လူတို့၏ အသက်နှင့် အိုးအိမ်များကို ဖျက်ဆီးသော မြေငလျင်နှင့် ဆောက်လုပ်ရေးကဏ္ဍ
ဒေါက်တာကျော်လတ် (ဂုဏ်ထူးဆောင်ပါမောက္ခ၊ ဗိသုကာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်)
မတ် ၂၈ ရက်က မြန်မာပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းကိုကျော်လွန်၍ မိမိတို့အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း ဖျက်ဆီးဒုက္ခပေးခဲ့သော “မြေငလျင်” ပေါ်ပေါက်ခဲ့သဖြင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ဆက်စပ်ပတ်သက်နေသော ဗိသုကာတစ်ဦးအနေဖြင့် နောက်နောင် မြေငလျင်ပေါ်ပေါက်လျှင် သေကျေပျက်စီးမှုလျော့ပါးရန် အဆိုပြုချက်များကို ဤဆောင်းပါး ဖြင့်တင်ပြအပ်ပါသည်-
မြေငလျင်လှုပ်မည့်အချိန်နှင့် နေရာကို ကြိုတင်တွက်ချက်နိုင်ပါသလား
ကမ္ဘာကြီးကို အလွှာပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး မိမိတို့လူများ၊ သတ္တဝါများနေထိုင်ကြသော မြေကြီး၊ မြစ်များ၊ ပင်လယ်သမုဒ္ဒရာများ၊ တောင်များရှိသော အလွှာကို Lithosphere ဟုခေါ်သည်။ မြေငလျင်လှုပ်ရသော အဓိကအကြောင်းမှာ ထိုအလွှာအောက်ရှိ Crust တွင် ရုတ်တရက် စွမ်းအင်ပေါ်ပေါက်ပြီးထိုမှ လှိုင်းများပေါ်ထွက်၍ တုန်လှုပ်ခြင်း Sudden release of strain energy in the Earth's crust resulting in waves ကြောင့် ဖြစ်ရသည်ဟု အတိုရှင်းထားသည်ကို ဖတ်ရပါသည်။
ထို Lithosphere အလွှာသည် အထူအပါး၊ သိပ်သည်းမှုစသည်တို့ မတူကွဲပြားသည့်အပြင် အချို့သောနေရာများတွင် Fault ဟုခေါ်သော မြေအောက်အက်ကြောင်းများလည်းရှိကြသည်။ အထက်ဖော်ပြပါ Crust သည် အချို့နေရာများတွင် မိုဘင် ၆ဝ ခန့်ပင်ထူသောကြောင့် ထိုအောက်တွင် ဖြစ်ပျက်ပုံများကို သိရှိတိုင်းတာရန်မဖြစ်နိုင်ပေ။ ယနေ့ပညာရှင်များ အားကိုးအသုံးပြုနေကြသောနည်းမှာ သက်ဆိုင်သောနေရာများတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပေါ်ဖူးခဲ့သော ငလျင်များကိုအခြေခံ၍ ဖြစ်ပေါ်နိုင်ခြေရှိသောအချိန်ကို မှန်းဆကြခြင်းသာဖြစ်ပါသည်။ ဥပမာ နှစ်ပေါင်း ၂၅ နှစ်၊ နှစ် ၅ဝ စသည်ဖြင့် ဖြစ်ပေါ်နိုင်မည်ဟုသာ ခန့်မှန်းကြသည်။ တစ်နည်းဆိုသော် Statistical method ကိုအခြေခံခြင်းသာ ဖြစ်ပေသည်။ သို့သော် ထိုနည်းသည် Full Reliability ရာနှုန်းပြည့် အားကိုးနိုင်သော နည်းမဟုတ်သည်ကိုလည်း မိမိတို့လက်တွေ့ပင်ဖြစ်သည်။
အထက်ပါ Statistical method ကို အခြေခံလေ့လာပါလျှင် စစ်ကိုင်းမြို့တွင် ၂ဝ ရာစုနှစ် အစပိုင်းမှစ၍ ပေါ်ပေါက်ခဲ့သော ငလျင်များသည် ၁၉၃၂ ခုနှစ်၊ ၁၉၄၆ ခုနှစ်၊ ၁၉၅၄ ခုနှစ်၊ ၁၉၅၆ ခုနှစ်၊ ၁၉၇ဝ ပြည့်နှစ်၊ ၁၉၈၈ ခုနှစ်၊ ၁၉၉၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်နှင့် ယခု ၂ဝ၂၅ ခုနှစ်တို့ဖြစ်သည်။ တစ်ကြိမ်နှင့်တစ်ကြိမ် ကွာခြားသောနှစ်များကို တွက်လျှင် ၁၄ နှစ်၊ ၈ နှစ်၊ ၂နှစ်၊ ၁၄နှစ်၊ ၁၈နှစ်၊ ၇နှစ်၊ ၂၁ နှစ်၊ ၄နှစ်နှင့် ၉ နှစ်တို့ဖြစ်သောကြောင့် Statistics အရမည်သည့် Regularity ပုံမှန် စနစ်မျှမတွေ့ရှိရပေ။
စာရေးသူဖတ်ဖူး၊ ကြားဖူးသောဖြစ်နိုင်သော အခြားနည်းတစ်နည်းမှာ ပင်လယ်ရေအောက်နေ ငါးများလှုပ်ရှားမှုပုံစံကို လေ့လာ၍ သိနိုင်မည်လားဟု ပညာရှင်များစဉ်းစားမိကြသည်။ တိရစ္ဆာန်များ ဖြစ်သည့် ပုရွက်ဆိတ်များ၊ ငှက်များ၊ ခွေးများ၊ မြင်းများစသည်တို့သည် Instinct ခေါ်သော အတွင်းအသိစိတ်ရှိတတ်ကြသည်။ ဥပမာ ပုရွက်ဆိတ်များသည် မိုးမရွာမီ အိမ်ပြောင်းလေ့ရှိကြ သည်။ အမျိုးကောင်းမြင်းများသည် အန္တရာယ်ရှိသောနေရာများသို့ ခိုင်း၍မရခြင်းစသောအမူ အကျင့်များအပေါ်မူတည်၍ ငါးများ၏ လှုပ်ရှားမှုပုံစံကို လေ့လာကြရန်ဖြစ်သည်။ သို့သော်ထိုသုတေသနမှရလဒ်သည်လည်း စာရေးသူကျောင်းသားဘဝမှပင် စတင်ခဲ့သောကြောင့် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း အသုံးပြုနိုင်သော အခြေအနေမရှိခဲ့ပေ။
ယခုမတ်လ ၂ဝ၂၅ ခုနှစ်မြေငလျင်၏ Epicenter ဗဟိုသည် စစ်ကိုင်းမြို့အနီးဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် သေကျေပျက်စီးမှုအများဆုံးဖြစ်သည်ကို လက်ခံကြရပါမည်။ သို့သော် တစ်မြို့တည်း၊ တစ်လမ်းတည်းတွင် အချို့အဆောက်အအုံများပြိုလဲပြီး အချို့အဆောက်အအုံများ မည်သို့ကြောင့် တည်မြဲခဲ့ကြပါသနည်း၊ သို့မဟုတ်အသေအပျောက် နည်းရပါသနည်းဆိုသော မေးခွန်းပေါ်ထွက် လာပေသည်။ ထိုမေးခွန်းအတွက် ဗိသုကာတစ်ဦးအနေဖြင့် လွယ်ကူတိကျသောအဖြေကို ဖော်ပြနိုင်ပါသည်။
ထိုလွယ်ကူ၍တိကျသောအဖြေမှာ “တစ်မြို့တည်းရှိ အချို့သောအဆောက်အဦတို့သည် စနစ်တကျကျွမ်းကျင်သော ပညာရှင်များက ပုံစံရေးဆွဲတွက်ချက်ကြသည့်အတိုင်း တည်ဆောက်ခဲ့ကြပြီး အချို့တို့ကိုဆောက်သော ကန်ထရိုက်များသည် မှန်ကန်တတ်ကျွမ်းသောပညာရှင်များကို အသုံးမပြုဘဲ အမြတ်အစွန်းပိုက်ဆံရရေးကိုသာ အဓိကထားပြီး မမှန်မကန်ဆောက်လုပ်ရေး ပစ္စည်းများဖြင့် တည်ဆောက်ခဲ့သောကြောင့်” ဖြစ်ပါသည်။
စနစ်တကျပုံစံရေးဆွဲတွက်ချက်ဆောက်လုပ်ခြင်း
‘စနစ်တကျပုံစံရေးဆွဲ၊ တွက်ချက်ဆောက်လုပ်ခြင်း’ ဟု အထက်တွင်ဆိုခဲ့ရာ အထပ်မြင့်အဆောက် အအုံတစ်ရပ် စနစ်တကျပုံစံထုတ်တွက်ချက် ဆောက်လုပ်ပုံကို ဖော်ပြပါမည်။ ပထမပူးပေါင်းဆောင်ရွက်ရသော အထူးကျွမ်းကျင်ပညာရှင် Specialists များသည် (၁) Geotechnical engineer မြေကြီးခိုင်မာမှုကို စမ်းသပ်ရသော အင်ဂျင်နီယာပညာရှင်၊ (၂) Foundation specialist အဆောက်အအုံ အုတ်မြစ်အတွက်ကျွမ်းကျင်သူ အင်ဂျင်နီယာပညာရှင်၊ (၃) Structural engineer ခိုင်ခံ့မှုကို တွက်ချက်သော အင်ဂျင်နီယာပညာရှင်၊ (၄) Sanitation engineer ရေပေးရေးနှင့် ရေထုတ် စနစ်တို့ကိုစီမံသော အင်ဂျင်နီယာပညာရှင်၊ (၅) Mechnical and electrical engineer (M & E) လျှပ်စစ်နှင့်စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာပညာရှင်ဟူ၍ ပညာရှင်ငါးဦးခန့်ရှိပါသည်။
ဗိသုကာပညာရှင်သည် အဆောက်အဦ၏ပုံစံကို စတင်မရေးဆွဲမီပင် တည်ဆောက်မည့်နေရာကို လေ့လာရပါသည်။ မည်သည့်ဘက်မှ ဝင်မည်၊ မည်သို့ထွက်မည်၊ နေလမ်းကြောင်း၊ လေလမ်းကြောင်းမည်သို့ရှိမည် စသည်တို့အပြင် ဘုရားစေတီပုထိုးများနှင့် အရေးကြီးအဆောက် အအုံများအနီးပတ်ဝန်းကျင်တွင်ရှိလျှင် ထိုသည်တို့ကို လွှမ်းမိုးမှုမရှိစေရန် သင့်တော်သောအမြင့်ကို သတ်မှတ်ရပါသည်။ ထို့နောက် အဆောက်အဦ ပုံစံစတင်ရေးဆွဲသည့်အခါတွင်ပင် မြေငလျင်၊ မီးလောင်ကျွမ်းမှု အစရှိသော ဘေးအန္တရာယ်များ ပေါ်ပေါက်လျှင် လုံခြုံမှုအတွက် အရေးပေါ်ထွက် ပေါက်များ Escape routes လှေကားများ၏ တည်နေရာများနှင့် အကွာအဝေး၊ လူသွားစင်္ကြံ များ၏အကျယ်စသည်တို့အပြင် လူများကျန်းမာ စွာနေထိုင်ရေးအတွက် အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေး စသောအချက်များကို ထည့်သွင်းတွက်ချက်ပြီး ပုံစံရေးဆွဲရပါသည်။ ဗိသုကာက အထပ်မြင့်အဆောက်အအုံအတွက် ပုံစံရေးဆွဲသည့်အခါ အထက်ပါပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရပါသည်။
ကျွမ်းကျင်ပညာရှင်တို့သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုထားသော ဘာသာရပ်ဆိုင်ရာလိုင်စင်များ ရှိကြရပါမည်။ အဆောက်အဦ၏ပုံစံကို စတင်ရေးဆွဲရသော ဗိသုကာပညာရှင်များသည်လည်း အဆောက်အဦ၏ အရွယ်အစားနှင့် အမြင့်အပေါ်မူတည်၍ အငယ် စားဗိသုကာလိုင်စင် Jr. Architect’s License ၊ အကြီးစားဗိသုကာလိုင်စင် Sr. Architect’s License ၊ အာဆီယံနိုင်ငံများတွင် လုပ်ကိုင်ခွင့်လိုင်စင် License for ASEAN Countries စသည်ဖြင့် လိုင်စင်အဆင့်များရှိပြီး တက္ကသိုလ်မှအောင်ပြီးစ၊ အတွေ့အကြုံနည်းသေးသော ပညာရှင်များက အထပ်မြင့်နှင့် အဆောက်အဦကြီးများကို တစ်ဦးတည်းတာဝန်ခံပုံစံထုတ်ခွင့်မရှိပါ။ အဆောက်အဦမဆောက်မီ၊ မြေကိုမတူးဆွမီပင် သက်ဆိုင်ရာ Geotechnical engineer ပညာရှင်က မြေထမ်းအား Soil bearing capacity ကိုစမ်းသပ်ရပြီးမည်သည့် Foundation system အခြေခံအုတ်မြစ်စနစ်၊ မည်သည့် Structural system တည်ဆောက်မှုစနစ် အစရှိသည်တို့ကို အထက်ပါပညာရှင်များနှင့် စုပေါင်းတိုင်ပင်သတ်မှတ်ပြီး ရေးဆွဲထားသောပုံစံများသည် A3 စာရွက်အရွယ်နှင့်အချပ် ၅ဝ-၁ဝဝ ခန့်ရှိနိုင်ပါသည်။
အဆောက်အဦ ဆောက်လုပ်ချိန်အတွင်းတွင်လည်း အချိန်ပြည့် Site Engineer ခေါ် လုပ်ငန်းခွင်ကြီးကြပ်အင်ဂျင်နီယာများ ထားရှိရမည့်အပြင် အထက်တွင်တင်ပြသော အထူးကျွမ်းကျင် အင်ဂျင်နီယာများကလည်း လိုအပ်ချက်အတိုင်း လာရောက်စစ်ဆေးကြရပါသည်။ ဆောက်လုပ်ချိန် အတွင်း Site Engineer ခေါ် လုပ်ငန်းခွင်ကြီးကြပ် အင်ဂျင်နီယာသည် Log book ခေါ်မှတ်တမ်းများထားရှိခြင်း၊ လိုအပ်သည့်အတိုင်း Concrete test, steel test ကွန်ကရစ်၊ သံစသည်တို့ကို စစ်ခြင်းများလည်း ပြုလုပ်ရပါသည်။ ကွန်ကရစ်ကို လောင်းကြသောအခါ ကွန်ကရစ်သည် Monolithic တစ်သားတည်း တစ်ညီတည်းဖြစ်စေရန် တစ်ဆက် တည်း မရပ်မနားဘဲ လောင်းရပါသည်။ ထိုလုပ်ငန်းသည် ကွန်ကရစ်ပမာဏပေါ်မူတည်၍ ရံဖန်ရံခါ ၂ – ၃ ရက်ပင် ညလုံးပေါက် မရပ်မနားလူးလဲပြီး လောင်းကြရပါသည်။ တက္ကသိုလ်အဆင့်ပညာရှင်များတွင် Specialization ခေါ် အထူးကျွမ်းကျင် ပညာရှင်များရှိသည့်နည်းတူ Skilled labour ကျွမ်းကျင်လုပ်သားများတွင်လည်း ပန်းရံဆရာ၊ သံချီသံကွေးဆရာ၊ ကျောက်ပုံးရိုက်ဆရာ၊ အတွင်းချောဆရာ၊ လျှပ်စစ်ဆရာ စသည်ဖြင့် ပညာရှင်ပေါင်း ၅-၆ မျိုးရှိပါသည်။
လူတို့၏အသက်၊ အိုးအိမ်ဆုံးရှုံးရခြင်းအတွက် ပေါ်ပေါက်လာသောမေးခွန်းများ
ဤသည်မှာ ‘စနစ်တကျကျွမ်းကျင်သော အင်ဂျင်နီယာပညာရှင်များဖြင့် တည်ဆောက် သောနည်း’ကို အကျဉ်းဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ယခုမိမိတို့နိုင်ငံမှ လူ့အသက်ပေါင်းများစွာနှင့် ပစ္စည်းတန်ဖိုးကျပ်သန်းပေါင်းများစွာ ပျက်စီးဆုံရှုံးခဲ့ရခြင်းသည် မည်သူတို့တွင် တာဝန်ရှိပါသနည်းဆိုသော မေခွန်းပေါ်ပေါက်လာပါသည်။ (၁) စာရေးသူတို့ကဲ့သို့ ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဗိသုကာများနှင့် အင်ဂျင်နီယာများတွင် တာဝန် ရှိပါသလား။ (၂) Condominium အဆောက်အအုံကြီးများ၊ Hotel အဆောက်အအုံကြီးများ၏ ပိုင်ရှင်သူဌေးကြီးများတွင် တာဝန်ရှိပါသလား။ (၃) အထက်တွင် တင်ပြသော ကျွမ်းကျင်ပညာရှင်များ ကို သင့်လျော်သောအခကြေးငွေပေး၍ ကျွမ်းကျင် လုပ်သားများနှင့်စနစ်တကျတည်ဆောက်ခဲ့ကြပါ သလားဟူသောမေခွန်းများ ပေါ်ပေါက်လာပါသည်။
ကျွမ်းကျင်ပညာရှင်များဘက်မှတင်ပြခြင်း
မိမိတို့မြန်မာဗိသုကာနှင့် အင်ဂျင်နီယာများက ၁၉၉၉ ခုနှစ်ကပင် Myanmar Earthquake Committee (MEC)ဟုခေါ်သော “မြန်မာနိုင်ငံ ငလျင်ကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီ၏ ပထမဥက္ကဋ္ဌပါမောက္ခ ဦးညီလှငယ်ဖြစ်ပြီး ထို့နောက်ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်စသဖြင့် ဆက်လက်လုပ်ကိုင်လျက်ရှိပါသည်။
ထိုကော်မတီသည် မြန်မာတစ်ပြည်လုံးအတွက် အဆောက်အဦများဆောက်လျှင် မည်သည့်နေရာတွင် မည်မျှသောအင်အားဖြင့် မြေငလျင်သက်ရောက် နိုင်မည်ကိုဖော်ပြသော မြေပုံများနှင့်ဘာသာရပ်ဆိုင်ရာစာပေများကို ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ စာရေးသူတွင်ရှိသော ထိုအဖွဲ့မှထုတ်သော အစီရင်ခံစာများသည် ၂ဝ၁၁ ဇွန်လထုတ် Seismic Sources in Myanmar ၊ ၂ဝ၁၂ မတ်လထုတ် Seismic Hazard Assessment for Myanmar တို့တွင် မြန်မာပြည်တစ်ပြည်လုံး နေရာများအတွက် ကျရောက်နိုင်မည့် မြေငလျင်အင်အားများကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုစာပေတို့သည် အထူးကျွမ်းကျင် အင်ဂျင်နီယာများအတွက် အဆောက်အအုံဒီဇိုင်း ရေးဆွဲသည့်အခါ တွက်ချက်ရန်အခြေခံများဖြစ်သည်။ ထို့အပြင် ကျွမ်းကျင်ပညာရှင်များက ဆောက်လုပ်ရန်ပုံစံများ ရေးသားတွက်ချက်သည့်အခါ တူညီသောအခြေခံများရှိစေရန် Myanmar National Building Codes ကို ၂ဝ၁၂ ခုနှစ်မှစ၍ ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ရန်ကုန်မြို့တွင် ကိုယ်တိုင်အတွေ့အကြုံများ
အထက်တွင် စာရေးသူက စနစ်တကျပုံစံ ရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်းဆိုသည် အထူးကျွမ်းကျင်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ ထိုသည်ကို အရေးပေးတင်ပြရသည့်အကြောင်းမှာ အဆောက်အအုံတစ်ခုသည် လူပေါင်းများစွာ၏ အသက်နှင့် အိုးအိမ်ဥစ္စာပစ္စည်းများနှင့် ပတ်သက်လျက်ရှိပြီး ‘လူသာလျှင်ပဓာန’ ဆိုသည့် ခံယူချက်အတိုင်း လူ့အသက်သည် တန်ဖိုးမဖြတ်နိုင်သောကြောင့်ဖြစ်ပါသည်။ သို့သော် စာရေးသူ ရန်ကုန်မြို့တွင် ကြုံတွေ့ခဲ့သည်များမှာ အဆောက် အဦများပြိုလဲခြင်း၊ လူများသေကျေ ပျက်စီးခြင်းများသည် ဆောက်လုပ်ရေးပစ္စည်းများကို မမှန်မကန်လျှော့၍ သုံးခြင်းများနှင့် တတ်ကျွမ်းသူများနှင့် မဆောက်လုပ်ကြသောကြောင့် ဖြစ်ပါသည်။
ရန်ကုန်မြို့ရှိ များစွာသောကန်ထရိုက်တိုက်များတွင် မီးသတ်ရဲဘော်များ တတ်နိုင်ရန် Emergency stairs လှေကားများမရှိခြင်း၊ ရှိလျှင်လည်း ထိုလှေကားများသည် ရှိုး-အပြသာ တည်ဆောက်ထားပြီး လူတက်လျှင် ကျိုးကျခြင်းများနှင့်လည်း ကြုံဖူးပါသည်။ လူတို့ကျန်းမာစွာ နေထိုင်သင့်သော ပတ်ဝန်းကျင်ဖြစ်ပေါ်ရေးနှင့် ပတ်သက်လျှင်လည်း ရန်ကုန်မြို့၏ ကန်ထရိုက် တိုက်များစွာတို့၏ အိပ်ခန်းများတွင် ပြတင်းပေါက်မရှိကြပေ။ အချို့သူတို့သည် ငွေကြေးမတတ်နိုင်၍ အခန်းကျဉ်းတွင်နေကြရသည်ကို နားလည်ကြရမည်ဖြစ်သော်လည်း ကန်ထရိုက်များသည် ကျန်းမာရေးနှင့်မညီညွတ်သောတိုက်ခန်းများ မဆောက်လုပ်သင့်ပေ။
ရန်ကုန်မြို့တွင် ခိုင်ခံ့မှုမရှိသော၊ လူသားမဆန်သော၊ ကျန်းမာရေးနှင့် မကိုက်ညီသော တိုက်များပေါ်ပေါက်ခြင်းမှာ ဆောက်လုပ်ကြသော ကန်ထရိုက်များသည် အမြတ်အစွန်းကိုသာ အဓိကထားကြသောကြောင့်ဖြစ်သည်။ ကိုယ်တိုင် ကြုံတွေ့ခဲ့သည်မှာ များစွာသော ကန်ထရိုက်များသည် တတ်သိနားလည်သော ပညာရှင်များမပါဝင်ဘဲ တည်ဆောက်ကြသည်၊ ကွန်ကရစ်အချိုး၊ သံပမာဏစသည်တို့ကို မမှန်မကန်ဆောက်လုပ်ကြသည့်အပြင် လမ်းအကျယ်မမှန်၊ ရေနုတ်မြောင်း၊ အမှိုက်စွန့်ပစ်ရန်စနစ်မရှိ ဆောက်လုပ်ကြသဖြင့် လူသားမဆန်သောတိုက်ခန်းများနှင့် လူ့ပတ်ဝန်းကျင်များ ပေါ်ပေါက်သည်။ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်လျှင်လည်း မှန်ကန်သော အဖိုးအခကိုပေးပါမည်ဟု ကတိပေးပြီးမှပုံစံရလျှင် ရှောင်တိမ်းသွားသော သူဌေးကြီးများနှင့်လည်း စာရေးသူအကြိမ်များစွာကြုံဖူးပါသည်။
နိုင်ငံခြားကိုအထင်ကြီးကြခြင်း
မိမိတို့နိုင်ငံရှိ အချို့သောသူတို့သည် နိုင်ငံခြားမှဆိုလျှင် အထင်ကြီးစိတ်များရှိကြသည်။ စာရေးသူကြုံဖူးပါသည်၊ ကန်ထရိုက်တစ်ဦးသည် နိုင်ငံခြားမှဆွဲခဲ့သော အိမ်ပုံစံတစ်ပုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်ခွင့်ကို ပယ်ချခံခဲ့ရသဖြင့် မိမိကအနည်းငယ်ပြင်ဆင်၍ လက်မှတ်ထိုးပေးပါရန် ပြောဆိုလာပါသည်။ မိမိလည်း မိတ်ဆွေဖြစ်သဖြင့် ထိုနိုင်ငံခြားမှ ဆွဲလာသောပုံကို လေ့လာကြည့်ရာ Condominium လူနေရန်တိုက်ခန်းများဖြစ်ပြီး ရှိသောမြေအကျယ်အတွင်း တိုက်ခန်းပေါင်းများစွာရရှိရေးကိုသာ ဦးစားပေးထားပြီး တိုက်ခန်းများတွင် ပြတင်းပေါက်များပင် မပါသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်မှ ခွင့်မပြုခဲ့သည်ကို သူကမသိပါဘဲ နိုင်ငံခြားမှဆွဲလျှင်ကောင်းရမည်ဟု ယူဆ ခဲ့ဟန်တူပေသည်။
အခြားသော အတွေ့အကြုံတစ်ရပ်မှာ ရန်ကုန်မြို့လယ်ကောင်တွင် နိုင်ငံခြားမှ ပုံစံရေးဆွဲပြီး နိုင်ငံခြားကုမ္ပဏီက ကြီးကြပ်ဆောက်လုပ်သော စီမံကိန်းဖြစ်သည်။ ဆောက်လုပ်ခဲ့သော အထပ်မြင့် အဆောက်အအုံသည် အနီးအနားပတ်လည်တွင် အဆောက်အဦဟောင်းများရှိသဖြင့် Driven pile ခေါ် အပေါ်မှအလေးချိန်နှင့် ရိုက်သွင်းရသော ပိုင်အသုံးပြုရန်မသင့်လျော်သော်လည်း ထိုနည်းကိုအသုံးပြုခဲ့သောကြောင့် အနီးအနားအဆောက် အအုံများကွဲအက်ခဲ့သည်။ ထိုပျက်စီးကဲ့သော အချို့သောအဆောက်အဦတို့တွင် ထိန်းသိမ်းသင့်သော ရှေးအဆောက်အဦတို့လည်း ပါဝင်သည်။
နိုင်ငံခြားပညာရှင်များကိုသာ အားကိုးခြင်းနှင့် ပတ်သက်၍ အခြားအတွေ့အကြုံမှာ ၂ဝ၁၂ ခုနှစ် ခန့်တွင် ရန်ကုန်မြို့ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း မြောက်ဘက်ခြမ်းရှိ ယခင်မီးရထားရုံးချုပ်နေရာတွင် အဆောက်အအုံများ တည်ဆောက်ရန် နိုင်ငံခြားမှရေးဆွဲလာသော ပုံစံအတည်ပြုရန် တင်ပြလာခဲ့သည်။ ပုံစံမှာအထပ်မြင့်အဆောက်အအုံများဖြစ်သည်။ ထိုစဉ်က မြို့တော်ဝန် ဦးလှမြင့်လက်ထက်ဖြစ်ပြီး ပညာရှင်အဖွဲ့ရှိခဲ့သည်။ မိမိတို့ပညာရှင်အဖွဲ့က ထိုနေရာသည် မြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ရွှေတိဂုံစေတီတော်နှင့် နီးကပ်သောကြောင့် စေတီတော်၏ပုံရိပ်ကို လွှမ်းမိုးမည်ဖြစ်သောကြောင့် အထပ်များလျှော့စေခဲ့သည်။ ရန်ကုန်၊ မန္တလေး စသည့် မြန်မာ့မြို့များသည် မိမိတို့ယဉ်ကျေးမှုအရ မြန်မာတို့၏ ကြန်အင်လက္ခဏာရှိသည်။ ဤသည်မှာ လူမျိုးကြီးစိတ်ဓာတ်မဟုတ်ပါဘဲ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းသာဖြစ် သည်။ ထိုအချက်များသည် ဗိသုကာပညာသင် တက္ကသိုလ်များတွင် သင်ကြားခဲ့ရသည်။ ထိုအခြေ ခံကိုပင် နားမလည်သောဗိသုကာပညာရှင်သည် မိမိတို့တိုင်းပြည်၏ ဗိသုကာကောင်စီတွင် လိုင်စင် မရနိုင်ပါ။ ယခု ၂ဝ၂၅ ခုနှစ်အတွင်း မြေငလျင်ကြီးဖြစ်ပွားရာ မိမိတို့ အိမ်နီးချင်းတိုင်းပြည်များတွင်လည်း အထပ်မြင့်အဆောက်အဦများ ပြိုလဲကြသည်။ ယင်းသည်လည်း တတ်သိနားလည်သော ပညာရှင်များဖြင့် စနစ်တကျမဆောက်လုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုသည်ကိုအခြေခံ၍ ‘နိုင်ငံခြားအထင်ကြီးသူများ’ သင်ခန်းစာရမည်ဟု စာရေးသူဆန္ဒပြုအပ်ပါသည်။
၂ဝ၂၅ ငလျင်ဒဏ်ခံခဲ့ရသောမြို့ရွာများတွင် ပြိုပျက်ခဲ့ရသောအကြောင်းများ
ယခုလှုပ်ခဲ့သော မတ်လ ၂ဝ၂၅ ခုနှစ်ငလျင်နှင့် ပတ်သက်၍ ပြိုပျက်ခဲ့သော အဓိကအကြောင်းများ ကို အောက်ပါအတိုင်းခြုံ၍ လေးမျိုးခွဲခြားနိုင်ပါသည်။
(၁) Soil failure အောက်ခံမြေကြီးသည် ဖိအားနှင့်တွန်းအားများကို မခံနိုင်ခြင်း။ အဆောက် အအုံ၏ အလေးချိန်ကို ထမ်းရသောမြေလွှာသည် သာမန်အချိန်များတွင် ထမ်းနိုင်သော်လည်း ငလျင်လှုပ်လျှင်သော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့် လှုပ်ရှားမှုရှိလျှင်သော်လည်းကောင်း ပြိုကျပျက်စီးခြင်းဖြစ်သည်။ မန္တလေးမြို့တွင် မြေကြီးအောက်သို့ အဆင့်ဆင့်အထပ် လိုက်ဝင်သွားရသော အဆောက်အအုံများသည် ထိုအားနည်းချက်ကြောင့်ဖြစ်သည်။ Soil bearing capacity ခေါ် မြေကြီးထမ်းအားကို ကြိုတင်မစမ်းသပ်ခြင်း၊ ကျွမ်းကျင်ပညာရှင်များကိုလည်း မတွက်ချက်စေခြင်းတို့ကြောင့်ဖြစ်သည်။
(၂) Weak structural members အလေးကို ထမ်းရသော အစိတ်အပိုင်းများဖြစ်သော တိုင်များ၊ ထုပ်တန်းများစသည်တို့ အားနည်းခြင်း။ မန္တလေးမြို့ရှိ Sky Villa Codominium နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ၃၃ ထပ်အဆောက်အအုံတို့သည် ထိုအားနည်းချက်ကြောင့်ဖြစ်သည်။ Sky Villa Codominium ၏ မြေညီထပ်တိုင်များသည် ၁၅ လက်မပတ်လည်သာရှိသည်။ စာရေးသူမတွက် ချက်ဘဲ ခန့်မှန်းသည်ပင် လက်မ ၃ဝ ပတ်လည် ခန့်ရှိသင့်သည်၊ အရွယ်လေးဆခန့် သေးလျက်ရှိသည်။ ထိုသည်လည်း ကျွမ်းကျင်ပညာရှင်များကို မတွက်ချက်စေဘဲ ငွေအမြတ်အစွန်းရရှိရေးကို သာ အဓိကထားသောကြောင့်ဖြစ်သည်။
(၃) Incorrect foundation systems အုတ်မြစ်စနစ်မှားယွင်းခြင်း။ အုတ်မြစ်စနစ်များတွင် Pile foundation, Raft foundation, Box foundation စသည်ဖြင့် စနစ်များရှိသည်။ မည်သို့သောအခြေအနေတွင် မည်သို့သောစနစ်ကို အသုံးချရမည်ကို ကျွမ်းကျင်ပညာရှင်များကသာ စုပေါင်းတိုင်ပင်တွက်ချက်ရမည်ဖြစ်သည်။
(၄) Incorrect structural systems ခိုင်ခံ့ရန် တည်ဆောက်မှုစနစ်မှားယွင်းခြင်း။ မြန်မာပြည် ရှိဆောက်လုပ်ရေးစနစ်များတွင်
(က) Timber structure သစ်သားဖြင့် ဆောက်လုပ်ခြင်း၊
(ခ) Load bearing structure အုတ်နံရံကို အခြေပြုဆောက်လုပ်သောစနစ်၊
(ဂ) Brick nogging system သစ်နှင့် အုတ်ညှပ်ဆောက်လုပ်သောစနစ်
(ဃ) Reinforced concrete frame structure သံကူကွန်ကရစ်စနစ်
(င) သံဖရိန်စနစ် Steel frame structure ဟူ၍ စနစ်များရှိကြပါသည်။
ထိုစနစ်များ ရွေးချယ်မှုမှားယွင်းခြင်းကြောင့် ပြိုပျက်ရခြင်းများ ရှိပါသည်။
ယခုငလျင်တွင် စာရေးသူအခံစားရဆုံး ဖြစ်ရပ်သည် ‘ဘုန်းတော်ကြီးကျောင်းများ ပြိုပျက်ခြင်း တွင် သံဃာတော်များ အသက်ဆုံးရှုံးရခြင်း’ ဖြစ်သည်။ မန္တလေး၊ စစ်ကိုင်း၊ အင်းဝရှိဘုန်းတော်ကြီးကျောင်းများသည် အုတ်နံရံကို အခြေပြုဆောက်လုပ်သောစနစ် Load bearing structure ဖြင့် တည်ဆောက် ကြခြင်းဖြစ်သည်။ ထိုအုတ်နံရံကို အခြေပြုဆောက်လုပ်သော စနစ်သည်မြေငလျင် စိုးရိမ်ရသောမြို့ရွာများတွင် ၂-၃ ထပ်အထက်ပို၍ မဆောက်သင့်ပေ။ အဆောက်အဦတစ်ခုသည် ပုံမှန်အချိန်တွင် Horizontal force ခေါ် ဘေးမှ တွန်းအားသည် အလွန်နည်းပြီး Vertical pressure ခေါ် အပေါ်မှဖိအားသည်များပါသည်။ သို့သော်ငလျင်လှုပ်သည့်အခါတွင် Horizontal forces ဘေးမှတွန်းအားများ ပေါ်ပေါက်လာပါသည်။ အုတ်နံရံများသည် ဘေးတွန်းအားကို များစွာမခံနိုင်ပါ။ ထို့ကြောင့် ယခုငလျင်တွင် မစိုးရိမ်ကျောင်း ကဲ့သို့သော အုတ်တိုက်အဆောက်အဦကြီးများ သည် စက္ကန့်အနည်းငယ်အတွင်း ပြိုပျက်ကြပါသည်။
အကျဉ်းချုံးအဆိုပြုချက်များ။ Tripartite ခေါ် သုံးပွင့်ဆိုင်စနစ်
ဤဆောင်းပါးမှ အချက်အားလုံးတို့ကို ချုံ၍ တင်ပြရပါလျှင်
(၁) မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့မြို့ရွာများသည် မိမိတို့၏ဘဝ၊ မိမိတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်လျက်ရှိသည်။ မိမိတို့တွင် စက်မှုနည်းပညာမှာ များစွာမမြင့်မားသေးသော်လည်း မိမိတို့သည် ယဉ်ကျေးသောသူများဖြစ်သည်။ မိမိတို့ယဉ်ကျေးမှုအရ မိမိတို့၏ ဘုရားစေတီပုထိုးများအပေါ် အထပ်မြင့်အဆောက်အဦများဖြင့် လွှမ်းမိုးခြင်းသည် မဖြစ်အပ်ပေ။
(၂) မိမိတို့အဆောက်အဦများ ဆောက်လုပ်ကြလျှင် လူတို့၏ အသက်၊ ပစ္စည်းဥစ္စာတို့ လုံခြုံရမည့်အပြင် နေထိုင်အသုံးချသူများ၏ ကျန်းမာရေး နှင့်လည်း ကိုက်ညီရပါမည်။
(၃) ထိုသည်တို့ကို ဖြည့်ဆည်းရန်မှာ Tripartite ခေါ် သုံးဖက်သုံးပွင့်ဆိုင် စနစ်ဖြစ်သည်။ ထိုသည်မှာ (၁)ပိုင်ရှင်၊ ရင်းနှီးမြှုပ်နှံသူ Developers ၊ (၂) ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များ Architects and Engineering Consultants ၊ (၃) ဆောက်လုပ်သူ ကန်ထရိုက်တာများ Construction companies တို့သည် သုံးဦးသုံးဖက်စုပေါင်းဆောင်ရွက်သင့် ကြပါသည်။ Developers ရင်းနှီးမြှုပ်နှံသူများနှင့် ဆောက်လုပ်သူ ကန်ထရိုက်တာများ Construction companies များသည် သီးခြားအဖွဲ့အစည်းများ ဖြစ်သင့်ပါသည်။ ယခု မန္တလေး၊ စစ်ကိုင်းနှင့် အချို့မြို့များတွင် လူများသေပျောက်၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းသည် တတ်ကျွမ်းနားလည်သော ပညာရှင်တို့ကို အသုံးမပြုခဲ့သောကြောင့်ဖြစ်သည်ကို သက်သေခံလျက်ရှိသည်။ ။