မန္တလေးငလျင်ကြီးကို ရင်ဆိုင်တုံ့ပြန်ခဲ့တဲ့ သူရဲကောင်းများ
KMMS (MFA)
ကျွန်မရဲ့ဇာတိချက်မြှုပ်က ရန်ကုန်ဆိုပေမယ့် အဘိုးအဘွားတွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်း အညာမြေမှာနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝမှာ အဘိုးအဘွားတွေပြောပြတဲ့ ပုဂံငလျင်၊ စစ်ကိုင်းငလျင်စတဲ့ စိတ်လှုပ်ရှားဝမ်းနည်းဖွယ်ရာ အိပ်ရာဝင်ပုံပြင်တွေကို ကြိမ်ဖန်များစွာနားထောင်ရင်း အိပ်စက်ခဲ့ရဖူးပါတယ်။ ဒီငလျင်ဒဏ်ကြောင့် အသက်ခန္ဓာစွန့်လွှတ် ပျက်စီးခဲ့ရတာတွေ၊ မြန်မာ့ရိုးရာအမွေအနှစ် ဘုရားကျောင်းကန် စေတီပုထိုးတွေ ပြိုကျပျက်သုဉ်းခဲ့ရတာတွေကို ကြားရတော့ ဒီအဖြစ်ဆိုးတွေ တစ်သက်တာမှာ မကြုံရ၊ မတွေ့ရ၊ မကြားရစေဖို့ အထပ်ထပ်အခါခါ ဆုတောင်းခဲ့ဖူးပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရဘူးဆိုတာ ငယ်သေးတဲ့ ကျွန်မနားမလည်ခဲ့တာတော့ အမှန်ပါ။
ကျွန်မဘဝမှာ အဲဒီသဘာဝဘေးဒဏ် မကြုံချင်ဖူးဆိုတဲ့ ဆုတောင်းကတော့ မပြည့်ဝခဲ့ပါဘူး။ ကျွန်မမမြင်ချင်၊ မကြားချင်တဲ့ အဲဒီအိပ်မက်ဆိုးဟာ မမျှော်လင့်ဘဲ ထိပ်တိုက်တိုးခဲ့ရပါတယ်။ မှတ်မှတ် ရရ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ကျော်အချိန်သတ်မှတ်ချက်တစ်ခုဟာ အန္တရာယ်တွေနဲ့အတူ ကျွန်မတို့ရဲ့နေထိုင်ရာ ဒေသဆီကိုမဖိတ်ခေါ်ဘဲ ရုတ်တရက် ချင်းနင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီနေ့ဟာနောင်မှာ မန္တလေးငလျင်ကြီးလို့အမည်တွင်စေမယ့် ပြင်းထန်တဲ့ငလျင်ကြီးက နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတစ်ဝိုက်မှာ အပြင်းအထန်လှုပ်ခတ်သွားခဲ့ပြီး မကွေး၊ ရှမ်းတောင်နဲ့ ပဲခူးအရှေ့ဒေသအပါအဝင် နေရာတော်တော်များများကိုပါ ဝင်ရောက်ဝှေ့ရမ်းသွားခဲ့ပါတယ်။
ယူကျုံးမရ ဝမ်းနည်းကြေကွဲ
ကျွန်မဟာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်မတာဝန်ထမ်းဆောင်တဲ့ ရုံးအဆောက်အအုံဟာ အထပ်လေးထပ်ရှိပြီး အပေါ်ဆုံးထပ်ရဲ့ အခန်းတစ်ခန်းမှာ ကျွန်မတာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီနေ့ ပုံမှန်ရုံးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေချိန်အတွင်း ပြင်းထန်လွန်းတဲ့ ဆက်တိုက်တုန်ခါမှုကြောင့် ရုံးတွင်းပရိဘောဂနဲ့ လျှပ်စစ်ပစ္စည်းတွေ ပြိုကျလာပြီး ငလျင်ဆိုတဲ့အသိနဲ့ အနီးဆုံးထွက်ပေါက်ကနေတစ်ဆင့် ဘေးလွတ်ရာ ရုံးအပြင်ဘက် ကွင်းပြင်ဆီကို ပြေးထွက်ခဲ့ပါတယ်။ အလဲလဲအကွဲကွဲနဲ့ ပွန်းပဲ့ဒဏ်ရာလောက်သာရခဲ့တဲ့ ကျွန်မအတွက် မပြောပလောက်ပေမယ့် ကျွန်မတို့လေးစားရတဲ့ ဆရာသမားတစ်ဦးရဲ့ အသက်ဝိညာဉ် ကို ပြင်းထန်တဲ့ငလျင်က နုတ်ယူသွားခဲ့တာကတော့ ယူကျုံးမရဝမ်းနည်းကြေကွဲစရာ ဖြစ်ခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ နိုင်ငံ့အကြီးအကဲတွေဟာ သူတို့ ကိုယ်တိုင်နဲ့ မိသားစုဘဝ၊ ကိုယ်ရေးကိုယ်တာ ထိခိုက်နစ်နာမှုတွေကို ဘေးဖယ်ထားကာ ပြည်သူ လူထုအတွင်း နည်းလမ်းပေါင်းစုံနဲ့ ရုတ်ခြည်း သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ရုပ်ဝတ္ထုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေကိုဆောင်ရွက်ရင်း တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့တွေကို အမြန်ဆုံးဖွဲ့စည်းလို့ အချိတ်အဆက်မိမိ လျင်လျင်မြန်မြန် အားသွန်ခွန်စိုက် ဆောင်ရွက်တာတွေကို တွေ့ရတဲ့အတွက် အထူးလေးစားမိပါတယ်။
ဒီဖြစ်စဉ်မှာ နိုင်ငံခြားတိုင်းပြည် ၂၄ နိုင်ငံဟာ မိတ်ဆွေဖြစ်ခြင်း၊ မဖြစ်ခြင်း၊ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်စတဲ့ နိုင်ငံရေးအသွေးအရောင်တွေကို ဘေးချိတ်ပြီး လူသားအချင်းချင်းဆိုတဲ့ အသိစိတ်တစ်ခုတည်းကို ဦးတည်ကိုင်ဆွဲကာ စေတနာအပြည့်နဲ့ ဝင်ရောက်ကူညီဆောင်ရွက်လာကြတာတွေကလည်း တကယ့်ကို ဝမ်းသာပီတိဖြစ်စရာလို့ဆိုရမှာ ဖြစ်ပါတယ်။
ကျေနပ်အားရဖွယ်ရာ ကုသိုလ်တစ်ခု
ကျွန်မတို့ ဌာနအနေနဲ့ကလည်း နိုင်ငံတကာဆက်ဆံရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ လွယ်ကူချောမွေ့စေတဲ့ ရောက်ရှိ၊ ထွက်ခွာလုပ်ငန်းစဉ်တွေကို ဆက်စပ်ကူညီပေးရတာဖြစ်လို့ ရုံးပိတ်ရက်မရှိ၊ နေ့ညမပြတ် ဆောင်ရွက်ခွင့်ရခြင်းသည်က ပင်လျှင်ကျေနပ်အားရဖွယ်ရာ ကုသိုလ်တစ်ခုလို့လည်း အစဉ် ထာဝရ မှတ်ယူလျက်ရှိပါတယ်။
ဒီနေရာမှာ အဓိကထားတင်ပြလိုတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ 72 golden hours လို့ တင်စားခေါ်ဝေါ်ကြတဲ့ ၇၂ နာရီရွှေရောင်အချိန်များဆိုတဲ့ ဝေါဟာရပဲဖြစ်ပါတယ်။ ဒီဝေါဟာရရဲ့ အဓိပ္ပာယ်က “ငလျင်လှုပ်ခတ်မှုပြီးသည့်နောက် အရေးကြီးတဲ့ ၇၂ နာရီ” ကို ရည်ညွှန်းပြောဆိုခြင်းလို့ လေ့လာ မှတ်သားဖူးပါတယ်။ ငလျင်ဒဏ်ကြောင့် အဆောက် အအုံပျက်တွေကြားမှာ ပိတ်မိနေတဲ့ လူသားတစ်ဦးဟာ ပထမ ၂၄ နာရီအတွင်း ကယ်တင်နိုင်ရင် အသက်ရှင်နိုင်ခြေက ၉၀ ရာခိုင်နှုန်းလို့ဆိုပါတယ်။ ၄၈ နာရီကြာမှ ကယ်ဆယ်နိုင်မယ်ဆိုရင်တော့ ၅၀-၆၀ ရာခိုင်နှုန်းသာရှိတော့မှာဖြစ်ပြီး ၇၂ နာရီ ကျော်သွားပြီဆိုရင်တော့ ၁၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိသွားပြီဖြစ်လို့ စွန့်လွှတ်လိုက်ရတော့မယ့် အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်ငလျင်ဒဏ်သင့် အဆောက်အအုံအပြိုအပျက်ကြား ပိတ်မိနေတဲ့သူတစ်ဦးကို အသက်ရှင်လျက် ပြန်လည်သယ်ထုတ်ရမယ့်အချိန်ပမာဏဟာ အများဆုံး ၇၂ နာရီသာဖြစ်လို့ အသက်ရှင်ရေးအတွက် အရေးကြီးတဲ့ ၇၂ နာရီကို ရည်ညွှန်းပြီး 72 golden hours သတ်မှတ်ထားတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
မန္တလေးငလျင်ကြီးကာလအတွင်း 72 golden hours မှာ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရတဲ့ သူရဲကောင်းတွေဟာ မြန်မာနိုင်ငံက ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်ဦးစီးဌာနက ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ (Search and Rescue Team- SRTs) ပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကို ငလျင်လှုပ်ခတ်ပြီး ၇၂ နာရီအတွင်းရောက်ရှိ ကယ်ဆယ်နိုင်အောင် နိုင်ငံတော်က တံခါးဖွင့်ခေါ်ယူခဲ့ခြင်းလည်းဖြစ်ပါတယ်။
ယခုဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးမှာ လေ့လာမိခဲ့တာက ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေဟာ ချပ်ဝတ်တန်ဆာ၊ နည်းပညာ အပြည့်အစုံနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ နောင်မှာ မိမိ နိုင်ငံရဲ့ဓနအင်အား ပြည့်စုံလာတာနဲ့အမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ်တစ်ခုလို့လည်း မှတ်ယူမိပါတယ်။ စင်ကာပူနိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဆိုရင် insect-robot hybrids လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်အပူချိန်ကိုအာရုံခံနိုင်တဲ့ ဉာဏ်ရည်မြင့် ပိုးဟပ်စက်ရုပ်ငယ်လေး (cyborg cockroaches)၊ မြေအောက်မှာ ပိတ်မိနေသော ဒုက္ခသည်တွေအတွက် အသံရှာဖွေဖမ်းယူတဲ့ အသံဖမ်းစက် (acoustic sensors)၊ အပူချိန်၊ အသက်ရှူမှုနဲ့လှုပ်ရှားမှုကို အာရုံခံတဲ့ရေဒါပုံရိပ်ဖော်စက်စတဲ့ နည်းပညာအခြေပြုစနစ်တွေသာမက K-9 အနံ့ခံကယ်ဆယ်ရေးခွေးလေးတွေကိုပါ အသုံးပြုခဲ့တာကို လက်လှမ်းတစ်မီလေ့လာတွေ့ရှိရပါတယ်။
ကျွန်မတို့နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အနေနဲ့ကတော့ နည်းပညာပိုင်းအတွက် အနာဂတ်မှာ ထပ်မံဖြည့်ဆည်းဖို့သာရှိရင်ရှိမယ် လက်ရှိမှာ သတ္တိ၊ ဗျတ္တိ၊ စိတ်ရင်းစေတနာနဲ့ ပရဟိတစိတ်ကို အရင်းခံပြီး အပျက်အစီးပုံတွေကြားမှာ အသက်ကို ပဓာနမထား ဝင်ရောက်မွှေနှောက် လုပ်အားဒါနပြုနေတာတွေက ကျွန်မအမြင်မှာတော့ ပိုလို့ပင်တင့်တယ်နေတယ်လို့ပဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်မိပါတယ်။
ကျွန်မတို့ရဲ့ ပြည်တွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဖြစ်စဉ်ဖြစ်လျှင်ဖြစ်ချင်း အလျင်မြန်ဆုံး ဝင်ရောက်ကူညီလုပ်ဆောင်နေချိန် တစ်ပြိုင်တည်းမှာပဲ နိုင်ငံတကာက SRTs တွေကလည်း နိုင်ငံတော်ရဲ့ ကမ်းလှမ်းဖိတ်ခေါ်မှုနဲ့ အချိန်ကိုက်ဝင်ရောက် ကူညီမှုတွေ ပြုလုပ်လာကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ နိုင်ငံတော်ဘက်က အချိန်အခါရဲ့ တန်ဖိုးရှိမှုကို အချိန်ကိုက်အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်
ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ကတော့ ဒီကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆက်နွှယ်မှုရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပါ ပေါင်းစပ်ပြီး နိုင်ငံတော်ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအောက်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)မှာ ဝင်ရောက်ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ၂၄ နာရီ အချိန်ပြည့်လုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ အဆောက်အအုံ ပြိုပျက်မှုတွေ ဘယ်လောက်ပဲရှိနေစေကာမူ အလုပ်တာဝန်ပြီးမြောက်ရေးကိုသာ ဦးတည်ချက်ထားပြီး ရုံးရှေ့မြေကွက်လပ်မှာ ယာယီတဲတွေထိုး၊ အကြီးအကဲတွေကိုယ်တိုင် နေ့စဉ်ရုံးတက်၊ တွေ့ဆုံဆွေးနွေးတာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်ရဲ့လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အထူးသဖြင့် ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ Search and Rescue Team တွေ အချိန်မီလာရောက်နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိစေခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ နိုင်ငံတကာက အကူအညီပေးရေးလေယာဉ်တွေ နိုင်ငံတွင်းဝင်ရောက်ပျံသန်းခွင့်နဲ့ ဆိုက်ရောက်ခွင့်၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ဆေးဝါးအခွန်ကင်းလွတ် သယ်ဆောင်လာခွင့်၊ SRTs တွေကို ကြိုဆိုနေရာချထားရေးစတဲ့ လုပ်ငန်းစဉ်တွေကို ပြည်တွင်း၊ ပြည်ပသံရုံး၊ အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်ကာ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ခွင့်ရရှိတာကိုပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။
လက်ရှိအချိန်အထိ နိုင်ငံတကာက ထောင်ဂဏန်းရှိတဲ့ ကယ်ဆယ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တပ်ဖွဲ့ဝင်ခွေးလေး ၂၉ ကောင် အပါအဝင် လိုအပ်တဲ့အထောက်အကူပြုပစ္စည်းတွေချောချောမွေ့မွေ့နဲ့ နိုင်ငံအတွင်းရောက်ရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လူနဲ့ကယ်ဆယ်ရေး ပစ္စည်းတွေတင်ဆောင်လာတဲ့ ရာဂဏန်းရှိတဲ့ လေယာဉ်တွေသာမက ကုန်းလမ်း၊ ရေလမ်းကပါ မော်တော်ယာဉ်နဲ့ရေယာဉ်တွေ ဆိုက်ရောက်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ နေပြည်တော် လေယာဉ်ကွင်းကို တာဝန်ရှိသူတွေဘက်က ပြန်လည်အသုံးပြုနိုင်ရေး အစွမ်းကုန် ကြိုးပမ်းပေးခဲ့သလို ငလျင်ကြီးပြီးတဲ့ နောက်တစ်ရက် ညအချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယတပ်မတော်လေသူရဲတွေ၊ ကယ်ဆယ် ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျွမ်းကျင်မှု၊ ပြင်းထန်တဲ့ဇွဲသတ္တိနဲ့ စိတ်စေတနာကိုလည်း သမိုင်းမှတ်တမ်းအဖြစ် အမှတ်ရနေရမှာ ဖြစ်ပါတယ်။ အဲဒါကို ရုရှားနိုင်ငံရဲ့ IL-76 လို အကြီးစားကုန်တင်လေယာဉ်ကြီးတွေ ဆင်းသက်လာမှုမျိုးနဲ့ ထပ်ပေါင်းလိုက်တဲ့အခါမှာတော့ လေယာဉ်ပြေးလမ်းရဲ့ ကြံ့ခိုင်မှုအတွက် သံသယဝင်နိုင်မှုမျိုးကိုပါ ဖယ်ရှားပေးရာရောက်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီလေယာဉ်ကြီးတွေဟာ မန္တလေးလေယာဉ်ကွင်းမှာတောင် ဆင်းသက်ပျံသန်းနေပြီ ဖြစ်ပါတယ်။
အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့
ပြည်တွင်းမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပြည်ပကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့ သမိုင်းပုံရိပ်တွေဟာ ငလျင်ဖြစ်ပြီးပြီးချင်း နောက်တစ်ရက်ဖြစ်တဲ့ ၂၉-၄-၂၀၂၅ ရက် နံနက်ခင်း China Eastern Airlines လေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်ကို မရပ်မနားအရောက်လာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့နိုင်တာကြောင့် မတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်ဥတ္တရသီရိဆေးရုံအတွင်း ပိတ်မိနေတဲ့အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်ပေးနိုင်ခဲ့တာမျိုးနဲ့ အစပြုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မန္တလေးငလျင်ကြီးအတွင်း ပျက်စီးဆုံးရှုံးမှုတွေကြားမှ မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိမှုနဲ့ မျှော်လင့်ချက်တွေရဲ့အံ့သြဖွယ်ရာ ဇာတ်လမ်းတွေဟာ နိုင်ငံတကာမီဒီယာနဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာခဲ့ပါတော့တယ်။ ဥပမာအားဖြင့် နိုင်ငံတကာကယ်ဆယ်ရေးသမားတွေနဲ့ ပြည်တွင်းကတပ်ဖွဲ့ဝင်တွေဟာ ပြိုကျသွားတဲ့ အဆောက်အအုံတစ်ခုရဲ့ အပျက်အစီးတွေကြားကနေ မိခင်တစ်ဦးနဲ့သူ့သားကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြရာမှာ အကန့်အသတ်ရှိတဲ့ စက်ကိရိယာ တွေကြားမှ သူတို့ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ တီထွင်ကြံဆ နိုင်စွမ်းကို ပြသနိုင်ခဲ့ကြပါတယ်။ အပျက်အစီးတွေ အောက်မှာ ငါးရက်ကြာပိတ်မိနေတဲ့ အသက် ၂၆ နှစ်အရွယ် ဟိုတယ်ဝန်ထမ်းတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာကလည်း မြန်မာ-တူကီယဲ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ရဲ့ မမောမပန်း ကြိုးပမ်းခဲ့မှု၊ စိတ်ပိုင်းဖြတ်မှုနဲ့ ကျွမ်းကျင်မှုပြယုဂ် တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ အသက်ကယ်ဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ရေးမှာ နိုင်ငံတကာအဖွဲ့အစည်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး အပျက်အစီးတွေကြောင့် ခက်ခဲတဲ့အခြေအနေဖြစ်ပေါ်နေတဲ့ နေပြည်တော်နဲ့မန္တလေးကအသက်ရှင်ကျန်ရစ်နေသူတွေကို ရှာဖွေကယ်ထုတ် ပေးနိုင်ခဲ့ပါတယ်။
ဒီနေရာမှာ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်ရှိမှုကလည်း အင်မတန်မှကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေသခံလူမှုအသိုင်းအဝိုင်းတွေဟာ ဘေးဒဏ်ခံစားခဲ့ရသူတွေကို နေထိုင်စရာ၊ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ ပေးအပ်တာမျိုး၊ တစ်ဦးကိုတစ်ဦးကူညီပံ့ပိုးဖို့ စုစည်းခဲ့ကြ တာမျိုးစတဲ့စည်းလုံးညီညွတ်မှုနဲ့ စာနာထောက်ထားမှုဟာ ယခုအကျပ်အတည်းကာလအတွင်း မျှော်လင့်ချက်ရဲ့အလင်းရောင်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ပြည်ပနိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၇ ဖွဲ့ဟာ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနဲ့ပူးပေါင်းပြီး နေပြည်တော်၊ မန္တလေးနဲ့စစ်ကိုင်းစတဲ့မြို့တွေမှ အသက်ရှင်သူရှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၁၉၉ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အဲဒီလို တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် K-9 ခွေးလေးတစ်ကောင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ အေးချမ်းစွာနားစက်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
ဒီနေရာမှာ လေ့လာမိတာကို အလျဉ်းသင့်လို့ တင်ပြလိုတဲ့အချက်ကတော့ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အဆင့်ငါးဆင့်နဲ့ လုပ်ဆောင်ရပါတယ်။ အဆင့်(၁)- ဘေးဒဏ်သင့် နယ်မြေတစ်ခုလုံးကို ကျယ်ပြန့်စွာအကဲဖြတ်ခြင်း (Wide Area Assessment)၊ အဆင့် (၂)- လုပ်ငန်း ခွင်အလိုက်အဆင့်လိုက် အကဲဖြတ်ခြင်း (Worksite Triage Assessment)၊ အဆင့် (၃)- အလျင်အမြန် ရှာဖွေကယ်ဆယ်ခြင်း (Rapid Search and Rescue)၊ အဆင့် (၄)- အပြည့်အဝရှာဖွေခြင်းနှင့် ကယ်ဆယ်ခြင်း (Full Search and Rescue)၊ အဆင့် (၅)- ရှာဖွေရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အပြည့်အဝ ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်း (Total Coverage Search and Recovery) လို့ မှတ်သားဖူးပါတယ်။
မန္တလေးငလျင်ကြီးရဲ့ ယခုကာလဟာ အဆင့်(၄)ဖြစ်တဲ့ အပြည့်အဝရှာဖွေခြင်းနှင့် ကယ်ဆယ်ခြင်းလုပ်ငန်းတွေ ယေဘုယျအားဖြင့် ပြီးဆုံးပြည့်စုံပြီလို့ ယူဆရမှာဖြစ်ပါတယ်။ ငလျင်ဒဏ်စတင်ခံစားရတဲ့အချိန်ကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့် ၇၂ နာရီ ရွှေရောင်အချိန်လည်း ကျော်လွန်သွားပြီဖြစ်လို့ အဆောက်အအုံအပြိုအပျက်တွေကြား အသက်ရှင်လျက် ကျန်ရစ်နေနိုင်ဖို့ဖြစ်နိုင်ခြေမရှိနိုင်တော့ဘူးလို့ပဲ သုံးသပ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ပြည်ပရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ပင်ရင်းနေရပ်အသီးသီးကို ပြန်လည်ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ လည်း ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးကဏ္ဍသို့ ဦးတည်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအပေါ် ပြင်းထန် စွာရိုက်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ်ဆိုးကာလအတွင်း မှာ ကိုယ်ကျိုးထက်အများအကျိုးကို အသက်စွန့် ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာ့သူရဲကောင်းတွေနဲ့ ကမ္ဘာ့သူရဲကောင်းတွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာပေါ်မှာ မေ့ပျောက်သွားနိုင်ဖွယ်မရှိတဲ့ အစဉ်ထာဝရ ဦးညွှတ်လေးစားနေရဦးမယ့် မန္တလေးငလျင်ကြီးကို ရင်ဆိုင်တုံ့ပြန်ခဲ့တဲ့ သူရဲကောင်းများလို့ ထာဝရ မော်ကွန်းတင် အသိအမှတ်ပြုရမှာဖြစ်ကြောင်း ပါရှင့်။ ။