Skip to main content

ကမ္ဘာကုန် ကျယ်သရွေ့

“လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင်၊ သိပ္ပံပညာကို အထင်သေးနေလျှင်၊ အနုပညာကို အထင်သေးနေလျှင်၊ ပိုက်ဆံကို ဒီလောက်မက်မောနေလျှင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာ မဟုတ်ဘူး” ဟု အင်္ဂလိပ်အနုပညာနှင့် သုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်းက ဆိုခဲ့ပါသည်။

အမိရန်ကုန်တက္ကသိုလ် ပေါ်ထွန်းလာရေးအတွက် တိုက်ပွဲများစွာ ဝင်ခဲ့ရသည်။ တိုက်ပွဲ မတိုင်မီ ကောလိပ်သိပ္ပံဘဝတွင် မြန်မာစာဌာန မရှိခဲ့ပါ။ ကျောင်းသားများ မြန်မာစာကို မသင်ကြရပါ။ အဘယ်မျှ ကြေကွဲဖွယ်ကောင်းပါသနည်း။ အဆင့်မြင့်ပညာသင်ကြားရာ ကောလိပ်တွင် မြန်မာစာမသင်ရခြင်း၏ အကြောင်းရင်းက ပို၍ ကြေကွဲစရာကောင်း သည်။ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံကောလိပ်ဖြစ်သောကြောင့် ကာလကတ္တားတက္ကသိုလ်တွင် မြန်မာစာဌာန မရှိ၊ မြန်မာစာ မသင်ရသည့်အတွက် ဖြစ်ပါ သည်။ သူတို့ပြည်တွင် အဘယ်မှာ မြန်မာ စာဌာန ရှိပါမည်နည်း။ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ မြိုင်ဖို့သာ အရေးကြီးသည်ဟု ယူဆသော ဗြိတိသျှတို့က မြန်မာ့ကောလိပ်သိပ္ပံတွင် မြန်မာစာကို နှိမ်ထားခဲ့သည်။ မြန်မာစာကို မသင်ရသော်လည်း စာမေးပွဲဖြေရသည်။ စာမေးပွဲတွင် စာစီစာကုံးရေးရသည်။ ဖြေသူ တိုင်းကို အအောင်ပေးရသည်။ မေးခွန်းကို ကာလကတ္တားတက္ကသိုလ်က ထုတ်သည်။ တစ်ကြိမ်တွင် အဖြေလွှာ၌ ဘာမှဖြေမထား၍ ဘုတ်ထိုင်ရသည်။ အဆုံးတွင် အအောင်ပေး လိုက်သည်။

အခမဲ့ကူလီထမ်းခြင်း

ထိုသို့သော အခြေအနေတွင် ရန်ကုန်တက္ကသိုလ် ဖြစ်တည်လာသော်လည်း မြန်မာစာဌာန မရှိသေးပါ။ ကျောင်းသားများသည် မြန်မာစာကို အလေးမထား။ မြန်မာစာဆရာ ကို တိုးတိုက်သွားကြသည်။ အင်္ဂလိပ်လိုပြောရမှ ဂုဏ်ရှိသည်ဟု ထင်ကြသည်။ ပညာဂုဏ် ထက် ကောလိပ်ကျောင်းသားဆိုသည့်ဂုဏ်ကို အလေးထားပြီး ကြွားကြွားဝါဝါ နေကြသည်။ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းသားတို့၏ စရိုက်ကို အမျိုးသားပညာဝန် ဦးဖိုးကျားက “အခမဲ့ ကူလီထမ်းခြင်း” ဆိုသည့် ကိုယ်တွေ့ ဝတ္ထုဖြင့် တင်ပြထားသည်။

ကောလိပ်မှ အိမ်သို့ ပြန်လာသော မောင်သောင်းသည် တစ်တောင်ခန့်ရှိသည့် သေတ္တာလေးအတွက် ကူလီရှာနေသည်။ ကျောင်းစစ် ရန်လာသော ဦးဖိုးကျားကို ကူလီ ထင်၍ ငှားလာခဲ့သည်။ နောက်တစ်နေ့တွင် ဦးဖိုးကျားသည် အမျိုးသားပညာဝန်မှန်းသိ၍ ရင်မဆိုင်ရဲဘဲ ထွက်ပြေးသွားခဲ့သည်။ ထိုအချိန်မှစ၍ မောင်သောင်း စရိုက်ပြောင်း သွားခဲ့သည်။ ကူလီအဖြစ် လိုက်ပါလာရင်း ဦးဖိုးကျားက မြန်မာစာဘာသာရပ်အကြောင်း မေးရာ မောင်သောင်းက “ဘားမီး(စ်)လား … ဘားမီး(စ်)က လွယ်ပါတယ် … အလိုလို ပတ်(စ်) တာပဲ” ဟု ပြောဆိုခဲ့သည်။ မောင်သောင်းကပင် ဆက်၍ “ ခင်ဗျားတို့ ဘာသာစကားက သိပ်ဆင်းရဲတယ်” ဟု လည်း ဆိုလိုက်သေးသည်။

ဓာတုဗေဒအကြောင်း မေးရာတွင် ရေရေရာရာ မဖြေနိုင်ခဲ့ပေ။ သို့ရာတွင် မိမိမှာ ကောလိပ်ကျောင်းသားဖြစ်၍ ၁၄ ကျပ်တန် အကောင်းစားဖိနပ်ကို စီးသည်ဟု ကြွားဝါ သည်။ မြန်မာဖြစ်ပါလျက် မြန်မာစာကို အထင်သေးကြသောကြောင့် အင်္ဂလိပ်လိုပြော မှ ဂုဏ်ရှိသည်ဟု ထင်ကြသည်။ မိမိစာပေကို အထင်သေးရင်း မြန်မာလိုမပြောတတ်၊ မရေး တတ်ကြတော့ပေ။ “ဘဲဥကို ဖွင့်လိုက်ပါ”၊ “ငှက်ကလေးတွေ သစ်ကိုင်းပေါ်မှာ ထိုင်နေ ကြတယ်” ဟုလည်းကောင်း၊ “အိုင်ဖြင့် ကိုနွဲ့ သတင်းကြားရတာ သိပ်ဆောရီးတာပဲ” ဟု လည်းကောင်း ပြောကြ ဆိုကြသည်။

ခေတ်စမ်းပုံပြင်တစ်ပုဒ်

ကိုလိုနီခေတ်တက္ကသိုလ်တွင် မြန်မာစာ မှေးမှိန်နေရာမှ ခေတ်စမ်းပုံပြင်တစ်ပုဒ် ပေါ်လာခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် သူ၏တပည့်များဖြစ်သည့် ကိုစိန်တင် (သိပ္ပံ မောင်ဝ)၊ ကိုသိန်းဟန်(ဇော်ဂျီ)၊ ကိုဝန်(မင်းသု ဝဏ်)၊ ကိုဧမောင်(မောင်သန့်စင်) တို့ဖြစ်ကြ သည်။ ဆရာကြီး ဦးဖေမောင်တင်သည် အသက် ၂၃ နှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ၂၄ နှစ်တွင် ရန်ကုန် တက္ကသိုလ်အရှေ့တိုင်းပညာဌာန၌ ပါမောက္ခ ဖြစ်လာခဲ့သည်။ ပထမဆုံး မြန်မာလူမျိုး ပါမောက္ခဖြစ်သည်။ ဦးဖေမောင်တင်သည် နိုင်ငံခြားသား ပါမောက္ခများကဲ့သို့ အနောက် တိုင်းဝတ်စုံမဝတ်၊ တိုက်ပုံ၊ ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုး ဝတ်ဆင်ကာ မြန်မာ့ဟန် အတိုင်းနေသည်။ အင်းစိန်မှ ရန်ကုန် တက္ကသိုလ်သို့ လာရာတွင် တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ကာ ဆိုင်ကယ်စီး၍ လာသည်။ မိမိပါမောက္ခဖြစ်ရုံနှင့် စိတ်မအေး၊ မြန်မာစာပေအရေးကို အစဉ်တွေးသည်။ ရန်ကုန်တက္ကသိုလ်သည် မြကျွန်းသာအဖြစ် အလှရွန်းဖြာနေသော်လည်း ထိုအလှကို ခံစား ရင်းနစ်မျောမနေနိုင်ခဲ့ပါ။ မြန်မာစာအလှ၊ မြန်မာစာဘဝကို မြှင့်တင်ရန် အားထုတ် နေခဲ့သည်။

၁၉၂၀ ပြည့်နှစ် ရန်ကုန်ယူနီဗာစီတီ သပိတ်ဖြစ်ပေါ်နေစဉ်တွင် ဆရာကြီးသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၌ ပညာဆည်းပူးနေခဲ့သည်။ ထိုတက္ကသိုလ်က ဘီလစ်(B.Litt) ဘွဲ့ရရှိခဲ့သည်။ ဆရာကြီးသည် ဝိသုဒ္ဓိမဂ်ကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုနိုင်ခဲ့သူဖြစ်သည်။ တက္ကသိုလ်၌ မြန်မာစာဌာနဖွင့်ပြီး မြန်မာစာသင်ကြား ခွင့်ရရန် ပေ၊ ပုရပိုက်၊ ရှေးဟောင်းစာမူများ၊ ပျို့၊ ကဗျာ၊ လင်္ကာများကို စာအုပ် ထုတ်ဝေပြီး ဗြိတိသျှတို့ထံ တင်ပြခဲ့သည်။ ဗြိတိသျှအရာရှိများက ရှေးဟောင်းစာပေများရှိသော်လည်း ခေတ်မီသော မြန်မာစာပေများ မရှိသေးဟု ဆိုလာပြန်သည်။

ထိုအခါတွင် သူ့အပါးတွင် ဝန်းရံနေကြသော တပည့်များ၏ အကူအညီကို တောင်းခံသည်။ တပည့်များမှာ စာပေပါရမီ ဓာတ်ခံရှိ ကြသည်။ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိစာပေကို ချစ်ရင်း စွဲရှိကြသည်ကိုလည်း သိခဲ့ဟန်တူ သည်။ ဂန္ထလောက မဂ္ဂဇင်းတွင် စာရေးနေကြ သူများလည်း ဖြစ်ကြသည်။ တပည့်တို့၏ အင်အားဖြင့် ၁၉၃၄ ခုနှစ်တွင် ခေတ်စမ်းပုံပြင် စာအုပ် ထွက်ပေါ်လာသည်။ ထို့နောက် ခေတ်စမ်းကဗျာစာအုပ် ထုတ်ဝေခဲ့သည်။ ခေတ်စမ်းပုံပြင်စာအုပ်ကို ဗြိတိသျှတို့က မြန်မာစာပေကို အထူးကျွမ်းကျင်ပြီး မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို ပြုစုနေသူ ဒေါက်တာ ဂျေအေစတီးဝပ် ဆိုသူကို ပြသခဲ့သည်။ ဒေါက်တာ ဂျေအေစတီးဝပ်က ချီးကျူးပြောဆို သောအခါမှ ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ခဲ့သည်။ မြန်မာစာဌာန ဖွင့်လှစ်ပြီး မြန်မာ စာသင်ကြားခွင့်ရခဲ့သည်။ ဆရာကြီး မင်းသု ဝဏ်က “ဦးဖေမောင်တင်သည် ဗြိတိသျှအရှင် သခင်များကို စိတ်ရှည်လက်ရှည်သဘောထား ကြီးစွာ ဟောပြောပြသ ချေချွတ်ပြီးမှ မြန်မာ စာကို မီးဖိုချောင်ထဲမှ အိမ်ဦးခန်းသို့ ပင့်ဆောင် လိုက်လေသည်” ဟု ဆိုမိန့်ခဲ့ပါသည်။

ပထမဆုံးကျောင်းသားဖြစ်လာ

ရန်ကုန်တက္ကသိုလ်တွင် အခြားဘာသာ ရပ်များအတွက် ဂုဏ်ထူးတန်းဖွင့်ပေးသော် လည်း မြန်မာစာကို ဖွင့်ခွင့် မပေးခဲ့ပေ။ နိုင်ငံခြားသားပညာရှင် မစ္စတာ တော်စိန်ခို က အဆိုပြု ထောက်ခံပေးသောကြောင့်သာ ဂုဏ်ထူးတန်းဖွင့်ခွင့် ရခဲ့ခြင်းဖြစ်သည်။ မြန်မာစာကို အထင်သေးနေသော တက္ကသိုလ် တွင် အဘယ်သူသည် မြန်မာစာဂုဏ်ထူးတန်း တက်ပါမည်နည်း။ ဆရာကြီး၏ တပည့် ကိုစိန်တင်(သိပ္ပံမောင်ဝ) သည် ဘုန်းကြီးလုပ် မလို့လားဟု လှောင်ကြပြောင်ကြသည့် ကြားမှပင် မြန်မာစာဂုဏ်ထူးတန်း၏ ပထမ ဆုံးကျောင်းသားဖြစ်လာသည်။ ပထမတန်းမှ အောင်မြင်လိုက်သေးသည်။ ကိုစိန်တင်သည် “ မြန်မာစာပေတိုးတက်ရေးသည် ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့ပြုမှ နုရမည့် မြန်မာစာပေဖြစ်ပါသည်။ ကြိုးစားကြစို့” ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။ မြန်မာစာဂုဏ်ထူး တန်းကျောင်းသားက သိပ္ပံမောင်ဝဟု ကလောင်အမည် ယူထားခြင်းမှာ ထူးဆန်းနေ သယောင်ရှိပါသည်။ ရန်ကုန်တက္ကသိုလ်ဘဝ မရောက်မီက သိပ္ပံကောလိပ်ဟု ခေါ်ကြသည်။ သိပ္ပံကောလိပ်ကျောင်းသား မောင်ဝဟု အမည် တပ်လိုက်ခြင်း ဖြစ်ပါသည်။ ယခုခေတ် နှင့်ဆိုလျှင် တက္ကသိုလ်မောင်ဝ ဖြစ်ပါ လိမ့်မည်။

သိပ္ပံမောင်ဝသည် နယ်ပိုင်ဝန်ထောက် ဘဝအတွေ့အကြုံများကို မှီ၍ “ဝတ္ထု ဆောင်းပါး” များကို ရေးခဲ့သည်။ ဝတ္ထုလည်း မကျ၊ ဆောင်းပါးကဲ့သို့လည်း သုတစာပေဟန် သက်သက် မဟုတ်၊ စာဖတ်သူ၌ နှစ်သက်ခြင်း ရသလည်း ဖြစ်ပေါ်ခံစားရစေသည့် စာပေအဖွဲ့ များ ဖြစ်သည်။ ယနေ့ခေတ် ရသစာပေစာတမ်း နှင့်တူပါသည်။ ၁၉၃၂ ခုနှစ်၊ ဇွန်လထုတ်၊ ဂန္ထ လောက မဂ္ဂဇင်းပါ “ကင်းစောင့်” ဝတ္ထု ဆောင်းပါးနှင့် သိပ္ပံမောင်ဝ၏ တွေးဟန်၊ ရေးဟန်တို့ကို တင်ပြပါမည်။

ကင်းစောင့်သည် နယ်ပိုင်ဝန်ထောက် မောင်လူအေး အခွန်ကောက်သွားလျှင် စီးသော သင်္ဘောဖြစ်သည်။ ခွေးအူသံနှင့်တူ သော သင်္ဘောသံကြားလျှင် ကလေးများ ပျော်ကြသည်။ သင်္ဘောဆိပ်သို့ ပြေးဆင်းကြ သည်။ လူကြီးများမှာ လူခွန်တော်ပေးရန် အတွက် ပျာယာခတ်ကြသည်။ လူကြီးတို့၏ အမူအရာကို “ချေးသူချေး၊ ကြက်ပေါင်သူတို့ ပေါင်၊ ဝက်ပေါင် သူတို့ပေါင်၊ မိမိတို့ ဝမ်းစာ အတွက်ထားသော စပါး၊ ငါးပိတို့ကို ဈေး ပေါပေါနှင့် ရောင်းစားသူတို့က ရောင်းစား၊ သားကလေး၊ သမီးကလေးများ ဝတ်ထား သော ခြေကျင်း၊ လက်ကောက် ကလေးများ ကို ဖြုတ်ကာ ပေါင်သူပေါင်၊ ကလေးများလည်း အော်ကာ ဟစ်ကာ ငိုကြကုန်၏။ တစ်ရွာလုံး ဆူဆူညံညံ၊ ကျွက်ကျွက်စီ” သရုပ်ဖော်ရေးဖွဲ့ သည်။ ပျာယာခတ်နေသော ရွာသားတို့၏ အမူအရာကို တိုတိုပြတ်ပြတ် ဝါကျတိုလေး များနှင့် ရေးသားရာ ပို၍ပေါ်လွင်လာပါ သည်။

ဦးကျော်ဇံကြီးသည် ငွေမပါဘဲ ဝန်ထောက်မင်းရှေ့မှောက်သို့ ရောက်လာသည်။ အလုပ်မရှိ။ မယားကလည်း မကျန်းမာ ဖြစ်နေသည်။ ဝန်ထောက်မင်း မောင်လူအေး နှင့် ပြောကြ ဆိုကြပုံကို

“ဘယ်လောက်ပေးနိုင်မလဲ”

“တစ်ပြားမှ မပေးနိုင်ပါဘူး ဘုရား”

“အစိုးရအခွန်တော်အားလုံး လျှော့ရမှာ ခက်ပေတယ်”

“ဘဲတစ်ကောင်တော့ရှိပါ ဘုရား”

“ဘဲအလိုမရှိ၊ ငွေတစ်ကျပ်ဆောင်နိုင် မလား ကျန်လေးကျပ်ကို ချမ်းသာခွင့် ပေးမယ်”

“တစ်ကျပ်လည်း မရှိပါဘုရား”

“ဒါဖြင့် အခက်ပဲ”

အနားတွင် နားထောင်နေသော မောင်အိ က ဝင်၍ ဦးကျော်ဇံအတွက် “ကျွန်တော်မျိုး တစ်ကျပ်ပေးပါ့မယ် ဘုရား၊ ကျန်လေးကျပ် သာ ချမ်းသာခွင့်ပေးပါ”ဟု ဝင်ပြောသည်။

“ကောင်းပြီ၊ တစ်ကျပ်သာပေးတော့၊ ကျန်လေးကျပ်ကို ချမ်းသာခွင့်ပေးလိုက်ပြီ” ဟု ရေးဖွဲ့ထားသည်။ သိပ္ပံမောင်ဝ၏ ဝတ္ထု ဆောင်းပါးများအပေါ် ဆရာဇော်ဂျီနှင့် မင်းသုဝဏ်တို့က “ဦးစိန်တင်သည် စာပေကို ချစ်ခင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ချစ်ခင် သည်။ ပညာရှင်ကို ရိုသေလေးစားသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း အယုတ်၊ အလတ်၊ အမြတ်မရွေး ရိုသေလေးစားမှုရှိသည် ” ဟု လည်းကောင်း၊ “အထူးအားဖြင့် ဝတ္ထု ဆောင်းပါးများသည် ချစ်ခင်တတ်သော၊ ရိုသေလေးစားတတ်သော ဦးစိန်တင်၏ စေတနာကို ထင်ရှားစွာပြခဲ့လေသည်။ ထို စေတနာကြောင့်ပင်လျှင် သူ၏စိတ်ကူးဉာဏ်နှင့် သူ၏အတွေးအာဝဇ္ဇန်းတို့ကလည်း ကြည်လင်ရွှင်ပျခြင်း ရှိလာရသည်” ဟု လည်းကောင်း ဝေဖန်သုံးသပ်ခဲ့ကြပါသည်။

စာပေပုံစံသစ်ထွင်

ဆရာကြီး ဦးဖေမောင်တင်နှင့် တပည့် များသည် ခေတ်စမ်းစာပေတစ်ခေတ်ကိုလည်း ထူထောင်နိုင်ခဲ့ကြသည်။ အစဉ်အလာရေးဖွဲ့ နေကြသော ကျမ်းဂန်အကိုးအကားနှင့် အဖွဲ့ အနွဲ့ ဦးစားပေးအရေးအသားတို့ကို စာပေ ပုံစံသစ်ထွင်၍ ပြောင်းလဲယူခဲ့ကြသည်။ အကြောင်းအရာသည် ထီးဆန်နန်းဆန်၊ ကျမ်းဂန်စာပေဆန်ရန် မလို။ မည်သည့် အကြောင်းအရာကိုမဆို ရိုးရှင်းလွယ်ကူသော စကားပြေရေးဟန်ဖြင့် ဖတ်ချင်စဖွယ် ရေးလာ ခြင်းဖြစ်သည်။ ခေတ်စမ်းသမားတို့၏ အခြေခံ မှာ မျိုးချစ်စိတ်ဖြစ်သည့် မြန်မာစာပေ၊ ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့များကို တန်ဖိုး ထားသည်။ တစ်ခုသော သင်္ကြန်ခါကဗျာ၌ ဆရာဇော်ဂျီက “ ဘယ်မြေဟာ စေတီပေါမယ် လဲ့၊ ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့၊ စိတ်ဇောမြန်မာမှာဖြင့်၊ သံသရာ ဂရုထားသူမို့၊ ပါးလိုက်ကြပျော်ပျော်သာ၊ အခါကနှစ်ဆန်း” ဟု ဖွဲ့သည်။

မိမိခြေကုပ် ပြုထားရသော သစ်ကိုင်းကို ဂရုမထား။ လမင်းကိုသာ တစိမ့်စိမ့်ကြည့် မျှော်နေသော ဇီးကွက်အကြောင်းကို လမင်း နှင့်ဇီးကွက်ကဗျာတွင် တွေ့ရသည်။ လောဘ စိတ်ကြောင့် မည်သည့်အရာကိုမျှ မမြင်နိုင် တော့သည့် လူ့စိတ်ကို “ကြောင်မ နက်ပြာ” ကဗျာတွင် ဖွဲ့ဆိုခဲ့သည်။ ကိုလိုနီခေတ်တွင် မျှော်လင့်ချက် ပျက်ပြားသော မြန်မာတို့အား “ထလော့မြန်မာ၊ မြန်မာထလော့” ဟု ဇာတိနှိုး ပေးခဲ့သည်။ အဆိုပါ “တို့တိုင်းပြည်” ကဗျာ၏ အဆုံး၌ “ သည်မြေသည်ယာ၊ ဘယ်သူ့ယာလဲ၊ သည်မြေစပါး၊ ဘယ်သူ့စပါးလဲ” ဟု အမေး ထုတ်ကာ မြန်မာတို့ ဇာတိမာန် နိုးကြားလာ အောင် လှုံ့ဆော်ပေးခဲ့သည်။

ဆရာကြီးမင်းသုဝဏ်၏ မျိုးချစ်စိတ်မှာ သူ၏အသွေးအသားထဲ၌ စိမ့်ဝင်နေသော မျိုး ချစ်စိတ်ဖြစ်သည်။ သူသည် လယ်တောကို ချစ်သည်။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်နှင့် သပြေသီးမှည့်များကို ချစ်သည်။ ဆွမ်းအုပ်နီနီ ကိုလည်း ချစ်သည်။ ရောင်နီဦးနှင့် ငှက်ကျား ၏ တေးပလီသံကိုချစ်သည်။ မြန်မာ့မြေရှိ အလှမှန်သမျှ အကုန်ချစ်သည်။ မြန်မာ့ဓလေ့ အား ချစ်ပုံကို အိုးစည်သံရသစာတမ်း၌ “ သစ်ရိပ်ကောင်းကောင်းမှနေ၍ ကျွန်တော်တို့ သည် အိုးစည်သံနှင့် တေးသံတို့ဖြင့် နေမင်းကို ပူဇော်ခဲ့ကြ၏။ တလင်းပြောင်ပြောင်မှနေ၍ လမင်းကို ပူဇော်ခဲ့ကြ၏။ နေမင်းလမင်းတို့ ပေးသောဆုတွင် ခိုလှုံလျက် ကျွန်တော်တို့ သည် ခုန်ပေါက် သီက, ကာ ပျော်ပါးခဲ့ကြ၏။ ကျန်းမာခဲ့ကြ၏။ သန်စွမ်းခဲ့ကြ၏။ ထိုသို့ဖြင့် အမိနို့ရည်သည် ကျွန်တော်တို့၏ သွေးသားနှင့် ရောနှောပေါင်းစပ်နေသကဲ့သို့ အိုးစည်သံ တေးသံတို့သည်လည်း ကျွန်တော်တို့၏ အသွေးအသားနှင့် ရောနှောပေါင်းစပ်လျက် ရှိလေတော့သည်” ဟု ရေးဖွဲ့ခဲ့ပါသည်။ ထက်မြက်သော အတွေးနှင့် နှစ်သက်စရာ အရေးတို့သည် မြန်မာ့အိုးစည်သံကို ချစ်ခြင်း ဆိုသည့် ခံစားမှုမှ ပေါက်ဖွားခဲ့ပေသည်။

မျိုးချစ်စိတ်အရာ၌ ဆရာကြီးမင်းသုဝဏ် သည် အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော် ရာ၌ ထိရောက်ပြီး လှပသောအဖွဲ့ကို ဖွဲ့သည်။ “သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်းမှာတဲ့ သပြေညို၊ တို့ပြေမှာတို့မေကမ်းတဲ့၊ သပြေညို ရွှေဘိုပန်းဟာ လန်းလျက်ပါကို” ဟု သီကုံး သည်။ အမြင့်ဆုံးမျိုးချစ်စိတ်ကိုပင် အနူးညံ့ ဆုံး၊ မြန်မာအဆန်ဆုံးစကားကို သုံးလျက်၊ “ခရီး မတ်တတ်၊ လမ်းခုလတ်တွင်၊ ကိုယ်လွတ် ရုန်းကာ၊ ခွဲရပါ၍၊ အားနာလှကြောင်း ပြောပါ လေ” ဟု ရေးဖွဲ့သည်။ ပြောက်ကျားစစ်သည် လေးသည် တိုင်းပြည်ကို အသက်ပေးရ အံ့ဆဲဆဲ၌ပင် အားနာခဲ့သေးသည်။ဆရာဇော်ဂျီ ကမူ “ဟောလိုက်ပါဘိ ပြောပါဘိ” ကဗျာ တွင် “ဆန်း၏ သတ္တိ၊ ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊ ဆန်းမှာစုံပေါင်း၊ ခေါင်းဆောင် သဘော၊ မင့်သားချောကို ဟောလိုက်ပါဘိ ပြောပါဘိ” ဟု လူငယ်တို့အတွက် လမ်းပြခဲ့သည်။

စိတ်ချင်း၊ သဘောချင်း၊ ဝါသနာချင်း တူသည်ဆိုရာ၌ ချစ်သူချင်းကိုသာ မဆိုလိုပါ။ ဆရာနှင့် တပည့်၊ တစ်နေရာတည်းတွင် ဆုံတွေ့သည့် မိတ်ဆွေအချင်း တူညီကြခြင်း ဖြင့်လည်း အကျိုးများနိုင်ပါသည်။ ဆရာ ကောင်းနှင့် တပည့်ကောင်းတို့ ဆုံတွေ့ကြ သည့် တက္ကသိုလ်တွင် ဆရာကြီး ဦးဖေမောင် တင်၏ စိတ်ထားကို မောင်စွမ်းရည်က “ငါ့ပခုံးထက်၊ မင်းတို့တက်ကြ၊ ငါ့ထက်မင်း တို့တော်ရမည်။ ဆရာတို့ထက်၊ တပည့်ထက်မှ၊ တိုးတက် မြင့်တယ်ဆိုရမည်။ ခေတ်စမ်းဖခင်၊ ဖေမောင်တင်၏ အစဉ်အလာသစ်၊ ဆိုရိုးသစ် ဖြင့်၊ စာသစ်စင်ပေါ်တင်ခဲ့သည်” ဟူ ဂုဏ်ပြု ဖွဲ့ဆိုခဲ့ပါသည်။

တက္ကသီလာ မြကျွန်းသာကို ကမ္ဘာတည် သရွေ့ လွမ်းနေရမည် မဟုတ်ပါ။ လွမ်းရိပ်ခိုရန် လာခဲ့ကြခြင်းမဟုတ်ပါ။ ပညာရိပ်ခို၍ ပညာ သစ်များ ရှာဖွေရန် လာခဲ့ခြင်းဖြစ်ပါသည်။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က “ ကမ္ဘာ ကုန်ကျယ်သရွေ့ဝယ်” ဝတ္ထု၌ “လွမ်းသမျှ သည် ကမ္ဘာကုန်ကျယ်ရန် မဟုတ်၊ အတိတ်ကို တမ်းတနေပြီး ကမ္ဘာကုန်ကျယ်နေရန်လည်း မဟုတ်၊ အကောင်းအတွက် ပြောင်းလဲခြင်း တို့သည် ကမ္ဘာကုန်ကျယ်သရွေ့ ရှိထိုက်သည်။ ရှိရမည်။ ကမ္ဘာကုန်ကျယ်သရွေ့ ပြောင်းလဲ ခြင်းသည်သာ လူသားအတွက် မျှော်လင့်ခြင်း ဖြစ်ပေသတည်း” ဟု ဆိုခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာကုန် ကျယ်သရွေ့ အသက်ရှည်ကျန်းမာ၊ ချမ်းသာ ပါစေ။ မြန်မာစာပေသည်လည်း ကမ္ဘာကုန် ကျယ်သရွေ့ အသက်ရှည်ကျန်းမာချမ်းသာ ပါစေ။ ။

မမိုးမြေ

 

ဆောင်းပါးရှင်၏ကိုယ်ရေးအကျဉ်း

- အမည်ရင်းမှာ ဒေါက်တာ ခင်သန်းဦး၊ ပါမောက္ခ၊ ဌာနမှူး (ငြိမ်း) မြန်မာစာဌာန၊ ပုသိမ် တက္ကသိုလ် ဖြစ်သည်။ ဇာတိမှာ ဟင်္သာတဖြစ်သည်။

- ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ သည်။ ၁၉၇၁ ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့ရသည်။ ၂၀၀၆ ခုနှစ် (အသက် ၆၂ နှစ်) တွင် ရန်ကုန် တက္ကသိုလ် ပါရဂူဘွဲ့ကို “ဝတ္ထု ရှည် သဘောတရား၊ ဝတ္တုရှည် အတတ်ပညာ” ကျမ်းဖြင့် ရရှိခဲ့ သည်။

- ၁၉၆၆ မှ ၂၀၀၆ ခုနှစ်အထိ နှစ် ၄၀ တိတိ မြန်မာစာဌာနတွင် နည်းပြမှ ပါမောက္ခအထိ တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီး ၂၀၀၆ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူ အကြိုတန်းကို အချိန်ပိုင်း ပို့ချခဲ့ သည်။ ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်ထားသော “စာပေဖန်တီး မှုနှင့် တည်းဖြတ်မှု ဒီပလိုမာ သင်တန်း’’ ၌ လည်း ပို့ချနေသည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာ ရှင်အဖွဲ့၌လည်း အလုပ်အမှု ဆောင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။

- ၁၉၆၃ ခုနှစ်မှစ၍ တိုင်းရင်းမေဂျာ နယ်တွင် တက္ကသိုလ် မခင်သူ အမည်နှင့် ဝတ္ထုတိုများ ရေးသားခဲ့ သည်။ ၁၉၇၇ ခုနှစ်တွင် မမိုးမြေ အမည်နှင့် လုံးချင်းဝတ္ထုရှည် များစ၍ ရေးသားခဲ့ရာ ပထမဆုံး လုံးချင်းဝတ္ထုမှာ “မလွမ်းချင်တော့ ဘူးကွယ်” ဖြစ်သည်။ ဝတ္ထုရှည် အပုဒ် ၇၀ ကျော်နှင့် ဝတ္ထုတို အပုဒ် ၁၀၀ ကျော် ရေးသားခဲ့သည်။ အငြိမ်းစားယူပြီးနောက် စာပေ သဘောတရား စာအုပ်များကို ရေးသားခဲ့သည်။