မုဒိတာစိတ်ဖြင့် လက်တို့လိုက်ပါသည်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မမျှော်လင့်ဘဲထူးခြားသော စာအုပ်လေး ပေါ်ထွက်လာပါသည်။ ကဗျာဆရာမှာ ကလောင်အမည်- စိုးမိုးဖြစ်ပြီး၊ ဓူဝံစာပေမှ ထုတ်ဝေထားပါသည်။ မိမိမှာ ဖတ်ညွှန်းရေးသားသောသူမဟုတ်ဘဲ အငြိမ်းစားပညာရေး ဝန်ထမ်းဟောင်းတစ်ဦးသာ ဖြစ်ပါသည်။ သို့ရာတွင် ဤစာအုပ်အကြောင်း မရေးဘဲမနေနိုင်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
အထူးသဘောကျမိ
ကျောင်းကျန်းမာရေး၊ ကျန်းမာရေးပညာပေးခြင်းနှင့်အခြားကျောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ဝင်စား သူဖြစ်သည့်အလျောက် ကိုယ်တိုင်လည်း တာဝန်ကျရာ ဒေသအသီးသီး၊ ကျောင်းအသီးသီးတို့တွင် ကျောင်းသားသူငယ်များအား တတ်စွမ်းသမျှ ကြိုးစားသင်ကြား ပြသခဲ့ပါသည်။ မိမိတို့ဝန်ထမ်းဘဝ ကာလ တစ်လျှောက်လုံးတွင် ကျန်းမာရေးပညာပေးကဗျာ တစ်ပုဒ်စ၊ နှစ်ပုဒ်စ၊ ပါဝင်သည့် မဂ္ဂဇင်းအချို့ကို တစ်ခါတစ်ရံဖတ်ရှုဖူးခဲ့ပါသည်။ ကျောင်းသား ကလေးငယ်များနှင့် သင့်တော်သော ပညာပေးကဗျာလေးများ ကိုလည်း မိမိတပည့် ကျောင်းသား ကျောင်းသူများအား ထပ်ဆင့်မျှဝေရှင်းလင်းပြခြင်း၊ ပြုလုပ်ခဲ့ဖူးပါသည်။ သို့ရာတွင် ယခုကဲ့သို့ ကျောင်းသားကလေးသူငယ်များအတွက် ကျန်းမာရေးနှင့်ပတ်သက်သည့် ကဗျာများ ချည်း တစုတစည်းတည်း အုံနှင့်ကျင်းနှင့် ရေးဖွဲ့ထားသောစာအုပ်မျိုး ယခင်ကမတွေ့ခဲ့ဖူးသဖြင့် အံ့သြကျေနပ် ဝမ်းမြောက်ရသည့်အပြင် ပါဝင်သောကဗျာလေးများကို ကဗျာစာစုလေး အလိုက် လည်းကောင်း၊ အချို့ကဗျာလေးများတွင် ရောင်စုံသရုပ်ဖော်ပုံလေးများနှင့် တွဲဖက်ဖော်ပြ ထားရာ အထူးသဘောကျမိပါသည်။
ဖတ်ရှုရမည့် ကလေးများသာမက သင်ရိုးပြင်ပ ဖွံ့ဖြိုးရေးအချိန်များတွင် ကျန်းမာရေးနှင့် ပတ်သက်၍ သင်ကြားပေးလိုသည့် ဆရာ ဆရာမများအနေဖြင့်လည်း အထူးရှာဖွေနေစရာ မလိုဘဲ တစ်ထိုင်တည်းဖြင့် ပညာပေး သွားနိုင်မည့် လက်စွဲစာအုပ်လေးအဖြစ် မှတ်ယူမိပါသည်။ ကဗျာလေးများ၏အောက်ခြေတွင် အကြောင်းအရာ ရှင်းလင်းဖော်ပြထားချက်လေးများ ပါသဖြင့် ဖတ်ရှုသူတိုင်းအတွက် အလွယ်တကူ နားလည်နိုင်မှာ သေချာလှပေသည်။ ဤစာအုပ်ရေးသား သောကဗျာဆရာအားလည်း တိုင်းပြည်အနာဂတ်အတွက် ပန်းငုံဖူးလေးများဖြစ်သည့် ကျောင်းသားသူငယ်များအပေါ်ထားရှိသည့် စာအုပ်နောက်ကွယ်မှ စေတနာကို အထူးလေးစားမိပါသည်။
ဤကဗျာဆရာ၏ ကဗျာများကို ယခင်က မသိကျွမ်းခဲ့၊ မဖတ်ရှုခဲ့ဖူးပါ။ ယခုကဗျာစာအုပ်၏ အမည်ဖြစ်သည့် “ကိုယ်တိုင်ကျင့်တစ်ဆင့်ပွား” ကျန်းမာရေး ပညာပေး ကလေးကဗျာများ ဟူသော အမည်ကိုလည်း သဘောကျမိပါသည်။ စာရေးသူ၏အမှာကို ဖတ်ရှုခြင်းအားဖြင့်လည်း ကဗျာဆရာ၏ ရည်ရွယ်ချက်၊ စေတနာကို အထင်းသားတွေ့မြင်ရသဖြင့် ကောက်နုတ်ဖော်ပြ ပါရစေ။
“အမျိုးသားပညာရေးအစ စာသင်ကျောင်းက ဆိုသကဲ့သို့” “အမျိုးသားကျန်းမာရေးအစ” သည်လည်း ကျောင်းသားအရွယ်လူငယ်များ အများဆုံး စုဝေးပညာသင်ကြားရာ စာသင်ကျောင်းမှ စတင်သင့်ပါသည်။ ကျန်းမာရေး အသိပညာရရှိမှသာ ကျန်းမာရေးအသိရှိပြီး အသိမှတစ်ဆင့် ခံယူချက် သဘောထား၊ ခံယူချက်သဘောထားအဖြစ်မှနေ၍ လက်တွေ့ကျင့်သုံး ဆောင်ရွက်မှုအဖြစ်သို့ ပြောင်းလဲသွားမှသာ အောင်မြင်သောအပြုအမူ ပြောင်းလဲခြင်း ဆိုင်ရာ ကွင်းဆက် ဖြစ်စဉ်ကို ဖြစ်ပေါ်စေလိမ့်မည်။
ကျောင်းဖွံ့ ဖြိုးရေးလုပ်ငန်းစဉ်တစ်ခု
အသက်အရွယ်ကြီးရင့်မှ ခိုင်မြဲနေသော အပြုအမူတစ်ခုကို ပြောင်းလဲသွားစေရန် ဆောင်ရွက်ခြင်းသည် အောင်မြင်နိုင်ခြေ နည်းပါးသည့်အလျောက် ကောင်းမွန်မှန်ကန်သည့် အလေ့အကျင့်ကောင်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူ၊ ဘဝဟန်ပန်နေထိုင်နည်း တို့ကို ကျောင်းသားလူငယ်အရွယ်မှ စတင်သင်ကြားလေ့ကျင့်သင့်ပါသည်။ ကျန်းမာရေး ထိခိုက်သည့် အကြောင်းခြင်းရာများထဲတွင် ကျန်းမာရေးအသိပညာ၊ ဗဟုသုတ မရှိခြင်းသည် လည်း အဓိကအချက်ဖြစ်ပါသည်။ ထို့အပြင် ကျောင်း၌ ကျန်းမာရေးပညာပေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းသည် သင်ကြားရေးကို မထိခိုက်စေသည့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။
ကဗျာများမှာ ရိုးရိုးစကားပြေထက် အသံသာခြင်း၊ ရွတ်ဆိုရလွယ်ကူ ခြင်းကြောင့် အသံမှ အသိပညာ၊ အသိပညာမှ အလေ့အကျင့်၊ အလေ့အကျင့်မှ ဓလေ့ထုံးစံ၊ ဓလေ့ထုံးစံမှ ယဉ်ကျေးမှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ယုံကြည်ပါသည်။
ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှုသည် တိုင်းပြည်၏ ငွေကြေးဓနအင်အား တတ်နိုင်လာသည်နှင့်အမျှ ချက်ချင်းဖွံ့ဖြိုး တိုးတက်နိုင်သော်လည်း အသိပညာ ခံယူချက် အလေ့အကျင့်၊ ဓလေ့ထုံးစံ စသည့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမှာ ယနေ့မှမစလျှင် နောင်တွင်နောက်ကျနေမည်ဖြစ်ပြီး အများတကာ ကမ္ဘာ့နိုင်ငံများထက် မျိုးဆက်နှင့်ချီ၍ ခေတ်နောက်ကျသောအခြေအနေနှင့် ကြုံတွေ့ နိုင်ပါသည်။
စာရေးသူအနေဖြင့် “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဆိုသကဲ့သို့ နောင်တစ်ခေတ်တွင် တိုင်းပြည်ကို ဦးဆောင်မည့် ယနေ့လူငယ်များအနေဖြင့် ကျန်းမာရေး ဗဟုသုတ၊ အသိပညာ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူကောင်းများ၊ ဘဝနေထိုင်မှုဟန်ပန်ကောင်းများကို ကဗျာမှတစ်ဆင့် ရရှိကျင့်သုံး လိုက်နာစေရန်နှင့် ကိုယ်တိုင်ကျင့်သုံးရုံသာမက မိမိပတ်ဝန်းကျင် သို့ တစ်ဆင့်ပွား အသိမျှဝေပြီး မိမိနေအိမ်၊ မိဘဆွေမျိုးများထံသို့ပါ ကျန်းမာရေးအသိ ရောက်ရှိ စေရန် ရည်ရွယ်ပါသည်ဟု စာရေးသူက ဖော်ပြထားရာ အလွန်ပင်တန်ဖိုးရှိသည့် ရည်ရွယ်ချက် ပင်ဖြစ်ပါသည်။
ကျန်းမာရေးပညာပေးကဗျာများ
ကလေးသူငယ်များအတွက် ကျန်းမာရေးပညာပေးကဗျာများအနေဖြင့် ဤစာအုပ်ထဲတွင် (၆၇)ပုဒ်ပါရှိပြီး ကဗျာအုပ်စု(၆)ခုအဖြစ် စပ်ဆိုထားရာ
(၁) ကျောင်းကျန်းမာရေးကဗျာများ၊
(၂) ဆေးလိပ်နှင့် ကွမ်းယာကဗျာများ၊
(၃) သန့်ရှင်းရေးကဗျာများ၊
(၄) အာဟာရကဗျာများ၊
(၅) ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သောရောဂါများ၊
(၆) ကျန်းမာရေးကိစ္စအထွေထွေ ကဗျာများတို့ ပါဝင်သည်။
အဆိုပါ ကဗျာအုပ်စုများတွင် ပါဝင်သော ကဗျာလေးများမှာ ကျောင်းသား လူငယ်များအနေဖြင့် အမှန်ပင်သိရှိသင့်သော အကြောင်းအရာများအပေါ်တွင် အခြေခံထားကြောင်း တွေ့ရှိရပေသည်။
ကျောင်းကျန်းမာရေးကဗျာအုပ်စုမှ ကဗျာများကို ဖတ်ရှုရွတ်ဆိုခြင်းဖြင့် ကျန်းမာရေး၏ အဓိပ္ပာယ်ကို သိနားလည်ရုံမျှမက ကျောင်းကျန်းမာရေးကဗျာ လေးများသည် မိမိတို့ပညာ သင်ကြားရာကျောင်းတော်ကို စံပြကျောင်းဖြစ်စေရန် ကျောင်းသားလေးများကို နှိုးဆော်ရာ ရောက်သည့်အပြင် မိမိတို့ကျောင်းအတွက် မိမိတို့ ကျောင်းသားများအနေဖြင့် ငယ်ရွယ်စဉ်မှစ၍ တာဝန်ရှိပုံ၊ ကျောင်းကျန်းမာရေးလုပ်ငန်း၏ လုပ်ငန်းစဉ်များကို သိရှိနိုင်မည်ဟု ယုံကြည်မိပါ သည်။
ထို့အပြင် ဆေးလိပ်နှင့် ကွမ်းယာကဗျာအုပ်စုမှ ကဗျာများကို ဖတ်ရှုရွတ်ဆိုခြင်းဖြင့် နောင်တစ်ခေတ် တိုင်းပြည်ကိုဦးဆောင်မည့် ကျောင်းသားလူငယ်များ အဓိက စိန်ခေါ်နေသည့် အန္တရာယ်ဖြစ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းကို အခြေခံသည့် ကွမ်းယာ စားသုံးခြင်းကြောင့် ကြုံတွေ့ရမည့် ပြဿနာများမှ ကင်းဝေးစေရန် ဖြစ်ပေလိမ့်မည်။ အကြောင်းအရာတူပြီး ခေါင်းစဉ်ကွဲပြားသည့် ကဗျာလေးများကို တွေ့မြင်ရရာ ကျောင်းရှိ အတန်းခွဲအလိုက်သော် လည်းကောင်း၊ အတန်းတူထဲမှ အုပ်စုလေးများခွဲပြီး အပြန်အလှန် ကဗျာရွတ်ဆို ပြိုင်ပွဲများ ကျင်းပနိုင်လိမ့်မည်ဟု မိမိအနေဖြင့် အတွေ့အကြုံအရ တွေးတောမိပါသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအနေဖြင့် လူတို့၏ ကျန်းမာရေးကိုထိခိုက်ကြောင်း ယနေ့ခေတ်တွင်ပြုလုပ်သည့် သုတေသနနှင့် စစ်တမ်းအမျိုးမျိုး အရ လူအများသိရှိကြပြီး ဖြစ်သော်လည်း မိမိဆန္ဒအလျောက် တရားဝင်သုံးစွဲခွင့်ရှိနေသော ကျန်းမာရေးထိခိုက်သည့် ပစ္စည်းများအဖြစ် တည်ရှိနေဆဲပင် ဖြစ်ပါသည်။ ဤကိစ္စသည် အရေးကြီးသည့်အလျောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း (၁၁.၉.၂၀၁၇)နေ့တွင် ကျင်းပပြုလုပ်သော ကွမ်းယာ နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်ပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာထဲတွင် အနှစ်ချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ အဓိကသေဆုံးမှုများ၏ (၅၉)ရာခိုင်နှုန်းမှာမကူးစက်တတ်သော ရောဂါများဖြစ်၍ ကူးစက်တတ်သော ရောဂါများအတွက် ကာကွယ်ခြင်းနှင့် ဖြစ်ပွားလာလျှင် ကုသခြင်းများ ထိရောက်စွာ ဆောင်ရွက်နေသကဲ့သို့ မကူးစက်တတ်သော ရောဂါများ အထူးသဖြင့် ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုမှ ဖြစ်ပွားလာမည့် ရောဂါများကို ကာကွယ်ရန်လိုအပ်ပြီး ယနေ့အချိန် မြန်မာနိုင်ငံတွင် လူငယ်လူရွယ်များ၊ အမျိုးသမီးများ၊ အမျိုးသားများ အပါအဝင် ပြည်သူလူထုကြား၌ ဆေးလိပ်နှင့်ကွမ်းယာသုံးစွဲမှု ပိုမိုများပြားလာကြောင်း အလေးပေး ပြောကြားသွားသည်ကို တွေ့ရှိရပေသည်။
ကူးစက်ရောဂါ အခြေခံရာ
ကဗျာစာအုပ်ထဲတွင်ပါဝင်သော သန့်ရှင်းရေးကဗျာအုပ်စု ကဗျာများ မှနေ၍ လက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေးများ သည်လည်း အရေးကြီးပြီး ကျန်းမာရေး ထိခိုက်နိုင်သည့် ကူးစက်ရောဂါ အခြေခံရာကိစ္စများဖြစ်နေသည်ကို အလွယ်တကူ တွေ့မြင်နိုင် ပါသည်။
ထို့အပြင် အာဟာရနှင့်ပတ်သက်သော ကဗျာလေးများလည်းပါဝင်ရာ အမှန်ပင်လိုအပ်သောအချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ စားနပ်ရိက္ခာ ဖူလုံကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအဖို့ အာဟာရချို့တဲ့မှုပြဿနာမှာလည်း လက်ငင်းကြုံတွေ့နေရသော မသေးငယ်သည့် ပြဿနာဖြစ်နေဆဲပင် ဖြစ်ပါသည်။ အဓိကအားဖြင့် အစားအစာမရှိ၍၊ မစားသောက်ရ၍ အာဟာရ ချို့တဲ့ခြင်းမဟုတ်ဘဲ တစ်နေ့တာလိုအပ်သည့် အစာအာဟာရကို မျှတစွာ မစားသုံး တတ်ခြင်းသည် အဓိကအချက်ဖြစ်ပါသည်။ အစာအာဟာရအုပ်စု သုံးမျိုးရှိကြောင်းနှင့် အုပ်စုသုံးမျိုးလုံး မျှတစွာစားသုံးမှသာ ညီညွတ်မျှတသည့် အာဟာရကိုရရှိပြီး အာဟာရချို့တဲ့ခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း ငယ်စဉ်ကျောင်းသားဘဝမှပင်သိရှိပြီး ဗဟုသုတနှင့်ပြည့်စုံကာ စနစ်တကျ နေတတ်၊ စားတတ်သော ကလေးသူငယ်များဖြစ်ကာ အနာဂတ်တွင် ကျန်းမာကြံ့ခိုင် အာဟာရပြည့်ဝသော နိုင်ငံသားများ ဖြစ်ပေါ်စေရန်ဆိုသည့် ကဗျာဆရာ၏ ရည်ရွယ်ချက်ကို တွေ့မြင်ရပေသည်။
၎င်းအပြင် ကူးစက်တတ်သော ရောဂါများအကြောင်းနှင့် မိမိတို့ပတ်ဝန်းကျင်တွင် အစဉ်အမြဲ တွေ့ကြုံနေရသည့် မကူးစက်သောရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးသွေး ကြောရောဂါများအပြင် အဝလွန်ခြင်း စသည်တို့ကို မဖြစ်ပွားစေရေး ပညာပေးကဗျာများ၊ ဘဝနေမှုဟန်ပန်ကောင်းဖြင့် နေထိုင်နိုင်ရေး ကဗျာများပါရှိရုံမျှမက အထွေထွေ ကဗျာကဏ္ဍအဖြစ် ကလေးလူငယ်များ ကြုံတွေ့ရတတ်သည့် နှာခေါင်းသွေးယိုခြင်း၊ အရိုးကျိုးခြင်း၊ ဓာတ်ဆားထုပ် အကြောင်းနှင့် ကျေးလက်တွင်အသုံးပြုနိုင်သော ဓာတ်ဆားရည် ဖျော်နည်း၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲရေး၊ အပူဒဏ်အန္တရာယ်၊ မြွေကိုက်အန္တရာယ်၊ ဆေးဆိုးထားသော အစားအစာများသတိထားကာ ရှောင်ကြဉ်ရေး၊ ရေကောင်းရေသန့်၏ အဓိပ္ပာယ်၊ သဘာဝဘေးအန္တရာယ်အကြောင်းနှင့် မိမိတို့အိမ်ရှိ သက်ကြီးရွယ်အိုများအား ဂရုစိုက်ပြုစုနိုင်ရေး ကဗျာလေးများ ထည့်သွင်းထားသဖြင့် ကျောင်းသားကလေး ငယ်တို့အတွက် အထူးအကျိုးရှိရုံမျှမက ပတ်ဝန်းကျင်သို့ တစ်ဆင့်ပွား ဗဟုသုတဖြန့်ဝေပေးနိုင်ပြီး မိဘဆွေမျိုး များထံသို့ပါ ကျန်းမာရေး အသိပညာဗဟုသုတမျှဝေပေးစေရန်အထိ ရည်ရွယ်ထား ကြောင်း ဖတ်ရှုလေ့လာရပါသည်။
အစားကောင်းစားရလျှင် မိမိတို့၏ရင်းနှီးခင်မင်ရာ မိတ်ဆွေများကို သတိရလေ့ရှိသော၊ လက်တို့ချင်တတ်သော မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံကဲ့သို့ အနာဂတ်ကို ပျိုးထောင်ရာ ရောက်သည့် ကျန်းမာရေးဗဟုသုတနှင့် အလေ့အကျင့်များကို ဖြစ်ပေါ်စေရန် အထောက်အကူ ပြုမည့် ဤစာအုပ်မျိုးမှာ ကျောင်းသား ကလေးငယ်များရှိသော အိမ်တိုင်း၊ ကျောင်းတိုင်းအပြင် ပညာရေးဌာနမှ ဆရာ ဆရာမများ၏ လက်ထဲတွင် ထားရှိသင့်ပြီး ကျန်းမာရေး အသိပညာ အဓိကပေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နေသော အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ အများပြည်သူတို့အတွက် တည်ထောင် ထားသောစာကြည့်တိုက်များ၌ ထားရှိနိုင်လျှင်ကောင်းပေစွဟု မုဒိတာစိတ်ပွားလျက် လက်တို့ရေးသားလိုက်ရပါသည်။
ချစ်ခင်(ပညာရေး)