်ဆက်က ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်အောင် တိုက်တွန်းအားပေး မောင်းနှင်ခဲ့ကြတာကိုလည်း ကျွန်တော့်တစ်သက်မှာ တွေ့ခဲ့ရတယ်။ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာတဲ့အချိန်မှာ SME ပဲခေါ်ခေါ်၊ MSME ပဲခေါ်ခေါ် စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်၊ ထွန်းကား အောင် လက်ရှိတာဝန်ယူထားတဲ့ အစိုးရအထိ အစွမ်းကုန်အားထုတ် လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အစွဲတွေထဲမှာ စက်ရုံထောင်ပြီး ကုန်ထုတ်လုပ်ငန်းလုပ်တာထက် ပို့ကုန်သွင်းကုန်လုပ်တာ၊ ကုန်ရောင်းကုန်ဝယ်လုပ်တာက အလုပ်ရှုပ်၊ ခေါင်းရှုပ်သက်သာပြီး အကျိုးအမြတ်ကိုလည်း မြန်မြန်ဆန်ဆန်၊ မြိုးမြိုးမြက်မြက်ရတယ်ဆိုတဲ့ အစွဲပါ။
နောက်ထပ်ပြောစရာရှိနေတာက တရားမဝင် ကုန်သွယ်မှုဖြစ်ပေါ် နေတာပါ။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်တဲ့ ခရီးစဉ်သတင်းတွေထဲက ဒေသအလိုက် လုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေထဲမှာ အရင်းအနှီးငွေကြေး၊ လျှပ်စစ်ဓာတ်အား၊ မြေနေရာဆိုတဲ့ တောင်းဆိုမှုတွေအပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကိုပါ တင်ပြခဲ့ကြတာကို ဖတ်ခဲ့ရဖူးပါတယ်။ ကမ္ဘာ့စက်ရုံကြီးလို့ တင်စားရတဲ့ တိုင်းပြည်ကြီး အိမ်နီးချင်းမှာ ကပ်လျက်ရှိနေတဲ့အခြေအနေမှာ တရားမဝင်ကုန်သွယ်မှုကို နိုင်နင်းအောင်ကိုင်တွယ်နိုင်ပါမှ ပြည်တွင်းက လုပ်ငန်းတွေ နာလန်ထူမှာပါ။ တစ်ဖက်ကလည်း ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းရှင်သန်ရပ်တည်နိုင်ဖို့၊ သူ့ပစ္စည်းဈေးသက်သာသလို ကိုယ့်ပစ္စည်းဈေး သက်သာဖို့၊ သူ့ပစ္စည်းပိုကောင်းသလို ကိုယ့်ပစ္စည်းပိုကောင်းဖို့ ပြည်ပဈေးကွက်ကို မထိုးဖောက်နိုင်သေးရင်တောင် ကိုယ့်ပြည်တွင်းဈေးကွက်မှာ ခိုင်မာနေဖို့ ကြံဆအားထုတ်ကြရမှာလည်း ဖြစ်ပါတယ်ဗျ။ လက်ရှိလုပ်နေတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ပိုမိုထိရောက်အောင် ကိုင်တွယ်ဆောင်ရွက်ရင်း တစ်ဖက်ကလည်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုတွေ ပိုမိုလွယ်ကူသထက်လွယ်ကူလာအောင် ဖန်တီးပေးမယ်၊ လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှဖြည့်ဆည်းပေးမယ်ဆိုရင် အဓိကလိုအပ်ချက်ကြီးတစ်ခုပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ လုပ်ငန်းရှင်တွေ ကိုယ်တိုင်ရဲ့ လုပ်လိုကိုင်လိုစိတ်ပါ။
နောက်ဆုံးနှိုးဆော်တိုက်တွန်းလိုတာကတော့ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်နဲ့ နေပြည်တော်က ဥပ္ပါတသန္တိစေတီတော်ကြီးအနီး တပေါင်းကွင်းမှာကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို လုပ်ငန်းရှင်ကြီး၊ လုပ်ငန်းရှင်ငယ်တွေရော၊ အရင်းအနှီးလက်ထဲမှာရှိပြီး ဘာလုပ်ရမလဲ စဉ်းစားနေတဲ့ လုပ်ငန်းရှင်လောင်းလျာများပါ မရောက်ရောက်အောင်သွားပြီး စေ့စေ့ငုငုလေ့လာကြည့်ရှုကြဖို့ပါ။ ပြည်နယ်အသီးသီး၊ တိုင်းဒေသကြီး အသီးသီးက MSME လုပ်ငန်းတွေလာပြီး ပြကြပြိုင်ကြမှာမို့ ကြည့်ရှုလေ့လာကြသူတွေလည်း အတွေးသစ်အမြင်သစ်တွေ ပေါ်လာနိုင်ပါတယ်။ မတွေ့ဖူးသေးတာတွေကို တွေ့ရပြီး မသိသေးတဲ့ အချက်အလက်တွေကိုလည်း သိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့် လုပ်ငန်းရှင်တွေ တစ်ရုံးဝင်တစ်ရုံးထွက်သွားကြရမယ့် ကိစ္စတွေတစ်နေရာတည်း၊ တစ်ထိုင်တည်းနဲ့ ပြီးနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိနေသလို နိုင်ငံတစ်ဝန်းကလာကြတဲ့လုပ်ငန်းရှင်တွေနဲ့လည်း မိတ်ဖွဲ့ရင်းနှီးခွင့်ရနိုင်ပြီး လုပ်ငန်းချင်းလည်း ချိတ်ဆက်နိုင်ပါတယ်။ နေပြည်တော်တပေါင်းကွင်းကစတဲ့ ပြည်ထောင်စုအဆင့် MSME ပြပွဲပြိုင်ပွဲဟာ နောင်တစ်ချိန်မှာ ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြန်မာ့ MSME စင်တာကြီး ပေါ်ပေါက်လာပြီး နှစ်စဉ်ပြပွဲပြိုင်ပွဲတွေကျင်းပကြ၊ လုပ်ငန်းတူသူတွေပူးပေါင်းကြ၊ သမဝါယမအသင်းတွေ ဖွဲ့စည်းထူထောင်ကြ၊ စာချုပ်တွေချုပ်ဆိုကြနဲ့ စည်ကားလာမယ့်မြင်ကွင်းကို စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိပါတယ်။
အောင်မြင်မှုပန်းတိုင်ကို သွားရတဲ့လမ်းမှာ စိန်ခေါ်မှုတွေကတော့ ရှိစမြဲပါပဲ။ ဒီကနေ့ လူတွေကောင်းကင်မှာ ပျံသန်းသွားလာနိုင်ကြတာ စိတ်ကူးကနေပဲ စခဲ့ကြတာပါ။ စိတ်ကူးရဲ့ နောက်မှာတော့ အလုပ်လုပ်ကြရမှာပေါ့။ တွေ့ကြုံလာသမျှ အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြေရှင်းပြီး ရှေ့ဆက်ကြမှသာ ခရီးရောက်ကြမှာပေါ့။ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်နဲ့ ဉာဏ်ပညာကြီးကြီးမားမား၊ ထက်ထက်သန်သန်နဲ့ လုပ်ကြကိုင်ကြမယ်ဆိုရင် မဖြစ်နိုင်တာ မရှိဘူးလို့ မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားထားခဲ့တာပဲ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးနဲ့ ငေးငိုင်ဘေးထိုင်နေမယ့်အစား ဖြစ်ပေါ်လာနေတဲ့ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေကို အရအမိဆုပ်ကိုင်ပြီး လက်တွေ့ကျကျလုပ်ကြကိုင်ကြရင်းနဲ့ သမာအာဇီဝကျကျ တိုးတက်ကြီးပွား ချမ်းသာနိုင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရကြောင်းပါဗျား။ ။