Skip to main content

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်း ကျင်းပ

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေး လုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း အညွှန်းကိန်း ဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား (ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး)နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန် (ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့သည်။

အစီအစဉ်မှူး ။ ။ ပထမဆုံး အနေနဲ့ Ease of Doing Business အညွှန်းကိန်း ဘယ်လောက်ရှိ တယ်ဆိုတာကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဦးအောင်စိုး ။ ။ လက်ရှိတိုင်းတာနေတဲ့ Doing Business အညွှန်းကိန်းက ၁ဝ ခုရှိပါတယ်။ အဲဒီ ၁ဝ ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်တာက စပါတယ်။ ပြီးရင် အဆောက်အအုံ ဆောက်လုပ်ခွင့် ရယူခြင်း၊ အခွန်ပေးဆောင်မှု၊ ချေးငွေရရှိနိုင်မှု၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း၊ ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း၊ အကြွေး မဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှု၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပြည်ပ ကုန်သွယ်မှုစတဲ့ ၁ဝ ခုကို တိုင်းတာပါတယ်။ နောက်ထပ် နှစ်ခုထပ်ပြီး တိုးချဲ့ဖို့လည်း ရှိပါတယ်။ အဲဒါက အလုပ်သမားဈေးကွက် စည်းမျဉ်းတွေနဲ့ အလုပ်အကိုင်ဖန်တီးနိုင်မှုကို တိုင်းတာတဲ့အညွှန်းကိန်း တစ်ခုနဲ့အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး ပစ္စည်းဝယ်ယူတာနဲ့ ပတ်သက်တာကို တိုင်းတာဖို့လည်း ရှိပါ တယ်။ ဒီ ၁ဝ ခုကို ကမ္ဘာ့ဘဏ်က ဦးစီးပြီး ဆောင်ရွက်ပါတယ်။ ဒီဟာကို ကျွန်တော်တို့ နိုင်ငံက ၂၀၁၄ ခုနှစ် ကတည်းက စတင်ပြီး ပါဝင်ခဲ့တယ်။ စတင် ပါဝင်တဲ့ အချိန်တုန်းက တစ်ကမ္ဘာလုံးမှာ နိုင်ငံ ပေါင်း ၁၈၉ နိုင်ငံက ဒီစနစ်ထဲမှာ ပါဝင်တယ်။

အဲဒီတုန်းက ကျွန်တော်တို့က ၁၈၂ ဆိုတော့ ကျွန်တော်တို့ရဲ့အောက်မှာ ခုနစ် နိုင်ငံပဲရှိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကြောင့် တဖြည်းဖြည်းတိုးတက် လာတယ်။ မနှစ်တုန်းက ကျွန်တော်တို့က နိုင်ငံပေါင်း ၁၉ဝ မှာ ၁၇၁ ဖြစ်တယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ကအဆင့် ၁၆၅ ဖြစ်တဲ့အတွက် အဆင့် ၆ ဆင့် တက်လာပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ခံဌာနအဖြစ် တာဝန် ပေးထားတဲ့ အတွက် ကျွန်တော်တို့ရဲ့ဒုတိယ ဝန်ကြီးဦးဆောင်တဲ့ Ease of Doing Bu-siness Ranking တိုးတက်ရေးလုပ်ငန်း အဖွဲ့ကဦးဆောင်ပြီး သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက အညွှန်းကိန်း တစ်ခုချင်းကို တာဝန်ယူကြီးကြပ်ပြီး နှစ်စဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို တိုးတက်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆက်လက်ပြီး တိုးတက်အောင် ဆောင်ရွက်သွားမယ့် အခြေအနေတွေကို အခုလို ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ အဆင့် ၁၇၁ ကနေ ၁၆၅ ဆင့် အထိ ဘာဖြစ်လို့များ မြင့်တက်ခဲ့တယ်လို့ ထင်ပါ သလဲခင်ဗျာ။

ဦးအောင်စိုး ။ ။ ဒါကတော့ ကျွန်တော်တို့ လက်ရှိစီးပွားရေး နယ်ပယ်ကို အစိုးရက အကူအညီပေးနေတဲ့ ကဏ္ဍအသီးသီးက ဌာနတွေအနေနဲ့ မိမိတို့ရဲ့ လက်ရှိလုပ်ငန်းတွေကို ပိုမို လွယ်ကူ အောင်ဆိုရာမှာ အဓိကသုံးချက်နဲ့ တိုင်းတာပါတယ်။ နံပါတ်တစ်က လုပ်ငန်း အဆင့်တွေ နည်းအောင်၊ နံပါတ် ၂ က အချိန် သက်သာအောင်၊ နံပါတ် ၃ က ကုန်ကျစရိတ် သက်သာအောင် ဒီ(၃)ချက်ကို အခြေခံပြီး ကျွန်တော်တို့က ပြုပြင်ပြောင်းလဲပေးနေရပါတယ်။ ဌာနအသီးသီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေက တိုးတက်လာတာနဲ့အမျှ အဲဒီလုပ်ငန်းတွေက ပိုမိုလွယ်ကူမယ်။ စီးပွားရေးလုပ်ငန်း ရှင်တွေအတွက် စီးပွားရေးလုပ်ရတာ အောင်မြင်လာမယ်၊ ကြာမြင့်ချိန်တွေ လျော့လာမယ်၊ ကုန်ကျစရိတ်တွေ နည်းလာမယ်။ ဒါကိုဦး တည်ပြီး ကျွန်တော်တို့က ကြိုးစားပါတယ်။ အခုလို အဆင့်ခြောက်ဆင့် တိုးတက်လာတာဟာ အညွှန်းကိန်းများနဲ့ သက်ဆိုင်တဲ့ဌာန အသီးသီးက သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်အောင် ပြုပြင်ပြောင်းလဲနိုင်လို့ ဖြစ်ပါတယ်။ ဘာတွေလုပ်တယ် ဆိုတာကိုတော့ သက်ဆိုင်ရာ အညွှန်းကိန်းတာဝန်ခံများက ရှင်းပြပါလိမ့်မယ်။

အစီအစဉ်မှူး ။ ။ Ease of Doing Business 2020 အစီရင်ခံစာမှာ Registering Property Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့ကလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနအနေနဲ့ ဘယ်လိုအခန်းကဏ္ဍက ပါဝင် ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ ရမှတ်တွေ တိုးတက်အောင် ဆောင်ရွက်ခဲ့တယ်ဆိုတာကို ရှင်းပြပေးပါဦး။

ဦးကျော်ငြိမ်းအောင်။ ။ ကျွန်တော်တို့ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း အညွှန်းကိန်း (Registering Property Indicator) က Ease of Doing Business ရဲ့ အညွှန်းကိန်းတစ်ခုပါ။ ဒီအညွှန်းကိန်းက စီးပွားရေးလုပ်ငန်းတစ်ခု မြန်မာပြည်မှာလာပြီး လုပ်ပြီဆိုရင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို မှတ်ပုံတင်ရ တယ်။ အထူးသဖြင့် မြေပိုင်ဆိုင်မှု တစ်ခုကို ဒီမှာရယူပြီး ကိုယ့်ပိုင်ဆိုင်မှုကိုခိုင်မာဖို့ မှတ်ပုံတင်တဲ့ လုပ်ငန်းဘယ်လောက်အထိ လွယ်ကူသလဲ၊ ဘယ်လောက်အထိ လျင်လျင် မြန်မြန် လုပ်လို့ရသလဲ ဆိုတာကို တိုင်းတာတဲ့ အညွှန်းကိန်းတစ်ခုပါ။

ဒီအညွှန်းကိန်းကို ရန်ကုန်မြို့၊ မန္တလေးမြို့ တွေမှာ အဓိကထားပြီး တိုင်းတာပါတယ်။ အဲဒီလို တိုင်းတာတဲ့ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း ဆိုတဲ့လုပ်ငန်းကို လုပ်တဲ့အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ရတဲ့ လုပ်ငန်းဌာန ဥပမာ- ရန်ကုန်မှာဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရှိပါတယ်။ ရန်ကုန်ဆင်ခြေဖုံး ဒေသတွေဆိုရင် ဆောက် လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်လို့ ရပါတယ်။ ဥပမာ- မြေပိုင်ဆိုင်မှုတွေကို မှတ်ပုံတင်ပြီးရင် အခွန်ပေးဆောင်တဲ့ လုပ်ငန်းတွေကို ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ရပါတယ်။

မြေပိုင်ဆိုင်မှုမြေဝယ်ယူမှုတွေမှာ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်တဲ့ ကိစ္စတွေကို လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် ဒီအညွှန်းကိန်းမှာ ဆက်စပ်တဲ့ဌာနတွေ အကုန်လုံးပေါင်းစုပြီး အညွှန်းကိန်းအဆင့် တိုးတက်အောင် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ကိုလည်း ၂၀၁၇ ခုနှစ်မှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို နိုင်ငံတော်က ဒီဆက်စပ်ဌာနတွေကို စုစည်းပြီး ဒီအညွှန်းကိန်းရဲ့ အထောက်အကူပြု အဖွဲ့ဆိုပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒီအဖွဲ့အစည်းမှာတော့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကျွန်တော်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့ဌာနက ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ပြီး တိုးတက်အောင် ဆောင်ရွက်ခဲ့ ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အဓိကထားပြီး ဆောင်ရွက်ရတာက ဒီအညွှန်းကိန်း အဆင့်မြင့်တက်ဖို့ ကမ္ဘာ့ဘဏ်က တိုင်းတာတဲ့ လုပ်ငန်းအဆင့် လျှော့ချနိုင်ဖို့၊ အချိန်ကြာမြင့်မှု လျှော့ချနိုင်ဖို့၊ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့ အဓိက ဦးတည်ပြီး ကျွန်တော်တို့ ဆောင်ရွက် ပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ အဲဒီအချက် သုံးချက်နဲ့ မြန်မာနိုင်ငံရဲ့ အခုဖြစ်ပျက်နေတဲ့ အခြေအနေ၊ အခက်အခဲတွေကို သုံးသပ်လိုက် တဲ့အခါ လုပ်ငန်းအဆင့်အနေနဲ့ ကိုယ့်ဒေသ တွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ကွာခြားမှု သိပ်မရှိပါ ဘူး။ အဓိက ကွာခြားတာက ကျွန်တော်တို့ ဆောင်ရွက်ရမယ့် လုပ်ငန်း ကြာမြင့်တဲ့အချိန်ပါ။ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကွန်ပျူတာစနစ်တွေ နောက်ကျနေတဲ့အတွက် လုပ်ငန်းဆောင်ရွက်ရာမှာ အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်ရာမှာလည်း ဌာနတစ်ခုတည်းမှာ ဆောင်ရွက်တာမဟုတ်ဘဲ ဌာနတွေအချင်းချင်း ဆက်စပ်ဆောင်ရွက်ရ တာဖြစ်တဲ့အတွက် ဌာနတွေအချင်းချင်း ဆက်စပ် ဆောင်ရွက်မှု လွယ်ကူသွားပြီး လုပ်ငန်းကြာမြင့်ချိန် လျှော့ချနိုင်ဖို့ကို လုပ်ငန်း အဖွဲ့မှာ ပါဝင်တဲ့ဌာနတွေက အဓိကထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် ၂၀၁၄ ခုနှစ်ကမ္ဘာ့ဘဏ်က ကျွန်တော် တို့နိုင်ငံကိုစပြီး အကဲဖြတ်တဲ့အချိန်မှာ Regis-tering Property Indicator က လုပ်ငန်း ဆောင်ရွက်မှုအဆင့် ခြောက်ဆင့်မှာ ကြာမြင့်တဲ့ အချိန် ၁၁၃ ရက်ရှိတယ် ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါကို ကြာမြင့်တဲ့အချိန် လျှော့ချနိုင်ရေး ဆောင်ရွက်လာတဲ့အခါ ၂၀၁၄ ခုနှစ်က ၁၁၃ ရက်၊ ၂၀၁၇ ခုနှစ်မှာ ၈၅ ရက်အထိ ကျွန်တော် တို့ လျှော့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီထက် ဆက်လက်လျှော့ချနိုင်အောင် ဆောင်ရွက်မယ် ဆိုပြီး ဆောင်ရွက်တဲ့အခါ ၂၀၂၀ ပြည့်နှစ်မှာ ၆၅ ရက်အထိ လျှော့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအညွှန်းကိန်းမှာအဆင့် တိုးတက်လာခြင်း ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာလည်း ဌာနတွေ အချင်းချင်းညှိနှိုင်းဆက်စပ်ပြီး မလိုအပ်တဲ့ အဆင့်တွေ၊ ထောက်ခံစာတောင်းယူတဲ့ ကိစ္စတွေ၊ မလိုအပ်ဘဲ စိစစ်နေရတဲ့ကိစ္စတွေကို ကျွန်တော်တို့ ဖြေလျှော့ပါတယ်။ ဥပမာ- ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဆိုရင် မြေပုံရာဇဝင် တောင်းတဲ့ကိစ္စမှာ ထောက်ခံစာတောင်းတဲ့ ကိစ္စတချို့ကို လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။ စိစစ်တဲ့ ကိစ္စတွေမှာလည်း အချိန်လျှော့ချဆောင်ရွက် ပေးခဲ့ပါတယ်။

နောက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန ဆိုရင်လည်း အခွန်ဆောင်ဖို့အတွက် တန်ဖိုး သတ်မှတ်ရတဲ့ အချိန်ကာလကို ဟိုတုန်းက ရက် ၃၀ လောက်ကြာတဲ့ အချိန်ကာလကို မနှစ်ကဌာနမှာ အမိန့်ကြော်ငြာစာထုတ်ပြန် ပြီး ၁၄ ရက်အထိကို လျှော့ချဆောင်ရွက်ပေး ခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကလည်းစာချုပ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယခင်က စာချုပ်ထဲမှာ လူလက်ရေးနဲ့ ရေးကူးရတဲ့ လုပ်ငန်းကို အခုခေတ်မီ ကွန်ပျူတာစနစ် တွေနဲ့ ပြောင်းလဲသုံးစွဲလာတဲ့အတွက် အရင်တုန်းက စာချုပ်တစ်ခုလာပြီး မှတ်ပုံတင်ရင် ရက်ပေါင်း ၃၀ လောက်ကြာတဲ့ အနေအထားကနေ အခု ၁၅ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အညွှန်းကိန်းက အရင်တုန်းက ၂၀၁၉ ခုနှစ်မှာအဆင့် ၁၃၆ ရှိရာက ၂၀၂ဝ အစီရင်ခံစာမှာ အဆင့် ၁၂၅ အထိ တိုးတက်လာခြင်း ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ Ease of Doing Business 2020 အစီရင်ခံစာမှာ Enforcing Contracts Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့မှာ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင် ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ ရမှတ်တွေ တိုးတက်အောင် ဘယ်လို ဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြပေးပါဦး။

ဒေါ်ထားထား ။ ။ Enforcing Contracts Indicator ရဲ့ အထောက်အကူပြုအဖွဲ့မှာ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြား ရေးမှူးချုပ်က ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကျွန်မက အတွင်းရေးမှူးအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအညွှန်းကိန်း တစ်ခုလုံးဟာ တရားစီရင်ရေး လုပ်ငန်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။

ဥပမာဆိုရင် လူအချင်းချင်း ဒါမှမဟုတ် ကုမ္ပဏီတွေအချင်းချင်း စီးပွားရေးကူးသန်း ရောင်းဝယ်ရာ ကနေ ပြဿနာဖြစ်လာပြီ၊ တရားမကြီးမှုစတင်စွဲဆိုတဲ့ အချိန်ကနေစပြီး ဇာရီမှုပြီးပြတ်တဲ့ အချိန်အထိ။ တစ်နည်း ဆိုရမယ်ဆိုရင် တရားလိုက သက်သာခွင့် စတင်တောင်းတဲ့အချိန်ကနေ သူ့လက် ရောက်ရတဲ့အချိန်အထိ ကြာမြင့်ချိန်၊ ကုန်ကျစရိတ်၊ ပြန်လည်ရရှိမယ့် ရာခိုင်နှုန်းတွေကို အခြေခံပြီး တရားစီရင်ဆောင်ရွက်မှု အရည်အသွေးကို တိုင်းတာတဲ့အညွှန်းကိန်း ဖြစ်ပါတယ်။

ဒီအညွှန်းကိန်းအတွက် ပေးမှတ် ၁၈ မှတ်ဖြစ်ပြီး ကျွန်မတို့ပြီးခဲ့တဲ့နှစ်က လေးမှတ်ရရှိပြီး ယခုနှစ်တော့ သုံးမှတ်ရရှိ ထားပါတယ်။ ဒီလို အမှတ်တိုးတက်လာ ခြင်းရဲ့ အဓိက အချက်ကတော့ ရန်ကုန် တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် တရားရုံးတွေမှာ ပြီးပြတ်တဲ့ တရားမမူလ အမှုတွေရဲ့ ကြာမြင့်ချိန်၊ ပြီးပြတ်မှုနှုန်းတွေ ကို ကျွန်မတို့ ပြည်ထောင်စုတရားလွှတ်တော် ချုပ် ဝက်ဘ်ဆိုက်မှာ လွှင့်တင်နိုင်ခဲ့တာ လည်း ရှိပါတယ်။ နောက်တစ်ချက်က ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာမှာလည်း ဒီအချက်တွေကို ထည့်သွင်းဖော်ပြနိုင်ခဲ့ ပါတယ်။ အဲဒီလို ဝက်ဘ်ဆိုက်မှာ လွှင့်တင် နိုင်ခြင်း၊ တရားရုံး နှစ်စဉ်အစီရင်ခံစာမှာ ထုတ်ပြန်နိုင်ခြင်းတွေဟာ တရားစီရင် ဆောင်ရွက်ချက်တွေကို ပြည်သူတွေက အလွယ်တကူသိရှိနိုင်တယ်ဆိုပြီး ကမ္ဘာ့ ဘဏ်က ပွင့်လင်းမြင်သာမှု အနေနဲ့ အမှတ်ပေးတာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်

တာရာ