Skip to main content

အသိပေးကြေညာချက်

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၅-၅-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀)ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Digital ငွေကြေးများဖြစ်သော Cryptocurrency: Bitcoin(BTC) ၊ Litecoin(LTC)၊ Ethereum(ETH) နှင့် Perfect Money(PM) စသည်တို့အား တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်း/ဝယ်လဲလှယ်ခြင်းများဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် Digital ငွေကြေးများအား Personal Facebook Account များနှင့် Web Page များအသုံးပြု၍ ရောင်း/ ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

၃။ ယခုအခါ နိုင်ငံတော်အတွင်း USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း/ ဝယ် လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်သူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အထက်အပိုဒ် (၂)ပါ တားမြစ်ချက်များကို ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းများ ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်