Skip to main content

မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းနှင့် ကြင်နာချစ်ခြင်း သံခင်းတမန်ခင်း

မော်ဇေ (MOFA)

ပူပြင်းလှတဲ့အပူရှိန်အောက်မှာ ကမ္ဘာမြေကြီး တုန်ခါဟည်းခဲ့ပြီး ဘဝ၊ ဘဝတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တဲ့ နွေနေ့လယ်ခင်းတစ်ခု။

အတိအကျဆိုရရင် မတ်လ ၂၈ ရက်၊ မွန်းလွဲ။

အဲဒီအချိန်တုန်းက ကျွန်မဟာ မကြာမီကျရောက်တော့မယ့် မြန်မာ့ရိုးရာအတာနှစ်ကူးသင်္ကြန်တန်ခူးပွဲတော် ဆင်နွှဲနိုင်ရေး တိုင်ပင်ဆွေးနွေးကြဖို့ လုပ်ဖော်ကိုင်ဖက်အချို့နဲ့အတူ ကျွန်မတို့ရုံးနှစ်ထပ်ဆောင် မြေညီထပ်ရုံးခန်းတစ်ခုမှာ ရောက်ရှိနေခဲ့ပါတယ်။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်​တွေဟာ ရပ်တချို့၊ ထိုင်တချို့ စကားပြောဆိုနေကြစဉ်မှာပဲ ငလျင်က သိမ့်ခနဲစတင်လှုပ်ခတ်လာပါတယ်။ အစပိုင်းမှာ သစ်သားစားပွဲခုံကြီးတွေကြားထိုင်ချပြီး အကာအကွယ်ယူလိုက် ပေမယ့် ပိုလို့ပိုလို့ ပြင်းပြင်းထန်ထန် လှုပ်ယမ်းလာတာကြောင့် ကြမ်းပေါ်လိမ့်ပြေးနေတဲ့ ရေဘူးကြီးတွေ၊ စာရေးကိရိယာတွေကြားကနေပဲ အခန်းထဲက မနည်းပြေးထွက်ခဲ့ရပါတယ်။ အဆောက်အအုံအပြင်ထွက်တဲ့ တံခါးပေါက်အလွန်မှာ မိန်းကလေးတစ်ဦး ခြေထောက်ကျိုးပြီး လဲကျလို့နေတာကို ပြေးပွေ့ ထူမထားကြပါတယ်။ ငလျင်က ရပ်မသွားဘဲ ပိုပြီးကြမ်းကြမ်းတမ်းတမ်း ဆွဲခါလှုပ်ယမ်းနေတာမို့ အထပ်မြင့်က ကွန်ကရစ်တုံးတွေ ပြိုကျမလာနိုင်မယ့် နေရာလွတ်ကို ရှာဖွေနေရတဲ့ တစ်ချိန်တည်းမှာပဲ တစ်ဖက်ခြမ်းမှာ မြင်နေရတဲ့ သုံးထပ်ဆောင် ရုံးမကြီးရဲ့နံရံတွေပွင့်ထွက်ပြိုကျနေတာကို အထိတ်တလန့် မြင်တွေ့ခဲ့ရပါတယ်။

အဲဒီအချိန်ပေါ်လာတဲ့ တစ်ခုတည်းသောစိတ်က အထပ်မြင့်အိမ်မှာကျန်ခဲ့တဲ့ အိုမင်းမစွမ်း အဖေနဲ့ အမေ ဘေးကင်းကြရဲ့လားဆိုတာပါပဲ။ ငလျင်ကမရပ်မနား လှုပ်ခတ်နေဆဲမှာပဲ ရပ်တည်ရာတစ်နေရာကို ခြေချ မိပြီဆိုတာနဲ့ ဖုန်းခလုတ်တွေကို အလောတကြီးနှိပ်ပြီး အိမ်ကိုဆက်သွယ်နေပေမယ့်လည်း အဆက်အသွယ်မရတဲ့အခါ ပူပန်ဖိစီးရတဲ့စိတ်က မျက်ရည်အဖြစ် စီးကျလာခဲ့ပါတယ်။ ဒါကတော့ ငလျင်ကြီးနဲ့ ကြုံတွေ့ရခြင်း တဒင်္ဂအဖြစ်အပျက်လေးပါ။

ဘေးအန္တရာယ်မှ လွတ်မြောက်လာပြီးတဲ့နောက် မြို့အနှံ့မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့ ပျက်စီးမှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ရွှေဘိုမြို့မှာ နေထိုင်ခဲ့စဉ် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိတဲ့ ရွှေဘိုငလျင်နဲ့ ကြုံကြိုက်ခဲ့ဖူးတဲ့ ကျွန်မအတွက်တောင် တစ်သက်တာမှာ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အတိုင်းအဆပမာဏ ဖြစ်နေခဲ့ပါတယ်။

ယခုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် သမိုင်းအမွေအနှစ် တံတားတွေ၊ အဆောက်အအုံတွေ တဝေါဝေါပြိုကျစေခဲ့ပါတယ်။ အထပ်မြင့် ကွန်ဒိုကြီးတွေ၊ တိုက်တာအိမ်ရာ တွေကနေ နေ့ချင်းညချင်း အုတ်ခဲပုံကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ပြိုကျပျက်စီးမှုတွေကြားမှာ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေ၊ စာဖြေ ကိုယ်တော်တွေ ပျံလွန်တော်မူတဲ့အကြောင်းကို ဖြေမဆည်နိုင်ဖွယ် ကြားသိခဲ့ရပါတယ်။ လုံခြုံစိတ်ချရဆုံး ခိုလှုံရာရယ်လို့ တစ်သက်လုံး မှတ်ယူထားကြတဲ့ ကိုယ့်အသိုက်အမြုံ၊ ကိုယ့်အိမ်လေးတွေထဲမှာပဲ မိသားစုလိုက် ပိတ်မိသေဆုံးသွားကြသူတွေ၊ မိနစ်ပိုင်းလေးအတွင်းမှာပဲ မိဘမဲ့သွားရသူလေးတွေ၊ ရင်နှစ်သည်းချာ သားသမီးတွေကို အရူးတစ်ပိုင်း ရှာဖွေနေကြတဲ့ မိခင်၊ ဖခင်တို့ရဲ့ ပူပန်သောကတွေ၊ တစ်မိသားစုလုံးမှာ တစ်ယောက်တည်းသာ ကျန်ခဲ့ရသူတို့ရဲ့ ပဋာမြေလူး ရင်နင့်စဖွယ်ဖြစ်ရပ်တွေ၊ ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးလို့ နေ့ချင်းညချင်းလမ်းဘေးရောက်ပြီး ဘဝပျောက်သွားကြသူတွေရဲ့ အဖြစ်တွေများစွာကို ရင်ထုမနာ ကြားသိရပါတယ်။

နိုင်ငံတော်အကြီးအကဲရဲ့ ဖိတ်ခေါ်မှုနဲ့အတူ ကမ္ဘာအနှံ့အပြားက နိုင်ငံတကာရှာဖွေကယ်ဆယ် ရေးအဖွဲ့ (Urban Search and Rescue Team-US&R) အများအပြားဟာ သဘာဝဘေးဒဏ်သင့် သူတွေကိုဖေးမကူနိုင်ဖို့နဲ့ ပိတ်မိနေသူတွေကို ရှာဖွေကယ်ထုတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို အလျင်အမြန် ဝင်ရောက်လာကြပါတယ်။ ဘယ်လာရုစ်၊ ဘူတန်၊ တရုတ် (ဟောင်ကောင်နဲ့ ယူနန်အပါအဝင်)၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ တူကီယဲ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံ တွေက အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့တွေဟာ ခေတ်မီကူညီ ကယ်ဆယ်ရေးပစ္စည်းကိရိယာ အပြည့်အစုံသယ်ဆောင်ပြီး ရောက်ရှိလာကြပါတယ်။ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတူ ငလျင်ဘေးပြီးလျှင်ပြီးချင်း သက်စွန့်ကြိုးပမ်း မရပ်မနား ရှာဖွေကယ်ဆယ်မှုတွေကို ပူးပေါင်းအကူအညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ Golden 72 hours rule အရ ဖြစ်ပွားအပြီး ၇၂ နာရီအတွင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နိုင်ရင် အသက်ရှင်နေသူတွေကို အချိန်မီကယ်ထုတ်နိုင်ခြေ မြင့်မား တာဖြစ်လို့ အဲဒီအဖွဲ့တွေဟာ ငလျင်ဒဏ်အဓိက ခံစားခဲ့ရတဲ့ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့ တွေဆီ ခရီးရောက်မဆိုက်ပင် ချက်ချင်းဖြန့်ကြက် သွားရောက်ပြီး လုပ်ငန်းတွေ စတင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ငလျင်စတင်လှုပ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က​နေ ဧပြီလ ၈ ရက်နေ့အတွင်းမှာ နိုင်ငံတကာအရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လူပေါင်း ၆၅၃ ဦးကို အပျက်အစီးတွေအောက်က အသက်ရှင်လျက် ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့လည်း ငလျင်ကြီးအပြီး အုတ်ခဲပုံ၊ ပြာပုံနဲ့ ဖုန်မှုန့်တွေကြားကနေ ကိုယ်စီနဲ့ မိသားစုတွေအတွက် ရတက်မအေး သောကပွေနေရတဲ့တိုင် နိုင်ငံတကာက လာရောက် ကြတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့အစဉ်အလာ ဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ် ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုမပျက်ယွင်းစေခဲ့ပါဘူး။ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူးတင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းစစ်စစ်မှန်မှန်ကိုသာမက ရိုးသားဖော်ရွေ ပျူငှာတတ်ကြပုံတွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ဗီဒီယိုကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေ မှာ မျှဝေကြတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်တွေပေါ်က ဖြစ်စဉ်အချို့ကို လူအများ သိကြမှာပဲဖြစ်ပါတယ်။ ဈေးဝယ်ထွက်ကြတဲ့ ဗီယက်နမ်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ကို အသီးအရွက်သည် မြန်မာအမျိုးသမီးကြီးက ကျေးဇူးတင် စိတ်နဲ့ ကျွေးမွေးချင်တာကြောင့် ကျသင့်ငွေကို မယူလိုဘဲ ငြင်းဆန်နေတဲ့ဖြစ်ရပ်ဗီဒီယိုဖိုင်လေးက နိုင်ငံတကာပရိသတ်တွေကြားမှာ လူသိများ(viral) ခဲ့ပါတယ်။ ဗီယက်နမ်ရဲဘော်လေးက မြန်မာအမျိုး သမီးကြီးကို မြန်မာနဲ့ဗီယက်နမ်ဆိုတာ မိသားစုဝင်တွေ ဖြစ်တာမို့ အခက်အခဲတွေကို အတူရင်ဆိုင်ရမှာ ပေါ့ဆိုပြီး အားမငယ်ဖို့ ချော့မော့ကာ အားပေးနေပုံလေးဟာ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား အဓွန့် ရှည်ကြာ တည်ရှိနေခဲ့တဲ့ မိတ်ရင်းဆွေချာဆက်ဆံ ရေးကို အကောင်းဆုံးထင်ဟပ်စေခဲ့ပါတယ်။

ဗီယက်နမ် ကယ်ဆယ်ရေးအဖွဲ့တွေနည်းတူပဲ အခြားနိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့လည်း သူတို့ဈေးဝယ်ထွက်ကြတဲ့အချိန်မှာ ဆိုင်ကြီး၊ ဆိုင်ငယ်မဟူ မြန်မာဆိုင်ရှင်တွေက ကျသင့်ငွေယူဖို့ငြင်းဆန်ပြီး လက်ဆောင်အဖြစ် ပေးလိုကြတာ၊ ဘေးမှာရပ်ကြည့်နေတဲ့ မြန်မာ ပြည်သူတွေက ဇွတ်ဝင်ပြီး ငွေရှင်းပေးကြတာတွေကို ကြုံကြရတဲ့အကြောင်း ပြန်ပြောင်းပြောပြကြပါတယ်။ ကုလသမဂ္ဂတာဝန်နဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားသားကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အချို့ကလည်း ဒါမျိုးဟာ မြန်မာနိုင်ငံမှာပဲ ကြုံတွေ့ဖူးတာပါလို့ တပြုံးပြုံးနဲ့ ပြောမဆုံးဖြစ်နေကြတာကို မျက်မြင်တွေ့ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ထားကောင်းမှုနဲ့ရက်ရောမှု မှတ်ကျောက်ဖြစ်သလို ရှာဖွေကယ်ဆယ်ရေးတာဝန်ကို ကိုယ်နိုင်တဲ့ဘက်က တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်တာလည်း ဖြစ်ပါတယ်လို့ ကျွန်မကဖြည့်စွက်ရှင်းပြပေးခဲ့ပါတယ်။

အလားတူ မြန်မာပြည်ရဲ့ နွေနေပူဒဏ်ကို မခံနိုင်ကြတဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို မြန်မာ့သနပ်ခါးတုံးကြီး တရွှမ်းရွှမ်းသွေးလို့ ဝိုင်းလိမ်းပေးနေကြတဲ့ မြင်ကွင်းကလည်း တစ်ဦးက မေတ္တာ၊ တစ်ဦးမှာ စေတနာရောင်ပြန်ဟပ်နေခြင်းပဲလို့ ပီတိဖြစ်ရပါတယ်။ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တွေကိုသာမက သူတို့နဲ့အတူလိုက်ပါလာတဲ့ ရှာဖွေရေးတပ်သား ခွေး K-9 လေးတွေအပူလျှပ် အမောမဆို့အောင် ကာကွယ်ပေးနိုင်ဖို့ မြန်မာပြည်သူတွေက ရေဘူးတွေ၊ ရေခဲတွေရှာဖွေပေးကြ၊ ဝိုင်းဝန်းပြုစုပေးကြတာမျိုးကလည်း တသိမ့်သိမ့်ကြည်နူးဖွယ် အကြင်နာတရားတွေပဲ ဖြစ်ပါတယ်။

အပျက်အစီးတွေကြားထဲ ပြိုကျပိတ်မိသွားတဲ့ မိသားစုဝင်တွေကို အသက်ရှင်လျက်မခေါ်ထုတ်နိုင် ရင်သော်မှ ကြွင်းကျန်တဲ့ခန္ဓာကိုယ်ရအောင် ရှာဖွေသယ်ထုတ်ပေးခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့ တွေရဲ့ ကျေးဇူးတရားကို အခါခါဦးခိုက်ပြီး ဖော်ပြခဲ့ကြတဲ့ ရိုးသားလှတဲ့ မြန်မာ အဘိုး၊ အဘွား၊ အဖေ၊ အမေဖြစ်သူပေါင်းများစွာကြောင့်လည်း သူတို့ဟာအစွမ်းရှိသမျှ၊ မနားမနေ ကြိုးပမ်းပေးခဲ့ကြပါတယ်။ ဒီလိုကြိုးစားရှာဖွေကယ်ဆယ်ပေးခဲ့ကြတဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို အလွှာစုံမှ မြန်မာပြည်သူ ပြည်သားတွေက တတ်စွမ်းသမျှ အားတက်သရော ပြန်လည်ကူညီခဲ့ကြပါတယ်။

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ သွားလေရာ လိုက်ပါပြီး စကားပြန်လုပ်ပေးခဲ့တဲ့ ၁၂ နှစ်အရွယ်သမီးငယ်လေး၊ မရင်းနှီးတဲ့ရာသီဥတု ဒဏ်ကြောင့် ပင်ပန်းကြရှာမယ့်သူတို့အတွက် ထမင်းချက်ပြုတ်ကျွေးမွေးကြ၊ ရေနဲ့အသီးအနှံတွေ ပေးပို့ကြတဲ့ မြန်မာစေတနာရှင်တွေဟာ လတ်တလော ကိုယ်စီရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဘေးချိတ်ပြီး ဧည့်ဝတ်ကျေပွန်ကြတဲ့ မြန်မာ့စိတ်ရင်းတွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ သူတို့ရဲ့သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်ရောက်ရှိကြ ချိန်မှာလည်း နိုင်ငံတကာမှာရှိနေတဲ့ အဝေးရောက် မြန်မာတွေက တစ်ခဲနက်ကြိုဆိုကြပြီး ကျေးဇူးတင်မှုကို လှိုက်လှိုက်လှဲလှဲပြသကြတဲ့ ဗီဒီယိုတွေကြောင့်လည်း အဲဒီနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေအပေါ် အမြင်ကောင်းတွေရှိလာမယ်လို့ ယုံကြည်ယူဆမိပါတယ်။

ဒါတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးဒဏ် က ဘယ်လောက်ပဲကြီးကြီး မြန်မာပြည်သူ ပြည်သားတွေရဲ့ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်၊ အခက်အခဲတွေကြားမှာပင် ပျောက်ပျက်သွားခြင်းမရှိတဲ့ ဖော်ရွေပျူငှာတဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်လက္ခဏာတွေကို မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြတဲ့ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့ဝင်တွေက မျက်မြင်ဒိဋ္ဌ သိမြင်ကြုံတွေ့ခဲ့ကြပါတယ်။ ဒစ်ဂျစ်တယ်ခေတ် ဖြစ်တာနဲ့အညီ သူတို့ ကိုယ်တွေ့သိရှိခံစားခဲ့ရတဲ့ မြန်မာ့စိတ်ရင်း၊ မြန်မာ့ ရှုခင်းကို သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ ဝေမျှခဲ့ကြပြီး နိုင်ငံတကာမှပြည်သူအများကလည်း စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ အဲဒီဗီဒီယိုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် လူသိများ(viral) ခဲ့ပါတယ်။ ဒါဟာ လူမှုအသိုက်အဝန်းအချင်းချင်း ထိတွေ့ခြင်းမှ မြန်မာတို့ရဲ့ သိမ်မွေ့စွမ်းအား(Soft Power) ကို ဖော်ထုတ်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဟားဗတ်တက္ကသိုလ်ပါမောက္ခ Joseph Nye စတင်ဖော်ထုတ်ခဲ့တဲ့ သိမ်မွေ့စွမ်းအား (Soft Power) ဆိုတာ “မိမိ လိုလားသည့်အရာကို အတင်းအကျပ် ဖိအားပေးခြင်း မဟုတ်ဘဲ ပြည်သူ၏သဘောထားအမြင်ကို လွှမ်းမိုး၍ ပြောင်းလဲပုံဖော်ကာ ရရှိအောင်ဆောင် ရွက်နိုင်သည့် သိမ်မွေ့သော ဆွဲဆောင်အား” ဖြစ်ပါတယ်။ Soft Power ရဲ့ အယူအဆသဘောတရားအရ နိုင်ငံတစ်နိုင်ငံကို ပိုမိုရင်းနှီးကျွမ်းဝင်လာတာနဲ့ အမျှ အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေက တစ်ဖက်ပြည်သူလူထုအပေါ် လွှမ်းမိုးနိုင်ပါတယ်။ အလားတူ နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းသတင်းကို သိရှိလာကြတဲ့အခါမှာလည်း နိုင်ငံတကာလူထုအကြားမှာ အဲဒီနိုင်ငံနဲ့ ပြည်သူတွေအပေါ် တလေးတစား ရှုမြင်လာကြမှာပဲ ဖြစ်ပါတယ်။

Soft Power ဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အပြုအမူတွေကနေတစ်ဆင့်လည်း ပေါ်ထွက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ဂျပန်ပြည်သူတွေဟာ ဆူနာမီနဲ့ ပြင်းထန်ငလျင်ကဲ့သို့ သဘာဝဘေးဒဏ်တွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း အစားအသောက် ပေးဝေမှုတွေကို ပုံမှန်ကာလတွေအတိုင်းပင် တန်းစီရယူကြတာမျိုး၊ လုယက်ခိုးဝှက်မှုကင်းမဲ့တာမျိုးစတဲ့ ဝိသေသလက္ခဏာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အတွက် သူတို့ရဲ့စည်းကမ်းကျနမှုနဲ့ ကျင့်ဝတ်ခိုင်မာမှုတို့ကို နိုင်ငံတကာပြည်သူလူထုက လေးစားခဲ့ကြပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံနဲ့ နိုင်ငံသားတို့ရဲ့ ပုံရိပ်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ အဲဒီလိုပုံရိပ်ကောင်းကို နိုင်ငံသားတစ်ဦးချင်းစီက အသိစိတ်ဓာတ်ကိုယ်စီနဲ့ ထိန်းသိမ်းမြှင့်တင်ခဲ့တဲ့ မကြာသေးမီက ဖြစ်ရပ်တစ်ခုမှာလည်း အတုယူ ဖွယ်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဂျပန်အသင်း ရှုံးနိမ့်ခဲ့ပေမယ့် ဂျပန်ပွဲကြည့်ပရိသတ်တွေက ကွင်းအတွင်းကျန်ရှိ အမှိုက်တွေကို ရှင်းလင်းပြီးမှ ပြန်လည်ထွက်ခွာခဲ့တဲ့ မြင်ကွင်း၊ ဘောလုံးအသင်းသားတွေက အဝတ်လဲ ခန်းကို သန့်ရှင်းသပ်ရပ်စွာ ပြန်လည်ထားရှိခဲ့တဲ့ မြင်ကွင်း၊ အိမ်ရှင်ကာတာကို အာရေဗီဘာသာဖြင့် ကျေးဇူးတင်စကားများ ချန်ထားခဲ့တဲ့ မြင်ကွင်းတွေကြောင့် ဂျပန်လူမျိုးတို့ရဲ့ စည်းကမ်းရှိမှုနဲ့ တာဝန်ယူ တတ်မှုကို ကမ္ဘာတစ်ဝန်းက လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ကြပါတယ်။ ဒီလိုမျိုး နိုင်ငံတကာလူထုရဲ့အမြင်မှာ နိုင်ငံ့ပုံရိပ်ကောင်းကို ထိန်းသိမ်းမြှင့်တင်နိုင်ခဲ့တဲ့ ဂျပန်အားကစားသမားနဲ့ သာမန်ဘောလုံးပွဲလာ ဂျပန်ပရိသတ်တစ်ဦးချင်းစီဟာ သံတမန်နိုင်ငံသားတွေ (Citizen Diplomats) ဖြစ်ကြလို့ပဲ ဖြစ်ပါတယ်။

ယနေ့ခေတ် သတင်းအချက်အလက် ချိတ်ဆက်မှု အားကောင်းတဲ့ကမ္ဘာကြီးမှာ လူကြည့်များတဲ့ (Viral) ဗီဒီယိုတစ်ခု၊ Tweet တစ်ကြောင်း၊ သတင်း တစ်ပုဒ်ဟာ နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံတကာ ပြည်သူလူထုရဲ့အမြင်ကို ကျယ်ပြန့်စွာလွှမ်းမိုးနိုင် စွမ်း၊ ပြောင်းလဲနိုင်စွမ်း ရှိလာပါတယ်။ ပြည်သူလူထုရဲ့ အမြင်ကလည်း နိုင်ငံတွေအကြား ဆက်ဆံရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ အပေါ်သက်ရောက်မှုများစွာရှိနေပါတယ်။ နိုင်ငံ့ပုံရိပ်ကောင်းမွန်ပါမှ နိုင်ငံအချင်းချင်းနဲ့ ပြည်သူ အချင်းချင်းဆက်ဆံမှု အထူးသဖြင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ နည်းပညာစတဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုတွင်ကျယ်အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံ့ပုံရိပ် ကောင်းမွန်စေဖို့ မျက်မှောက်ခေတ် သံတမန်ရေးမှာ ထိပ်သီးအစည်း အဝေးတွေနဲ့ အစိုးရအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပရုံမျှနဲ့ မလုံလောက်တော့ဘဲ နိုင်ငံတကာမှ လူထုအလွှာပေါင်းစုံက နည်းလမ်းမျိုးစုံနဲ့ ထိတွေ့ဆက်ဆံကြဖို့ လိုအပ်လာပါတယ်။

ဒစ်ဂျစ်တယ်ခေတ်မှာ လူမှုကွန်ရက်တွေက တစ်ဆင့် သတင်းစီးဆင်းမှု အလွန်မြန်ဆန်တာ ကြောင့် နိုင်ငံတွေအကြား သံခင်းတမန်ခင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အစိုးရမဟုတ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ (Non-state Actors)က လွယ်ကူတက်ကြွစွာ ပူးပေါင်းပါဝင်လာနိုင် ကြပါတယ်။ အခုလို အကျပ်အတည်းကာလအတွင်းမှာ လူသားဆန်မှုဟာ အထိရောက်ဆုံး သံခင်းတမန်ခင်း ဖြစ်လာခဲ့ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ စိတ်ရင်းစေတနာ၊ သဒ္ဓါတရားနဲ့ စိတ်ရင်းအတိုင်း ဆောင်ရွက်မှုတိုင်းဟာ နိုင်ငံရဲ့ပုံရိပ်ကောင်းကို ဖန်တီးပုံဖော်နေခြင်းပဲ ဖြစ်ပါတယ်။

အခု ဒစ်ဂျစ်တယ်ခေတ်ရဲ့ အကျိုးကျေးဇူး၊ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ပုံရိပ်တွေကြောင့် ငလျင်ဒဏ် ခံစားခဲ့ကြရတဲ့ မြန်မာတွေဟာ နိုင်ငံတကာက ကမ်းလင့်လာတဲ့လက်တွေ၊ ပေးအပ်လာတဲ့ အထောက်အပံ့၊ အကူအညီတွေကို ရယူလိုခြင်းသက်သက်နဲ့ လက်ခံနေကြသူတွေမဟုတ်ဘူး၊ မိသားစုနဲ့ မိတ်ဆွေ ရင်းချာတွေ အချင်းချင်းကြားမှာသာရှိတဲ့ နွေးထွေးတဲ့ ခံစားချက်၊ ကျေးဇူးတင်တတ်တဲ့ စိတ်ရင်းတွေနဲ့ ထွေးပွေ့ခံယူကြသူတွေ ဖြစ်တယ်ဆိုတဲ့ပုံရိပ်ကို ပေါ်လွင်စေခဲ့ပါတယ်။ စေတနာကို မေတ္တာနဲ့တုံ့ပြန် တတ်သူတွေပါလားဆိုပြီး သိရှိသွားစေပါတယ်။ မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းဟာ အဆိုးထဲမှ အကောင်း၊ နွံထဲမှကြာလို ထွက်ပေါ်လာခဲ့ပါတယ်။

သံတမန်နိုင်ငံသားများ (Citizen Diplomats) ဆိုတာဟာ နက်ကတိုင်ဝတ်၊ သားရေဖိနပ်ပြောင်နေ အောင်စီးထားပြီး ကြော့ကြော့မော့မော့နဲ့ အင်္ဂလိပ်စကားကို စမတ်ကျကျပြောကာ စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲတက်နေသူတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေ ဒုက္ခသုက္ခကြုံတွေ့နေချိန် အကူအညီပေးနေကြတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တွေကို ကိုယ်ချင်းစာ၊ ကြင်နာတဲ့စိတ်ရင်းနဲ့ ရေခဲ ထုပ်၊ ရေခဲရေတွေကို ဖိနပ်မပါ ခြေဗလာနဲ့ အပြေး လိုက်ဝေပေးကြတဲ့ စေတနာရှင်တွေဟာ Citizen Diplomats တွေပါ။ ကိုယ့်ချွေးနှဲစာကို မငဲ့၊ ရှိစုမဲ့စု ကုန်လေးတွေ ရက်ရောစွာ လက်ဆောင်ပေး ချင်ခဲ့ကြတဲ့ ဈေးသည်ကြီးတိုင်းက Citizen Diplomats တွေပါ။ သောကအပူမီးတွေကြားကပဲ ကျေးဇူးတင်စိတ်ကို ဘာနဲ့မှ မဖော်ပြနိုင်တော့လို့ ရိုးရာဓလေ့အရ အမြင့်ဆုံးဂါရဝအဖြစ် လက်အုပ်ချီ ဦးချကြတဲ့ တောသူတောင်သားတွေဟာ မြန်မာရဲ့ Citizen Diplomats တွေပါ။ ဒါတွေဟာ ဘယ်သံခင်း တမန်ခင်း သင်ရိုးစာအုပ်မှာမှ ပြဋ္ဌာန်းမထားတဲ့ ပြည်သူတွေရဲ့ရင်ထဲ အသည်းထဲကလာတဲ့ ကြင်နာ ချစ်ခြင်းသံခင်းတမန်ခင်းတွေပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းမတည်ငြိမ်မှုနဲ့ လူမှုစီးပွားအခက်အခဲတွေ၊ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အခက်အခဲ အကျပ်အတည်းစတာ တွေကိုအကြောင်းပြုပြီး နိုင်ငံတကာမျက်နှာစာ ပေါင်းစုံမှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကျဆင်းစေဖို့ ပုံဖော်နေမှုတွေဟာ အတော်ပင်ခရီးရောက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ နေရာယူလျက်ရှိနေတာကြောင့် နိုင်ငံတကာပြည်သူလူထုတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ချစ်စဖွယ်ဓလေ့နဲ့ အစဉ်အလာတွေကို သိရှိမှု အလွန်နည်းပါးပါတယ်။

အခုအခါမှာတော့ ပြည်သူအချင်းချင်း၊ အသိုက်အဝန်းအချင်းချင်း ထိတွေ့ခြင်းမှသည် မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်းကို ကမ္ဘာကမြင်တွေ့ခဲ့ကြပါပြီ။ မြန်မာရဲ့နာကျင်ခံစားမှုတွေကိုသာမဟုတ်ဘဲ မြန်မာပြည်သူပြည်သားတွေရဲ့ ချစ်ခြင်းမေတ္တာ၊ အားအင်နဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ကိုပဲ ဖြစ်ပါတယ်။ ပြာပုံထဲကဖီးနစ်ငှက်လို နိုးထနိုင်မယ့်စိတ်နေစိတ်ထားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ မြန်မာတို့ရဲ့အစဉ်အလာ ကျေးဇူးသိတတ်မှု၊ ကိုယ်ချင်းစာတရားရှိမှု၊ လှိုက်လှဲဖော်ရွေတတ်မှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်စတဲ့ အကျင့်စရိုက်လက္ခဏာတွေကို ဆက်လက်ထိန်းသိမ်း ပြန့်ပွားစေရင်း နိုင်ငံရဲ့ပုံရိပ်ကောင်းကို Citizen Diplomacy နဲ့ ဆက်လက်ထိန်းသိမ်း မြှင့်တင်ကြပါစို့လို့ တိုက်တွန်းရေးသားအပ်ပါတယ်။ ။