စိုက်ပျိုးရေးပညာ နှစ် (၁၀၀) တိုင်ပြီ (အပိုင်း-၇)
ဒေါက်တာမျိုးကြွယ်
နိုင်ငံတကာစိုက်ပျိုးရေးပညာ သင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနအသစ်များ (New Departments)၊ အထူးပြုဘာသာရပ်အသစ်များ (New Majors/ Specializations/ Subjects) (အဆက်)
စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအပါအဝင် နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များ (World - Class Top Universities) ကမ္ဘာကျော်ဖြစ်နေရခြင်း နောက်အကြောင်းရင်းတစ်ခုမှာ ခေတ်မီသစ်လွင်သော တက္ကသိုလ်စာကြည့်တိုက်များ (State-of-the Art University Library) ရှိနေခြင်းပင် ဖြစ်ပါသည်။
တက္ကသိုလ်စာကြည့်တိုက်များသည် -
(၁) ဗဟုသုတရှာဖွေရန်၊ လေ့လာမှုပြုရန်ဌာနဖြစ်ခြင်း (Centre for Knowledge and Learning)
စာကြည့်တိုက်သည် စာအုပ်၊ ဘာသာရပ်ဆိုင်ရာ ဂျာနယ်၊ သုတေသနစာစောင်များနှင့် ယနေ့ခေတ်ဒစ်ဂျစ်တယ်အချက်အလက်များစွာ (Digital Resources) ကိုလည်း သိမ်းဆည်းထားရှိပါသည်။ ထိုစာကြည့်တိုက်များရှိ အဆင့်အတန်းရှိ (High-quality) ပညာရှင်များ စစ်ဆေးပေးထားသော (Peer-reviewed Publications) စာအုပ်၊ ဂျာနယ်၊ စာစောင်များမှ အဆင့်မြင့်သုတေသနနှင့် ပညာရပ် ဆိုင်ရာလေ့လာရေး (Advanced Research and Learning)အတွက် မှီငြမ်းစရာဖြစ်ပါသည်။
(၂) သုတေသနအတွက် အထောက်အကူပေးခြင်း (Support for Research)
အဆင့်မြင့်တက္ကသိုလ်များ၏ အသက်သည် သုတေသနနှင့်တွေ့ရှိချက်များကို ကမ္ဘာ့အဆင့်ဂျာနယ်များတွင် တင်ပြပေးခြင်းဖြစ်ပါသည်။ စာကြည့်တိုက်များက အချက်အလက်များ (Data-bases)၊ ကိုးကားရန် ကွန်ပျူတာအစီအစဉ်ညွှန်ကြားချက်များ (Citation Management Softwares)၊ သုတေသနလမ်းညွှန်များ (Research Guides) ကို ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသီများအတွက် ပံ့ပိုးပေးပါသည်။
(၃) ကမ္ဘာ့စာကြည့်တိုက်များ၏ အရင်းအမြစ်များ ကြည့်ရှုနိုင်ရန် အခွင့်အလမ်းရှိခြင်း (Access to Global Resources)
စာကြည့်တိုက်အချင်းချင်း ငှားရမ်းနိုင်သောဝန်ဆောင်မှု (Interlibrary Loans)၊ တက္ကသိုလ်၊ အဖွဲ့အစည်းအလိုက် နှစ်စဉ်ကြေးချိုသာစွာရရှိခြင်း (Institutional Subscriptions) တစ်နည်းအားဖြင့် တက္ကသိုလ်၊ သုတေသနဌာနများတွင် ရှိနေသော ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ၊ သုတေသီများ အားလုံးဝိုင်းသုံးနိုင်သော အခွင့်အရေးကိုရရှိပါသည်။ တစ်ကမ္ဘာလုံးရှိ ဒစ်ဂျစ်တယ်မော်ကွန်း မှတ်တမ်းများ (Digital Archives)၊ အလကားရရှိနိုင်သော သုတဘဏ် (Open-access Reposities) တို့ကို မိမိနေရာ၊ တက္ကသိုလ်၊ မိမိနိုင်ငံမှပင် လက်လှမ်းမီဖတ်ရှု၊ လွှဲပြောင်းကူးယူနိုင်သော အခွင့်အလမ်း (Opportunity to download) ရရှိ ပါသည်။
(၄) ပညာရပ်ဆိုင်ရာဂုဏ်သိက္ခာ ပြန့်ပွားနိုင်ခြင်း (Promoting Academic Integrity)
စာကြည့်တိုက်များက စနစ်တကျမှီငြမ်းကိုးကားမှု (Proper Citation)၊ ပုံတူကူးချမှုကို ဖယ်ရှားမှု (Avoiding Plagiarism)၊ ကျင့်ဝတ်နှင့် ကိုက်ညီသောသုတေသနများ ပြုလုပ်စေမှု (Con-ducting Ethical Research) စသည်တို့ကို လမ်းညွှန်ပေးခြင်းဖြင့် မိမိပညာရပ်၏ဂုဏ်သိက္ခာများ တိုးပွားစေပါသည်။ တက္ကသိုလ်စာကြည့်တိုက်များသည် မှီငြမ်းမှုနည်းစနစ်အမျိုးမျိုး (Referencing Styles)၊ သုတေသနပြုလုပ်နည်းစနစ်များ (Research Methodology)၊ ကျိုးကြောင်းသင့်စွာ အကြံပြုသုံးသပ်မှု (Critical Information Evaluation) များစွာကို ကျောင်းသား ကျောင်းသူများအား သင်ကြားပေးပါသည်။
(၅) ပူးတွဲလုပ်ဆောင်မှုနှင့် တီထွင်ဖန်တီးမှုတို့အတွက် နေရာပေးခြင်း (Spaces for Collaboration and Innovation)
ခေတ်မီစာကြည့်တိုက်များ (Modern Libraries)က အချင်းချင်းဆွေးနွေးတိုင်ပင်ကြရန် အခန်းများ (Discussion Rooms) ထားပေးပါသည်။ စာအုပ်များ ဖတ်ရုံသာမက ရုပ်သံများပါ လေ့လာနိုင်သော အခန်း များ (Multi-media Labs) လည်းရှိပါသည်။ ဆရာနှင့် တပည့်များ စာကြည့်တိုက်အတွင်းတင်ပဲ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ လိုအပ်သည်များကို ရှာဖွေကြ ပြုလုပ်နိုင်ပါသည်။ ကွန်ပျူတာနှင့် အင်တာနက် (Internet)၊ ဝိုင်ဖိုင် (Wi-Fi) ပံ့ပိုးမှုကိုတော့ ပေးထားရပါမည်။
(၆) ဗဟုသုတနှင့် နိုင်ငံအလိုက် ယဉ်ကျေးမှုကို ထိန်းသိမ်းပေးခြင်း (Preservation of Know-ledge and Culture)
စာကြည့်တိုက်များက ရှားပါးရှေးဟောင်းစာပေများ (Rare Manuscripts)၊ သမိုင်းဝင်လက်ရေးမူ၊ လက်မှတ်ပါအထောက်အထားများ (Historical Documents)၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းများ (Cultural Artifacts)ကို တာရှည်ခံအောင် ကာကွယ်ပေးထား (Preserve) သဖြင့် သုတေသနနှင့် သင်ယူရေးအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်ပါသည်။ ဤသည့်စုဆောင်းမှုများ(Collections)ကို ရေရှည်တည်တံ့နိုင်အောင် ခေတ်မီ နည်းပညာဒစ်ဂျစ်တယ်စနစ် (Digital Collection)များဖြင့် ထိန်းသိမ်းထားနိုင်သည့် စွမ်းရည်ရှိလာပါပြီ။
(၇) ဒစ်ဂျစ်တယ်ခေတ်ကို စာအုပ်စာပေမှ ပြောင်းလဲခြင်း (Adaptation to Digital Transformation)
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၏ စာကြည့်တိုက်များသည် နည်းပညာအသစ်များကို လက်ခံကျင့်သုံးရန် ထိပ်ဆုံးကခေါင်းဆောင်သဖွယ်ဖြစ်ပြီး အီလက်ထရောနစ်စာအုပ် (e-books)၊ အွန်လိုင်းဂျာနယ် (Online Journals)၊ စာဖတ်ကိရိယာပုံစံတူ (Virtual Reality Tools) စသည်တို့ကို စာကြည့်တိုက်များမှ စတင်ခဲ့ပါသည်။ စာကြည့်တိုက်များက ဒစ်ဂျစ်တယ်ပညာရေး (Digital Literacy Training) ကို သင်တန်းပေးနိုင်ပါသည်။
(၈) ပညာရပ်ဆိုင်ရာအသုံးပြုခွင့်နှင့် သာတူညီမျှရှိခြင်း (Equity and Accessibility)
စာကြည့်တိုက်များက ကျောင်းသား/ ကျောင်းသူ၊ ကျား/မ လူတန်းစားမရွေး အခွင့်အရေးတူညီစွာရပါသည်။ မသန်စွမ်းသူများအတွက်လည်း သီးသန့်အခွင့်အရေးပေးထားပါသည်။
(၉) မိမိသက်ဆိုင်သော အရပ်အဝန်းအလိုက် ကွန်ရက်သဖွယ် ချိတ်ဆက်ပေးခြင်း (Com-munity and Networking)
စာကြည့်တိုက်များက အသိဉာဏ်ပညာဖလှယ် မှု (Intellectual Exchange)၊ ဟောပြောပွဲ (Hosting Seminars)၊ စာအုပ်အသင်း(Book Clubs)၊ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ (Academic Conferences)များ ချိတ်ဆက်ပေးပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူအချင်းချင်း၊ သုတေသီအချင်းချင်း၊ ပညာရှင်အချင်းချင်း ချိတ်ဆက်ပေးနိုင်သော အခွင့်အလမ်း ဖန်တီးပေးပါသည်။
(၁၀) စာကြည့်တိုက်များက တက္ကသိုလ်များ ကမ္ဘာ့အဆင့်မီရေး မြှင့်တင်ပေးခြင်း (Enhancing University Rankings)
အဆင့်မီ၊ ခေတ်မီစာကြည့်တိုက်များရှိခြင်းဖြင့် တက္ကသိုလ်များဂုဏ်တက်လာပြီး ထူးချွန်ထက်မြက်သော ပညာရှင်၊ ကျောင်းသား ကျောင်းသူများ လာရောက်ရန် ဆွဲဆောင်ပေးနိုင်ပါသည်။ ထိုအခွင့်အရေးများကြောင့် တက္ကသိုလ်အဆင့်အတန်း မြင့်လာပြီး ကမ္ဘာက လေးစားရသော တက္ကသိုလ်များ ဖြစ်လာနိုင်ပါသည်။
ကျွန်တော် ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့သင်တန်း တက်စဉ်က စာကြည့်တိုက် အသုံးပြုပုံမှာ ကက်တလောက်ကို အင်တာနက်အွန်လိုင်းမှ မှာယူကြည့်၍ ကျွန်တော်နေထိုင်ရာ သီးနှံသိပ္ပံဌာန (Institute of Crop Science - ယခုတော့ အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသ ဩဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနှင့် သီးနှံပတ်ဝန်းကျင်စနစ်ဆိုင်ရာ သုတေသနဌာန- Organic Plant Production and Agro-ecosystems Research in the Tropics and Sub-Tropics) သို့ အရောက်ပေးပို့သည့်စနစ်ဖြစ်ပါသည်။
စာကြည့်တိုက်သို့ လူကိုယ်တိုင်သွားစရာမလိုတော့ပါ။ ပညာရပ်ဆိုင်ရာဂျာနယ် (Academic Journals)များက အွန်လိုင်းက လွှဲပြောင်းပုံနှိပ် ထုတ်ယူဖတ်ရှု (Download, Print and Read) နိုင်ပါသည်။ နောက်တစ်ခုက ကက်ဆယ်တက္ကသိုလ်တွင် စာကြည့်တိုက်အဆောက်အအုံခွဲ (Branches of Kassel University Library) ပေါင်းခုနစ်ခု ရှိပါသည်။
ဂျာမနီနိုင်ငံတစ်နိုင်ငံလုံး ပို့ဆောင်ရေးစနစ်က အလွန်ကောင်းမွန်သဖြင့် ကက်ဆယ်စာကြည့်တိုက်ခွဲများနှင့် ဂိုတင်ဂန်တက္ကသိုလ် (Georg August University - Gottingen University) ရှိ စာကြည့် တိုက်များသို့ သွားရောက်ရာတွင် ကျွန်တော်တို့ ကျောင်းသားများအား နှစ်ဝက်ရထားစီးလက်မှတ် (Semester Tickets for Students) ပေးထားသဖြင့် ကြိုက်သည့်ဒေသရထား (Regional Trains)၊ မြို့ပတ်ရထား (Tram – ဂျာမန်အခေါ် - Strassen-bahn) တက်စီးစီးပိုက်ဆံထပ်ပေးစရာ မလိုတော့ပါ။ ဂိုတင်ဂန်တက္ကသိုလ် စာကြည့်တိုက်ကလည်း အကြီးကြီးဖြစ်ပြီး အဆောင်ငါးဆောင်၊ အထပ် ခုနစ်ထပ်ရှိပါသည်။ မြေအောက်ထပ်တွင် စာအုပ်အသစ်များထားပါသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်များအတွက် ဘာသာရပ်အသစ်များ/ ပညာရပ်အသစ်များ အကြောင်း ဆက်ဆွေးနွေးရအောင်ပါ။ ၁၉၂၄ ခုနှစ် မန္တလေးမှစတင်ခဲ့သော စိုက်ပျိုးရေးတက္ကသိုလ် (A, B, C, D, E) ဘာသာရပ်များ (ဌာနကြီး ၅-ဌာန)မှ ထိုစဉ်က ပျဉ်းမနား (ရေဆင်း) သို့ ရောက်သော အခါ ၁၉၉၄ ခုနှစ်တွင် ပါမောက္ခ/ဌာနမှူးရှိဌာန နှစ်ခု ထပ်မံဖြစ်ပေါ်လာသော (H – Horticulture ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး) နှင့် (EC – Agricultural Economics စိုက်ပျိုးစီးပွားရေးပညာ) ဌာနများအပါအဝင် စုစုပေါင်းဌာနကြီး ခုနစ်ခုရှိလာပါသည်။
(၅) ဥယျာဉ်သီးနှံ သီးနှံစိုက်ပျိုးရေးပညာဌာန (Department of Horticulture)
ဥယျာဉ်ခြံသီးနှံဌာနကို ၁၉၆၇ ခုနှစ်တွင် (B – Agricultural Botany) စိုက်ပျိုးရေး ရုက္ခဗေဒဌာနမှ ခွဲထွက်၍ ဌာနအသစ်အနေဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ရေး ဘာသာရပ်များ သင်ကြားပေးနေပါသည်။ ဤသီးနှံ၊ အပင်များသည် အိန္ဒိယနိုင်ငံအတွက် အရေးပါသော သီးနှံများဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံး စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၃၀ ရာခိုင် နှုန်း ထုတ်လုပ်ပေးပါသည်။
(၅-က) ထို့ကြောင့် အိန္ဒိယစိုက်ပျိုးရေး သုတေသနတက္ကသိုလ် (IARI – Indian Agricultural Research Institute) တွင် အောက်ပါအတိုင်း ဥယျာဉ်ခြံသီးနှံ အဆင့်မြင့်ကျောင်း (School of Horticultural Sciences) အောက်တွင် အောက်ပါ ဌာနကြီးများ သီးသန့်ခွဲထုတ်ထားပါသည်-
(၅-က-၁) ဟင်းသီးဟင်းရွက် သိပ္ပံဌာနကြီး (Division of Vegetable Science)
(၅-က-၂) သစ်သီးဝလံနှင့် ဥယျာဉ်ခြံနည်းပညာ ဌာနကြီး (Division of Fruits and Horticultural Technology)
(၅-က-၃) ပန်းမန်နှင့် မြေယာအလှပြုပြင်ဌာန ကြီး (Division of Floriculture and Landscaping)
(၅-က-၄) ဥယျာဉ်သီးနှံများ ရိတ်သိမ်းပြီးနောက် ပိုင်း အတတ်ပညာဌာနကြီး (Divison of Post-Harvest Technology) စသည်ဖြင့် သီးသန့်ဌာနကြီး ၄ - ဌာနခွဲ၍ ဆရာ ဆရာမ၊ သုတေသနပညာရှင်များ ၇၂ ဦး (72 Scientists)အထိ သင်ကြားသုတေသနပြု နေပါသည်။
အခြားနာမည်ကြီးတက္ကသိုလ်များမှာ -
(၅-ခ) ဥယျာဉ်ခြံသီးနှံသင်ကြားရေးနှင့် သုတေသနအစီအစဉ်၊ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင် သိပ္ပံကောလိပ်၊ ကာလီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ်၊ အမေရိကန်နိုင်ငံ (Horticulture Programs, College of Agriculture and Environmental Science, UC Davis, US) ဘာသာရပ်နှင့်ဌာနအသစ် များမှာ ပတ်ဝန်းကျင်ဆိုင်ရာဥယျာဉ်ခြံသီးနှံ (Envi-ronmental Horticulture)၊ စပျစ်စိုက်ပျိုးရေးနှင့် ဝိုင်သိပ္ပံ (Viticulture and Wine Science)၊ မြေယာအလှဆင်ဗိသုကာပညာ (Landscape Architec-ture) စသည့်ဘာသာရပ်များဖြစ်ပါသည်။
(၅-ဂ) ဥယျာဉ်ခြံသီးနှံအုပ်စုကြီး၊ သီးနှံသိပ္ပံ မဟာဌာန၊ ဗာဂင်နီဂန်သုတေသနတက္ကသိုလ်၊ နယ်သာလန် (Horticulture Group, Crop Science Cluster, Wageningen University & Research, The Netherlands) ကမ္ဘာကျော်မှန်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး (Green House Crop Pro-duction)၊ ဥယျာဉ်ခြံသီးနှံမျိုးများ မွေးမြူထုတ်လုပ် ခြင်း (Horticultural Crops Breeding) စသည့် လုပ်ငန်းများ အောင်မြင်စွာပြုလုပ်နေပါသည်။
ကမ္ဘာ့အကြီးဆုံးပန်းလေလံပွဲ (World Biggest Flowers Auction) သည်လည်း အန်စတာဒန်နိုင်ငံ တကာလေဆိပ်အနီးတွင် နေ့စဉ် နံနက် ၅ နာရီ ပြုလုပ်ဆောင်ရွက် ရောင်းချနေပါသည်။ (နိုင်ငံ မြေယာ စုစုပေါင်း ၆၆ ရာခိုင်နှုန်း စိုက်ပျိုးမွေးမြူ နေပြီး ၂၀၂၄ ခုနှစ်တွင် ဤကဏ္ဍမှ စုစုပေါင်းဝင်ငွေ ၄၇ ဒသမ ၄ ဘီလီယံယူရို ရရှိပါသည်)။
(၆) စိုက်ပျိုးစီးပွားရေးပညာဌာန (Department of Agricultural Economics)
၁၉၆၇ ခုနှစ်တွင် (A - Agriculture) စိုက်ပျိုးရေးဌာနမှ သီးခြားခွဲထွက်ဌာနအသစ ဖြစ်ပေါ်လာပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားခြင်း (Agribusiness and Marketing)၊ စိုက်ပျိုးရေးဆိုင်ရာမူဝါဒများ (Agricultural Policy)၊ ပတ်ဝန်းကျင်ဆိုင်ရာစီးပွားရေး (Environmental Economics) စသည်ဖြင့် ဘာသာရပ်များစွာ စုံလင်လှပါသည်။
ယခင်က စီးပွားရေးတက္ကသိုလ်များတွင် စိုက်ပျိုးစီးပွားရေးပညာရှင်များ (Agricultural Economists) ရှိခဲ့သော်လည်း ယနေ့ခေတ် သင်ကြားသုတေသနပြုမှု ရှိ မရှိ မသိတော့ပါ။ ဤဘာသာရပ်က အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများ ပူးတွဲပြုလုပ်သင့်ပြီးစိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ ဈေးကောင်းပို့ဆောင်ပေးနိုင်သည့် နိုင်ငံခြားဝင်ငွေ (FE – Foreign Exchange) ရရှိ နိုင်သည့် ဘာသာရပ်ဖြစ်ပါသည်။ ဤဘာသာရပ် သင်ကြားလျက်ရှိနေသော ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များမှာ -
(၆-က) စိုက်ပျိုးမွေးမြူရေးနှင့် သယံဇာတ စီးပွားရေးပညာဌာန၊ ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကေးလီ၊ အမေရိကန်နိုင်ငံ (Department of Agricultural and Resources Economics, UC Berkeley, US)
စိုက်ပျိုးစီးပွားရေးနှင့် သယံဇာတမူဝါဒ (Agri-cultural and Resource Policy)၊ ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်စီးပွားရေးပညာ (Environ-mental and Natural Resource Economics)၊ ဖွံ့ဖြိုးရေးဆိုင်ရာစီးပွားရေး (Development Eco-nomics)၊ အစားအသောက်စနစ်နှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး (Food Systems and Sustainability)၊ ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးမွေးမြူရေး (Climate Change and Agriculture) စသည်တို့ကို သင်ကြားသုတေသနပြုလျက်ရှိပါသည်။
(၆-ခ) ဒိုင်ဆွန်အသုံးချစီးပွားရေးနှင့် စီမံခန့်ခွဲရေး အဆင့်မြင့်ကျောင်း၊ ကော်နယ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ (Charles H. Dyson School of Applied Economics and Management, Cornell University, US)
စိုက်ပျိုးရေးနှင့် အစားအသောက်ဆိုင်ရာမူဝါဒ (Agricultural and Food Policy)၊ စိုက်ပျိုး သီးနှံများ ရောင်းဝယ်ဖောက်ကားမှု (Agribusiness Management)၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေး (Rural Development Economics)၊ ကွင်းဆက်နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်သွယ် ရေး (Supply Change and Trade in Agriculture)၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာစီးပွားရေး (Envi-ronmental and Energy Economics) စသည် တို့ကို သင်ကြားသုတေသနပြုလျက်ရှိပါသည်။
(၆-ဂ) စိုက်ပျိုးမွေးမြူရေးမူဝါဒ ဖွံ့ဖြိုးရေး အဆင့်မြင့်ကျောင်း၊ ရက်ဒင်းတက္ကသိုလ်၊ ယူကေ နိုင်ငံ (School of Agriculture, Policy and Deve-lopment, University of Reading, UK)
စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာဆိုင်ရာ စီးပွားရေး (Agricultural and Food Economics)၊ စိုက်ပျိုးရေးထုတ်ကုန်များကုန်သွယ်မှု (Agribusi-ness and Trade)၊ ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးမွေးမြူရေး (Climate Change and Agri-culture)၊ ကျေးလက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ (Rural and Environmental policy)၊ ရေရှည် တည်တံ့ခိုင်မြဲသောအစားအစာစနစ် (Sustainable Food Systems) စသည်တို့ကို သင် ကြားသုတေသန ပြုလျက်ရှိပါသည်။
(၆-ဃ) စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာဆိုင်ရာအဆင့်မြင့်ကျောင်း၊ မဲလ်ဘုန်းတက္ကသိုလ်၊ ဩစတြေးလျနိုင်ငံ (School of Agriculture and Food, University of Melbourne, Australia)
စိုက်ပျိုးစီးပွားရေးဆိုင်ရာပြဿနာများ စိစစ်သုံးသပ်ခြင်း (Agricultural Market Analysis)၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စီးပွားရေးပညာနှင့် စိုက်ပျိုးမွေးမြူရေး (Climate Change Economics in Agriculture)၊ အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာမူဝါဒများ (Food Security and Policy)၊ အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးပညာ (Resource and Environmental Econo-mics) စသည်တို့ကို သင်ကြားသုတေသနပြုလျက်ရှိပါသည်။
(ဆက်ပါဦးမည်)