စာဖတ်ခြင်းနှင့် အိမ်တွင်းစာအုပ်စင်
စာဖတ်ခြင်းသည် မိမိဘဝနှင့် အလုပ်ခွင်တွင် အရည်အသွေးမြင့်မားစွာ နေထိုင်လုပ်ကိုင်နိုင်ခြင်း အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပင် ဖြစ်သည်။ အမှန်တကယ် ချမ်းသာခြင်းဆိုသည်မှာ မိမိဘဏ်ထဲတွင် ငွေမည်မျှ ထည့်ထားသည်မဟုတ်ဘဲ မိမိဦးနှောက် အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း သည်သာလျှင် အမှန်တကယ် ချမ်းသာခြင်း ဖြစ်ပေသည်။
လူတိုင်း ဝါသနာအသီးသီး ရှိကြသည့်အနက် စာရေးသူ၏ စိတ်ကျေနပ်မှုအရှိဆုံး ဝါသနာတစ်ခုမှာ စာအုပ်ကောင်းများ တဖြည်းဖြည်းချင်း စုဆောင်းခြင်း ဖြစ်သည်။
စာအုပ်များ ပိုင်ဆိုင်ခြင်းဖြင့် အသိပညာဗဟုသုတ အချက်အလက်များ အချိန်မရွေး အဆင်သင့် ရရှိစေနိုင်သည်။ ထိုမှတစ်ဆင့် ပိုင်ဆိုင်ထားသော စာအုပ်များကို မိမိဘဝတစ်သက်တာ လေ့လာသင်ယူရေးအတွက် လည်းကောင်း၊ အသိပညာမျှဝေခြင်းဖြင့် လည်းကောင်း အသုံးပြု ဖတ်ရှုသွားနိုင်သည်။
စာဖတ်ခြင်းသည် လူတစ်ဦးစီအတွက် အောက်ပါ ကောင်းကျိုးများ ရရှိစေနိုင်သည်။ (ကလေးများအတွက်လည်း ဖန်တီးမှုနှင့် စိတ်ကူးကောင်းများ ဖြစ်ပေါ်စေသည်)
၁။ လူ့ဘဝတစ်လျှောက်လုံးသောက၊ကြောင့်ကြ စိတ်၊ အခက်အခဲ၊ စိတ်ဖိစီးမှုများနှင့် နေ့စဉ် ပြည့်နှက် နေသောကြောင့် စိတ်၏ ငြိမ်းချမ်းမှုနှင့် အချိန်အတိုင်း အတာတစ်ခုတွင် သက်သာရာရစေရန် စာဖတ်ဖို့လို သည်။
၂။ ကျောင်း၊ တက္ကသိုလ်တက်ရောက်ရန် အခွင့်အရေး မရသောသူများလည်း စာဖတ်ခြင်းဖြင့် မိမိဘဝမှာ လိုအပ်သည့် အတွေးအခေါ်၊ ပညာရပ်များကိုရရှိနိုင်သည့် အခွင့်အရေးကို စာအုပ်များမှတစ်ဆင့် ရယူနိုင်မည်။
၃။ နေ့စဉ် ပုံမှန်အလုပ်များ လုပ်နေစဉ်မှာပင် စာဖတ်ခြင်းဖြင့် ဘဝ၏ အလေးနက်ဆုံး အကြောင်းအရာ များကို နှိုက်နှိုက်ချွတ်ချွတ် သိနားလည်စွမ်းများရရှိ နိုင်သည်။
၄။ မိမိဘဝတွင် တွေ့ကြုံနေရသောလူမှုရေး၊ စီးပွားရေးနှင့် အတွေးအမြင်၊ အယူအဆဆိုင်ရာ ပြဿနာ များအတွက် စာဖတ်ခြင်းဖြင့် အဖြေရှာနိုင်သည်။ မိမိဖြတ်သန်းလာခဲ့သော ဘဝအတွေ့အကြုံများနှင့် အတူ ထိုပြဿနာများကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်သည့် အစွမ်းကို စာအုပ်များက ပေးစွမ်းနိုင်သည်။
၅။ နေ့စဉ် ဘဝတစ်လျှောက် ကြုံတွေ့နေရသော ပေါ့ပေါ့တန်တန် အတွေးအခေါ်များ၊ အကျိုးမရှိသော စကားများ၊ လောကသတင်း၊ အတင်းစကားများဖြင့် စိတ်ပင်ပန်းမှုများကို စာဖတ်ခြင်းဖြင့် ပြေပျောက်စေပြီး စိတ်ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုများ ရနိုင်သည်။ သတင်းမှား၊ သတင်းမှန် ခွဲခြမ်းစိတ်ဖြာနိုင်သော သုတပညာကို ရရှိနိုင်သည်။
စာအုပ်များသည် ကျွန်မတို့အား ဒေါသ၊ ခြိမ်းခြောက်မှု၊ ကြောက်လန့်မှုနှင့် ကြမ်းတမ်းသော နည်းလမ်းများ မပါဘဲ ကျွန်မတို့နေထိုင်မှုကို လမ်းညွှန်ပြသနေသည်။ ကျွန်မတို့၏ နေ့စဉ်ဘဝ အမှားများကိုလည်း လှောင်ပြောင် ရယ်မောခြင်းမပြုဘဲ ဖတ်ခဲ့သော၊ ဖတ်နေသော စာအုပ်များက ညင်သာစွာ ပြုပြင်ပေးနိုင်သည်။
စာဖတ်အလေ့အကျင့် များလာသည်နှင့်အတူ စာဖတ်ခြင်း၏ အရသာ၊ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု တို့ကို သိလာ၊ ခံစားလာမည်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် ပျော်ရွှင်မှုအပြင် မြောက်မြားလှစွာသော ဘဝအမျိုးမျိုး အဖုံဖုံကို ဖတ်ရှုခံစားရင်း မိမိတို့၏ စာဖတ်စွမ်းရည်များ တိုးတက်လာမည်ဖြစ်သည်။ ထိုစွမ်းရည်များကပင် အယောင်ဆောင်၊ အဆိပ်အတောက် ဖြစ်သောစာများ၊ အပေါ်ယံ ရွှေမှုန်ကြဲထားသော အတုအယောင် စာအုပ်များကို အလိုလိုဖယ်ရှား သွားနိုင်မည်ဖြစ်သည်။
မိမိ၏ အိမ်တွင်းစာကြည့်တိုက် တည်ထောင်လိုသူ များအတွက် စာအုပ်များရွေးချယ်ရာ၌ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေရွေးချယ်ဖို့လိုသည်။ မိမိ၏ စိတ်ခံစားမှုနှင့် လိုက်ဖက် မှုရှိသောစာအုပ်ကို ရွေးချယ်နိုင်သည်။ မည်သည့် စာအုပ် အမျိုးအစားမဆို နူးညံ့မှု၊ တိတ်ဆိတ်မှု၊ စိတ်လှုပ်ရှား၊ စိတ်ကူးစိတ်သန်း ထက်မြက်ပြီး လှုံ့ဆော်နိုင်စွမ်းအားများ တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်နေမှာ အမှန်ပင် ဖြစ်သည်။ လူသားများရေးသော စာအုပ်၊ စာမျက်နှာတိုင်းတွင် အောင်မြင်မှု၊ ကျဆုံးမှု၊ အတွေးအခေါ်ကောင်းများ၊ တီထွင်ဖန်တီးမှုများကို တွေ့နိုင်ခံစားနိုင်သည်။ ထို့ကြောင့် မိမိလက်လှမ်းမီရာ စာအုပ်ကောင်းများကို ရွေးချယ် စုဆောင်းနိုင်သည်။
မိမိ၏ အိမ်တွင်းစာအုပ်စင်ပေါ်တွင် မိမိအလုပ်နှင့် အသုံးဝင်၊ ဆက်စပ်သော စာအုပ်များလည်း ရှိနိုင်သည်။ တစ်သက်တာ လေ့လာသင်ယူခြင်းအတွက် အသုံးဝင်သော စာအုပ်များ၊ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်သော စာအုပ်များ၊ စိတ်ခွန်အားပေးစေသော စာအုပ်များသည် စာဖတ်သူများအတွက် တန်ဖိုးရှိသော စာပေများဖြစ်သည်။
စာအုပ်များရွေးချယ်ရာတွင် လတ်တလောထုတ်ဝေ သောစာအုပ်(သို့) လွန်ခဲ့သောနှစ် ၃၀ ကျော်ခန့်က ထုတ်သော စာအုပ်စသဖြင့် မည်သည့်စာအုပ်မဆို စာအုပ်တွင် ပါဝင်သော အကြောင်းအရာနှင့် ရည်ရွယ်ချက်များ၊ အချက်အလက်များသည် မိမိမသိသေးသောပညာရပ်၊ အချက် အလက်များဖြစ်နေခြင်း၊ ဆီလျော်မှုရှိခြင်းတို့အတွက် ထိုစာအုပ်သည် ဖတ်သင့်သော၊ ရွေးချယ်စုဆောင်းသင့်သော စာအုပ်ဖြစ်နိုင်သည်။
မိမိဖတ်သောစာအုပ်သည် မိမိဘဝအတွက် အလင်း ရောင်ပေးသော မိမိတို့သတိမမူမိသော အချက်များ၊ အကြောင်း အရာများကို မီးမောင်းထိုးပြသော စာအုပ်ဖြစ်လျှင် စာအုပ် ကောင်းဖြစ်၏။ မိမိဘဝရပ်တည်ရေးအတွက် အထောက် အကူဖြစ်စေသော၊ မှန်ကန်သောအတွေးအခေါ်များကို ပေးစွမ်းနိုင်သော စာအုပ်သည် စာအုပ်ကောင်း ဖြစ်၏။ စာအုပ်ကောင်းတိုင်းသည်လည်း အရွယ်မရွေး၊ အချိန်မရွေး အကျိုးဆက်များစွာ ပေးနိုင်သောစာအုပ်များ ဖြစ်ပေသည်။
ဤနေရာတွင် အဓိကအရေးပါသော မေးခွန်းတစ်ခုမှာ "ဘယ်လိုစာအုပ်ကိုဖတ်သင့်သလဲ၊ ဖတ်ရမလဲ"
မိမိတို့သည် စာအုပ်ပင်လယ်ကြီးအတွင်း မောင်းသူ မပါဘဲ ရွက်လွှင့်၍မရနိုင်ပါ။ ထို့ကြောင့် ကြီးမြတ်သော လူပုဂ္ဂိုလ်၊ ထူးချွန်သောလူပုဂ္ဂိုလ်များ၏ အနုပညာ၊ သိပ္ပံ။ စီးပွားရေး၊ ပညာရေးနှင့် အမြော်အမြင်ရှိသော နိုင်ငံရေး ခေါင်းဆောင်များ ရွေးချယ်ဖတ်ရှု၊ ကိုးကားထားသော ရည်ညွှန်းစာအုပ်စာရင်းများထဲမှ လေ့လာရွေးချယ်ဖတ်ရှု နိုင်သည်။
မိမိ၏ အိမ်တွင်း စာကြည့်တိုက်အတွက် စာအုပ်ကို မိမိကိုယ်တိုင် ရွေးချယ်စုဆောင်းမည်။ မိမိ၏ဆန္ဒ၊ လိုအပ် ချက်ကို မူတည်ရွေးချယ်မည်။ ဤသို့ ဝယ်ယူရာတွင် ထုတ်ဝေသူများထုတ်သော စာအုပ်သစ်စာရင်းများ၊ ဝတ္ထုအညွှန်းများ၊ အထက်ဖော်ပြပါ ထူးချွန်လူပုဂ္ဂိုလ်များ၏ ရည်ညွှန်းကိုးကား စာအုပ်စာရင်းများထဲမှ မိမိအကြိုက် ဆန္ဒပြု စာအုပ်စာရင်းကိုပြုစု၍ ဝယ်ယူလျှင် စာအုပ်စုဆောင်းခြင်းကို များစွာအထောက်အကူပြုသည်။
မိမိဆန္ဒပြုစာအုပ်စာရင်းနှင့်အတူ စာအုပ်ဆိုင်များ တွင်ဝယ်ယူပြီးပါက မိမိအိမ်တွင်းစာအုပ်စင် ပေါ်သို့ Dewey Decimal classification မျိုးတူစုစနစ်ကို အသုံးပြု၍ စာအုပ်အမျိုးအစားများခွဲကာ စင်တင်နိုင်သည်။
မိမိအခန်းတွင်း စာကြည့်တိုက်တွင် နေထိုင်၍ လူတို့၏ အဆုံးမရှိသော အတွေးအခေါ်များ၊ လူတို့၏ စိတ်အားထက်သန်စွာ ရေးထားကြသော ရသ၊ သုတစာပေများနှင့် သူတို့ဖြတ်သန်းကျင်လည်ရာ ဘဝ အမျိုးမျိုးတို့ကို ဖတ်ရှုလေ့လာနိုင်သည်။
စာအုပ်များမစုဆောင်းခင်ကပင် စာအုပ်စင်များ ပြင်ဆင်ခြင်း၊ နေရာချခြင်းတို့သည် မိမိတို့၏ အိမ်၊ မိသားစု ၏ဉာဏ်ပညာနှင့် ပညာရှင်ဘဝတစ်စိတ်တစ်ပိုင်းကို ထင်ဟပ်စေမည့် စာအုပ်များတည်ရှိရာ နေရာရွေးချယ်နိုင် ခြင်းဖြစ်ပေသည်။ မိမိကလေးများနှင့် ထိုက်တန် သင့်လျော်သော စာအုပ်စင်တစ်စင် ဖြစ်သင့်သည်။
အိမ်တစ်အိမ်တွင် မိဘများသည် နေ့စဉ်သတင်းစာ၊ မဂ္ဂဇင်းလောက်သာဖတ်ရှုပြီး စာအုပ်စင်မရှိ၊ စာအုပ်မရှိပါ က ကလေးများ၏ အသိဉာဏ်ပညာတိုးတက်ရန် အခွင့် အလမ်းနည်းပါးနိုင်သည်။
ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် ကလေးများ အတွက် "မည်သည့်စာအုပ်အမျိုးအစား ဝယ်ရမလဲ" ဟု စဉ်းစားမနေတော့ဘဲ ကလေးများ၏ နားလည်မှုစွမ်းရည် အတွင်းရှိစာအုပ်များကို စတင်ပေးဖတ်လိုက်ပါ။ "မိမိ၏ ကလေးကို ဘာစာအုပ်ပေးဖတ်ရင်ကောင်းမလဲဟု စဉ်းစားနေချိန်မှာ အခြားကလေးတစ်ယောက်က နှစ်အုပ်လောက် ဖတ်ပြီးသွားပါပြီ"ဟု ပြောစမှတ်ရှိခဲ့သည်။
စာအုပ်ကောင်းတစ်အုပ်ကိုဖတ်ခြင်းဖြင့် နွေးထွေးမှု၊ စိတ်ပျော်ရွှင်မှု၊ စိတ်သက်သာရာရမှုတို့ကို ခံစားနိုင်သည်။ ကျွန်မတို့၏ စိတ်သည် အကောင်းဆုံးများကို အသိအမှတ် ပြုတတ်သည့် အလေ့အကျင့်ကိုလည်း မွေးမြူပြီးဖြစ်သွား ပါလိမ့်မည်။
ထို့ကြောင့် စာအုပ်တစ်အုပ်ကို အမြန်ဆုံး စဖတ်ကြပါစို့။ စာအုပ်ကောင်းများ စုဆောင်း၍ အိမ်တွင်း စာအုပ်စင်တစ်စင် စတင်ပြင်ဆင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
မြတ်စန်းငြိမ်း