Skip to main content

ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် . . .

အညတြ

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာပြီး လွတ်လပ်ရေးကြိုးပမ်းမှုအဆင့်ဆင့်မှ သန္ဓေတည်လာခဲ့သည့် တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ နိုင်ငံကာကွယ်ရေးတိုက်ပွဲများဆင်နွှဲရင်း ဖြစ်တည်လာခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသော နိုင်ငံရေးယုံကြည်ချက်၊ လမ်းစဉ်၊ ဝါဒ စသည့် ကွဲလွဲခဲ့သည့်အချက်များနှင့် နယ်ချဲ့၏ သွေးခွဲခဲ့သည့်စနက်တို့ကြောင့် အကျိုးဆက်ဖြစ်လာသည့် ပြည်တွင်းသောင်းကျန်းမှု လက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်သည် ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုက်ဖျက်နှိမ်နင်းခဲ့ရသည်။ တပ်မတော်သည် နှစ်ပေါင်း ၈၀ နီးပါးကြုံတွေ့ခဲ့ရသည့် ပဋိပက္ခများကြောင့် စစ်ရေးအတွေ့အကြုံများ မြောက်မြားစွာရရှိသကဲ့သို့ တည်ငြိမ်မှုမရှိသည့် မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် မလွှဲသာမရှောင်သာ ပါဝင်ပတ်သက်ကျင်လည်ခဲ့ရသဖြင့် ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများလည်း တနင့်တပိုးရရှိခဲ့ပြီးဖြစ်သည်။

အမျိုးသားရေးတာဝန်

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သည်များ၊ တိုးတက်ဖြစ်ပေါ်လာခဲ့ကြသည်များမှာ နိုင်ငံတော်၏ အနာဂတ်အတွက် ယူတတ်လျှင် တန်ဖိုးမဖြတ်နိုင်သော သမိုင်းသင်ခန်းစာများပင်ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် ကာလများအထိ ဖြစ်ပျက်ခဲ့သောအခြေအနေများသည်လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကာလအထိ ဖြစ်ပေါ်ခဲ့သောဖြစ်ရပ်များသည်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကာလများသည်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ မျက်မှောက်ကာလအထိ အခြေအနေများသည်လည်းကောင်း တစ်ခုနှင့်တစ်ခုကြောင်းကျိုးဆက်စပ်ကာ ဖြစ်ပေါ်လာသကဲ့သို့ ကာလတစ်ခုနှင့်တစ်ခု အခြေအနေအလိုက် ပြောင်းလဲဖြစ်ပေါ် အားပြိုင်လျက်ရှိကြောင်း တွေ့ရမည်ဖြစ်သည်။

တပ်မတော်သည် ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသားရေးယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာထိန်းသိမ်းစောင့်ရှောက်မှုတို့ကို အသက်၊ သွေး၊ ချွေးပေးဆပ်ကာ တွန်းလှန်ကာကွယ်စောင့်ရှောက်ခဲ့သည်။ တပ်မတော်သားများသည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအပေါ်တွင် အသက်ပေး၍ သစ္စာစောင့်သိသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုတာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွင် အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရေး၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေးဖြစ်သည်။

တည်ငြိမ်အေးချမ်းရေး

မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ပြီး နိုင်ငံတော်အာဏာကို မသမာသည့်နည်းလမ်းဖြင့် အဓမ္မရယူရန် ကြိုးပမ်းလာသောကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်၏တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် ဆူပူမှုများကိုသာကြုံတွေ့ခဲ့သော်လည်း နောက်ပိုင်းတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်ဘက်နေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာခဲ့ခြင်းတို့ဖြစ်သည်။ ဖြစ်ပေါ်လာခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့သည့် NUG မှ ပေါက်ဖွားလာသော PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ကူညီခဲ့သည့် အချို့သော EAO အဖွဲ့များကြောင့်ဖြစ်သည်။

အကြမ်းဖက်သမားများသည် အာဏာရှင်တိုက်ဖျက်ရေးဟု ကြွေးကြော်တိုက်ခိုက်ကြသည်ဆိုသော်လည်း လက်တွေ့တွင် ၎င်းတို့သည်သာ စစ်ဘုရင်၊ ကိုယ်ကျိုးရှာဖွေသူများဖြစ်နေသည်ကို မြင်တွေ့ရသည်။ ဤနိုင်ငံမှာနေ၊ ဤနိုင်ငံမှ ရေကိုသောက်ပြီး ဤနိုင်ငံနေ အပြစ်မဲ့တိုင်းရင်းသားမိဘပြည်သူများကို နည်းအမျိုးမျိုးဖြင့် စဉ်းလဲကောက်ကျစ်စွာဒုက္ခပေးနေကြသော သောင်းကျန်းသူများသည် အမျိုးသားသစ္စာဖောက်များ ဖြစ်ကြရုံသာမက ၎င်းတို့အသက်ဆက်ရပ်တည်နိုင်ရေးအတွက် နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဖျက်ဆီးနေမှုများက နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှသည်။ တပ်မတော်သားတို့သည် အမျိုးသားသစ္စာဖောက်၊ အဖျက်သမားသောင်းကျန်းသူများနှင့် ရင်ဆိုင်ခဲ့ကြသည့် တိုက်ပွဲတိုင်းတွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့အမျိုးသားရေးအတွက်ဟူသော ခိုင်ကျည်သည့်သန္နိဋ္ဌာန်စိတ်ဖြင့် ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ခဲ့ကြသည်ချည်းဖြစ်သည်။ စွန့်လွှတ်စွန့်စားကာ တိုက်ခိုက်ခဲ့ကြသည်။

အဖျက်လုပ်ရပ်များ

တပ်မတော်သည် ဒီမိုကရေစီနည်းလမ်းတကျပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်း တစ်နည်းအားဖြင့် ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်။ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံတော်ကို အသက်၊ သွေး၊ ချွေးအမြောက်အမြားပေးဆပ်ကာ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ အလိုလားဆုံးဆန္ဒမှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဖိတ်ခေါ်ကာ ဆွေးနွေးအဖြေရှာခဲ့သော်လည်း ငြိမ်းချမ်းရေးကို အခွင့်ကောင်းယူပြီး EAO အချို့က တိုက်ပွဲများ ဖော်ဆောင်လာခဲ့သည်။ အကြမ်းဖက်သမားများက အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။

နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု အသိပေးထားသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က နိုင်ငံတော်အကြီးအကဲနှင့် ဘယ်လာရုစ်သမ္မတတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလအစောဆုံးကျင်းပသွားရန် အတိအလင်းပြောကြားခဲ့ပြီးဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဖျက်လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရမည်ဖြစ်သည်။

တပ်မတော်နှင့် ပြည်သူ

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်မှုများ၊ လူမျိုးစွဲအာဃာတစွဲကြီးမားမှုများ၊ နိုင်ငံရေးဂိုဏ်းဂဏကွဲပြားမှုများ၊ နယ်ချဲ့လက်ဟောင်း၊ လက်သစ်တို့၏ သွေးခွဲသပ်လျှိုမှုများ၊ နိုင်ငံရေးပယောဂများကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပဋိပက္ခများ၏ ဆိုးမွေများကြောင့် တိုင်းပြည်အောက်ကျနောက်ကျဖြင့် ရှေ့မတက်နိုင်အောင်ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ပြုလုပ်သည့် အကြမ်းဖက်အဖွဲ့ CRPH/NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ၎င်းတို့ကို အားပေးအားမြှောက်ပြုလုပ်ပြီး ပွဲလန့််တုန်းဖျာခင်းသည့် EAO တို့ကို တပ်မတော်နှင့်အတူ ပြည်သူလူထုလက်တွဲပူးပေါင်း၍ လုံးဝချုပ်ငြိမ်းသွားအောင် ပြုလုပ်ကြရမည်ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ၏ လက်တွဲဆောင်ရွက်နိုင်မှုအားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကြီးမားသောအင်အားများဖြစ်စေသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်မှ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖျက်ဆီးမှုများပြားနေပါက ပြည်သူများပင် ဒုက္ခဆင်းရဲအမျိုးမျိုးကြုံတွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အစွမ်းကုန်ဆောင်ရွက်လျက်ရှိသည်။

ဦးတည်ချက်နှင့်အညီ

၂၀၂၅ ခုနှစ် နှစ် (၈၀) ပြည့် တပ်မတော်နေ့အတွက် “ဒို့တာဝန် အရေး (၃) ပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး (၃) ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအား ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ထာဝရငြိမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးတပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး” ဟူသည့် ချမှတ်ထားသော ဦးတည်ချက် (၄) ရပ်ကို အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန်အတွက် တပ်မတော်သည် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူများနှင့် အတူလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံနှင့် ပြည်သူအတွက်

နှစ် (၈၀) ပြည့် တပ်မတော်နေ့ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှု အင်အားသည်အဓိကကျသည်။ နိုင်ငံတော်၏ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်သားများက အသက်ပေးကာကွယ်စောင့်ရှောက်နေကြသလို တိုင်းရင်းသားပြည်သူများကလည်း အားတက်သရေပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးအတွက် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် တပ်မတော်က အစွမ်းကုန်ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

တပ်မတော်သည် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာတွင် တပ်မတော်သားတို့၏ ခန္ဓာ၊ ခြေလက်၊ အသက်ကိုပင်ပေးဆပ်ရန် မတွန့်ဆုတ်ဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူများအပေါ် မည်မျှချစ်မြတ်နိုးကြောင်းကို သမိုင်းကြောင်းတစ်လျှောက်တွင် သက်သေအခိုင်အမာပြခဲ့ပြီးဖြစ်သည်။ ခေတ်သမိုင်းအဆက်ဆက် မည်သည့်အဖွဲ့အစည်းနှင့်မျှမတူသော အနစ်နာခံမှု၊ စွန့်လွှတ်စွန့်စားမှုမျိုးကို တပ်မတော်သားများက စွမ်းဆောင်ခဲ့ကြောင်းကို အလုပ်ဖြင့် သက်သေပြလျက်ရှိ၍ ယုံမှားသံသယရှိနိုင်မည်မဟုတ်ပေ။ တပ်မတော်ကြီး စတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံတော်အတွက်နှင့် တိုင်းရင်းသားမိဘပြည်သူများအတွက် ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံတော်အတွက်၊ မိဘပြည်သူအတွက်ပင်ဖြစ်သည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

အစွမ်းကုန်ဖြည့်စွမ်းပေး

တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးရလေအောင် အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ နိုင်ငံရေးရေစီးကြောင်းတွင်လည်း အနေအထားအမျိုးမျိုးဖြင့် လိုက်ပါလာခဲ့ရပြီးဖြစ်သည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ရှေ့တန်းစခန်းအသီးသီး၊ နယ်မြေအသီးသီးတွင် သူရသတ္တိရှိစွာဖြင့် ရန်သူကိုချေမှုန်းခဲ့ကြသလို နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးတာဝန်များတွင်လည်း ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြ ပြီးဖြစ်သည်။ အထူးသဖြင့် နိုင်ငံလွတ်လပ်ရေးမဆုံးရှုံးအောင် ကာကွယ်စောင့်ထိန်းခဲ့သည်ကို အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်းမြင်တတ်၊ သိတတ်သူများအနေဖြင့် တပ်မတော်၏ ဆောင်ရွက်ချက်များကို ကြိုဆိုလက်ခံခဲ့ကြသလို အဆိုးမြင်ဝါဒီများနှင့် အဖျက်သမားများက နိုင်ငံတော်အား အမျိုးမျိုးအဖုံဖုံ နှောင့်ယှက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုပါလျှင် တပ်မတော်သည်အတိတ်က ခါးသီးခဲ့သော သင်ခန်းစာများကို တစ်ပွေ့တစ်ပိုက်ရယူလျက် တိုင်းရင်းသားပြည်သူများ၏ဆန္ဒကို ဖြည့်စွမ်းပေးသည့် တပ်မတော်အဖြစ် ရပ်တည်လျက် ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကာ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့အမျိုးသားအတွက်” ဟူသော ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်လျက်ရှိသော တပ်မတော်ဖြစ်ပါကြောင်း။          ။