မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တွေ့ဆုံခြင်း
တောင်သူတွေအနေနဲ့ ဖရဲသီး၊ သခွားမွှေးတွေကို တင်ပို့တော့မယ်ဆိုရင်သတင်းအချက်အလက်ကို စုံစမ်းပြီးတော့မှ တင်ပို့စေချင်ပါတယ် (မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ကုန်သွယ်မှုများတွင် နှောင့်နှေးမှုများ ကြုံတွေ့ နေရသည်။ လတ်တလော ကြုံတွေ့နေရသည့် ကုန်သွယ်ရေးအခြေ အနေများကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဖရဲသီးနှင့် သခွားမွှေး သစ်သီးဝလံတို့၏ ယခုလက်ရှိ စျေးကွက်အခြေအနေနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တွေ့ဆုံမေးမြန်းထား သည်များကို တင်ပြလိုက် ရပါသည်-
မေး ။ ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကို တင်ပို့ နေတဲ့ ဖရဲသီးနဲ့ သခွားမွှေးစျေးကွက်ကို ထိခိုက် မှုတွေရှိနေပါသလား။ လက်ရှိအခြေအနေကို ပြောပြပေးပါ။
ဖြေ ။ ။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်က တရုတ်နှစ်သစ်ကူးမတိုင်ခင်အထိ ဖရဲသီး၊ သခွားမွှေးစျေးကွက်က အင်မတန်မှ ကောင်းပါတယ်။ နှစ်သစ်ကူးပိတ်ပြီး ပြန်အစမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကို မြန်မာနိုင်ငံကနေ ဖရဲနဲ့ သခွားမွှေးတင်ပို့မှု အဆင်မပြေဖြစ်တာ ရက်ပေါင်း ၂၀ ကျော်ပြီ။ ဖရဲသီးဆိုရင် ပို့လိုက်တဲ့ ကားခတောင် မရဘူး။သခွားမွှေးကတော့ မဆိုးဘူး။ နှစ်ကူးမတိုင်ခင်က တစ်တန်ကို ယွမ်ငွေ ၆၅၀၀ လောက် ရောင်းရပြီးတော့ နှစ်ကူးပြီးတဲ့အချိန်မှာ တစ်တန်ကို ယွမ် ၃၅၀၀၊ ၄၀၀၀ လောက် ရောင်းရတော့ သခွားမွှေးအနေနဲ့တော့ တစ်ဝက် စျေးလောက်ပြန်ရတော့ တော်သေးတယ်။ ဖရဲသီးက လေးပုံ တစ်ပုံတောင် မရချင်တော့ဘူး။ ဖရဲသီးကတော့ တောင်သူ တွေအတွက် အကျိုးအမြတ်မရှိတဲ့ စျေးကွက်ကြီးဖြစ်သွားတယ်။ အဝယ်က ရပ်သွားတာ မဟုတ်ဘူး။ အဝယ်က နေ့တိုင်းရှိတယ်။ ဒီနေ့အထိ အခြေအနေကောင်းတဲ့ စျေးနှုန်းမရှိသေးဘူး။ နယ်စပ်ကုန်သွယ်ရေးက ပိတ်ထား တာမဟုတ်ဘူး။ ဖွင့်ထားတယ်။ ဝယ်တဲ့ကုန်သည်က နည်းသွားတယ်။ စျေးပေးတာလည်း နည်းသွားတယ်။
ဒီရာသီက ဖရဲ၊ သခွား အများဆုံးပို့တဲ့ရာသီပါ။ တစ်နေ့ ကို ကားအစီးရေ ၆၀၀၊ ၇၀၀ လောက်ပို့ခဲ့ရတဲ့ ရာသီ ဖြစ်တယ်။ တကယ်ကို အကောင်းဆုံးရာသီပေါ့။ ဇန်နဝါရီ လကနေ မေလကုန်အထိက အကောင်းဆုံးရာသီလည်း ဖြစ်တယ်။ စျေးလည်း အကောင်းဆုံးရတယ်။ အများဆုံး လည်း တင်ပို့နိုင်တယ်။ ဖရဲသီးကို တန်ချိန် ရှစ်သိန်းလောက် အထိ တင်ပို့နိုင်ခဲ့တယ်။ သခွားမွှေးဆို တန်ချိန် တစ်သိန်းခွဲ လောက်ပို့နိုင်ခဲ့တယ်။ အခုဆိုရင် ဖရဲသီးက တန်ချိန် သုံး သိန်းကျော်ပဲ ပို့နိုင်သေးတယ်။ သခွားမွှေးဆို တန်ချိန် သုံး သောင်းကျော်ပဲ ပို့နိုင်သေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စျေးကွက်ကြီးက မပိတ်ပေမယ့်လည်း ပိတ်သလောက် ဖြစ်သွားတဲ့အတွက်ကြောင့် တောင်သူတွေအတွက် ဆုံးရှုံး နစ်နာမှုတွေ ရှိပါတယ်။
မေး ။ ။ ဖရဲသီးနဲ့ သခွားမွှေး စျေးကွက်ပြန်လည်ကောင်း မွန်လာဖို့အတွက် အသင်းအနေနဲ့ ဆောင်ရွက် သွားမယ့် အစီအစဉ်တွေရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ ။ ရေရှည်မှာကုစားဖို့အတွက်ကတော့ ဖရဲသီးနဲ့ သခွားမွှေးကို တရုတ်၊ ဟောင်ကောင်နဲ့ စင်ကာပူ ကို ပို့နေတော့ ကျန်တဲ့နိုင်ငံတွေကိုလည်း ပို့နိုင်အောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တိုင်ပင် ပြီး မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာ စီးပွားရေးသံမှူးတွေနဲ့ ချိတ်ဆက်ပြီး စျေးကွက်ရရှိအောင် ဆောင်ရွက်ထားတာ ရှိပါတယ်။
ပြည်တွင်းမှာ ရောင်းချနိုင်ဖို့အတွက်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တို့ကို အကူအညီတောင်းပြီး ဒညင်း ကုန်းစျေး၊ ရွှေပိတောက်ငါးစျေးတွေမှာလည်း ရောင်းလို့ရ အောင် ကူညီဆောင်ရွက် ပေးပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာနက စက်ဆန်းမှာရှိတဲ့ အမှတ်(၁၁) ဂိုထောင်နဲ့ ကြက်ဘဲစျေးနားမှာရှိတဲ့ မြေကွက် မှာလည်း ရောင်းချဖို့ ကူညီပေးထားတာရှိပါတယ်။
နိုင်ငံတကာကို ချိတ်ဆက်လို့လည်းရအောင်၊ ဖရဲ၊ သခွားမွှေးစိုက် တောင်သူတွေကိုလည်း ကူညီပြီးသားဖြစ် အောင် ဖရဲ၊ သခွားမွှေး ပွဲတော်ကျင်းပသွားဖို့ရှိပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ် ၅ ရက်အထိ မြေပဒေသာ ကျွန်း ဆင်ရုပ်ကြီးနားမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတကာကလာပြီး အဝယ်တော်တွေရမယ်ဆိုရင် လည်း စျေးကွက်လေးတစ်ခု ရသွားမှာပေါ့။
ကျွန်တော်တို့ ဖရဲ၊ သခွားကလည်း ဒူဘိုင်း၊ ကာတာတို့ အစရှိတဲ့နိုင်ငံတွေက ဝယ်လက်တွေရမယ်ဆိုရင် ဖရဲ၊ သခွားစိုက်တဲ့ တောင်သူတွေအတွက် အင်မတန်မှ ကောင်းမှာ ပါ။ ဖရဲ၊ သခွားစိုက်တဲ့ တောင်သူတွေဒုက္ခရောက်နေတာကို ကူညီပြီးသားလည်း ဖြစ်သွားအောင် ပွဲတော်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
မေး ။ ။ နှစ်အလိုက် ဖရဲ၊ သခွားမွှေး ပြည်ပတင်ပို့နိုင်မှုအခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ စိုက်ဧကအနေနဲ့ ဖရဲသီးက ဧက တစ်သိန်းခန့်ရှိပါတယ်။ သခွားမွှေးက စိုက်ဧက သုံးသောင်းခွဲခန့်ရှိပါတယ်။ တရုတ်ကို အဓိကပို့တယ်။ ဟောင်ကောင်နဲ့ စင်ကာပူကတော့ နည်းနည်းပဲပို့ရတယ်။
ပြည်ပတင်ပို့မှုကို ပြောရမယ်ဆိုရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှာ ဖရဲတန်ချိန် ခြောက်သိန်း ခြောက်သောင်းကျော် အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၈၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်။ သခွားမွှေးက တန်ချိန် တစ်သိန်း နှစ်သောင်းကျော်ကျော် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၄၂ သန်းဖိုး တင်ပို့နိုင်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဖရဲတန်ချိန် ရှစ်သိန်းကျော် အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၄၆ သန်းဖိုးနဲ့ သခွားမွှေးက တန်ချိန် တစ်သိန်း နှစ်သောင်းကျော် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၇ သန်းဖိုး တင်ပို့နိုင်ပါတယ်။
၂၀၁၈-၂၀၁၉ မှာ ဖရဲတန်ချိန် ခုနစ်သိန်း လေးသောင်း ကျော် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅၂၉ သန်း၊ သခွား မွှေးက တန်ချိန် တစ်သိန်းခွဲကျော် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၄၅ သန်းဖိုး တင်ပို့နိုင်ပါတယ်။ ဒီနှစ်မှာ ဖရဲသီး တန်ချိန် ရှစ်သိန်း လျာထားတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အစပိုင်းကနေပြီးတော့ ဖေဖော်ဝါရီ ၃ ရက်အထိ ဖရဲ တန်ချိန် သုံးသိန်း နှစ်သောင်းကျော် တင်ပို့နိုင်ပြီး သခွားမွှေး က တန်ချိန် သုံးသောင်း ခြောက်ထောင်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။
မေး ။ ။ ဖရဲ၊ သခွာမွှေးကို တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ ထုတ်လုပ်သွားဖို့ရှိပါသလား။ ရှိရင် ပြောပြပေးပါ။
ဖြေ ။ ။ ဖရဲ၊ သခွားကို ထုတ်ကုန်မြှင့်ထုတ်ဖို့ ဆောင်ရွက် နေပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ အကူအညီနဲ့ ရှမ်းပြည်နယ် သီပေါမြို့မှာ အခြောက်ကင်စက်ရုံရှိပါတယ်။ အခု လောလောဆယ်မှာ နာနတ်သီးကို အခြောက်ကင်နဲ့ စည်သွပ်ဘူး နှစ်မျိုးလုပ်နေပါတယ်။ ဖရဲ၊ သခွားကိုလည်း ကူညီပါဆိုပြီး စမ်းသပ်ထားတာ အောင်မြင်သွားပါတယ်။ ဖရဲသီးအခြောက်ကင်နဲ့ ဖရဲသီးကိုစည်သွပ်ဘူး လုပ်တာလည်း အောင်မြင်သွားပါပြီ။ မကြာခင် အဲဒါလုပ်ပြီးတော့ ဖြန့်ဖြူး ရောင်းချဖို့ အစီအစဉ်ရှိပါတယ်။ ဝိုင်၊ ယိုနဲ့ ဖျော်ရည်လုပ်တာ တွေလည်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အသင်းအနေနဲ့ သင်တန်းပေးပြီးလုပ်နိုင်အောင်၊ တောင်သူ တွေအတွက် အထောက်အပံ့လေးရအောင်၊ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ တောင်သူတွေအနေနဲ့ မိမိတို့ ဖရဲ၊ သခွားမွှေးကို တင်ပို့တော့မယ်ဆိုရင် သတင်းအချက်အလက် ကို စုံစမ်းပြီးတော့မှ တင်ပို့စေချင်ပါတယ်။ အခြေအနေ မကောင်းရင် မတင်ပို့ပါနဲ့။ ကားခတောင်မရဘဲ ကားခစိုက် ရတဲ့ အခြေအနေတောင်ရှိပါတယ်။ သတင်းအချက်အလက် နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကိုလည်း မေးမြန်း နိုင်ပါတယ်။ ဖရဲ၊ သခွားမွှေးစိုက် တောင်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ မေးမြန်းပြီးမှ တင်ပို့မယ်ဆိုရင် ဆုံးရှုံးမှုနည်းပါးပါလိမ့်မယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း