ဆည်ရေသောက်စနစ် မြှင့်တင်ပြုပြင်ခြင်းဖြင့် သီးနှံများ ဖွံ့ဖြိုးစေမည်
နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ကြိမ်တစ်ခါမျှ ပြန်လည်တူးဖော်ခဲ့ခြင်း မရှိသဖြင့် ချိန်းချောင်း (မုက္ခမူချောင်း) တစ်လျှောက်တွင် ရေလမ်းကြောင်းများ ပြောင်းလဲလာခဲ့သည်။ ချောင်း၏ ရေစီးလမ်း ကြောင်းသည်လည်း ကျဉ်းမြောင်းလာပြီး ချောင်းပေါင်မှ ရေလျှံကာ ချောင်းရိုး တစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ရေလွှမ်းပျက်စီးမှုများ ကြုံတွေ့လာရသည်။
ချိန်းချောင်း (မုက္ခမူချောင်း)သည် အလျား ၃၆ ဒသမ ၅ မိုင်ခန့် ရှည်လျားကာ ကျောက်တံခါးမြို့နယ်အတွင်း အသဝိအင်း မှအစပြု စီးဆင်းလာပြီး ညောင်လေးပင် မြို့နယ် ရေပေါ်သောင်ရွာ အနီးတွင် စစ်တောင်းမြစ် အတွင်းသို့ စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။ ချိန်းချောင်း ( မုက္ခမူ ချောင်း) သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် စစ်တောင်းမြစ်ရေဘေး ကာကွယ်ရေးတာအကြား တည်ရှိပြီး ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင် မြို့နယ်တို့၏ ရေထုတ်နုတ်ရာ အဓိက ရေနုတ်ချောင်းကြီးတစ်ခုဖြစ်သည်။
ချိန်းချောင်း(မုက္ခမူချောင်း) သည် ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော အဓိကရေနုတ်ချောင်းဖြစ်သည့်အပြင် ယင်းအတွင်းသို့ ချောင်းလက်တက် ပေါင်းများ စွာ စီးဝင်လျက်ရှိသည်။
အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်
သို့သော် ချောင်းကောလာပြီး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်မှု ရှိလာသည့် အတွက် ချိန်းချောင်း (မုက္ခ မူချောင်း) ပြန်လည်တူးဖော်ရေးလုပ်ငန်း များကို လက်ရှိအစိုးရ လက်ထက်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အပိုင်းသုံးပိုင်း ပိုင်းခြား ဆောင်ရွက်လျက်ရှိသည်။
ချိန်းချောင်း (မုက္ခမူချောင်း) ပြန်လည် တူးဖော်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် စိုင်ကွလေး ကျေးရွာမှ မုက္ခမူမီးရထားသံလမ်း တံတားအထိအပိုင်းကို အပိုင်း (၁) အဖြစ် လည်းကောင်း၊ မုက္ခမူမီးရထားသံလမ်း တံတားမှ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် နယ်စပ်အထိ အပိုင်းကို အပိုင်း(၂)အဖြစ် လည်းကောင်း၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါး မြို့နယ်စပ်မှ အသဝိအင်းအထိအပိုင်းကို အပိုင်း (၃)အဖြစ်လည်းကောင်း ပိုင်းခြား ဆောင်ရွက်လျက်ရှိသည်။
စိုင်ကွလေးကျေးရွာမှ မုက္ခမူမီးရထား သံလမ်းတံတားအထိအပိုင်း တူးဖော်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါအပိုင်း တူးဖော် ပြီးစီးသည့်အချိန်တွင် ချောင်း၏ ရေနုတ်အားမှာ သိသိသာသာကောင်းမွန်လာခဲ့ပြီး ရေကြီးလွှမ်းမိုးမှုကို အတော်အတန် လျှော့ချနိုင်ခဲ့ သည်။
“အခုလို ချိန်းချောင်းပြန်လည်တူးဖော် လိုက်တော့ ရေနုတ်မြောင်း ရေစီးရေလာ ကောင်းသွားတယ်။ စိုက်ပျိုးမြေတွေ ရေလွတ်သွားတယ်။ ဘေးတာပေါင်နှစ်ဖက် ဖော်လိုက်တော့ ဘေးပတ်ဝန်းကျင် ကျေးရွာတွေ ရေဘေးကင်းလွတ်သွားပါမယ်။ တာပေါင်ကိုလည်း ကုန်ထုတ်လမ်းအဖြစ် သုံးနိုင် တယ်”ဟု ညောင်လေးပင်မြို့နယ် ရေဖြူကန် ကျေးရွာဒေသခံတောင်သူ ဦးစံထွန်းအောင်က ပြောသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မုက္ခမူမီးရထားသံလမ်း တံတား မှညောင်လေးပင် မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် နယ်စပ်ထိအပိုင်း တူးဖော်ရေး လုပ်ငန်းများကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ချောင်းကော မြောင်းကော တူးဖော်ပေး
“ကျွန်တော်တို့ ပဲခူးခရိုင်မှာ မြို့နယ်ရှစ်ခု ရှိပြီး နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးနစ်မြုပ်မှု ဒဏ်ကိုခံစားရပါတယ်။ ဒါကြောင့် ဦးစားပေးအလိုက် ဆောင်ရွက်နေပါတယ်။ အခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ အသုံးပြု ပြီး ဆောင်ရွက်တဲ့ ချောင်းကော၊ မြောင်းကော တူးဖော်ပေးတဲ့ လုပ်ငန်းသုံးခုရှိပါတယ်။ ဒီလုပ်ငန်းသုံးခုထဲမှာ ညောင်လေးပင်မြို့နယ် ချိန်းချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အပိုင်း (၂) က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်မှာ လုပ်ငန်း စတင်ခဲ့ပြီး မတ် ၃၀ ရက်မှာ ရာနှုန်းပြည့်ပြီးစီး ခဲ့ပါပြီ” ဟု ပဲခူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်က ပြောသည်။
မုက္ခမူချောင်း(ခ)ချိန်းချောင်းသည် ညောင်လေးပင်မြို့နယ်၏ အဓိကပင်မ ရေနုတ်ချောင်း မကြီးဖြစ်သည့်အလျောက် ယင်းချိန်းချောင်း အပိုင်း(၂)အား တူးဖော်ခြင်းကြောင့် ချောင်း ဘေး ဝဲ/ ယာ တစ်လျှောက်ရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုရှိ လယ်မြေဧရိယာဧကပေါင်း ၁၂၀၀၀ ကျော်အား ရေကြီးနစ်မြုပ် ပျက်စီးမှုမှ လျှော့ချနိုင်ခဲ့ပြီး ယခင်ဆောင်းသီးနှံ တစ်မျိုးတည်းသာ စိုက်ပျိုးလုပ် ကိုင်ကြရရာမှ မိုးစပါး များ စိုက်ပျိုးခြင်း၊ ဆောင်းသီးနှံနှင့် နွေစပါးများပါ တိုးချဲ့စိုက်ပျိုးလုပ် ကိုင်လာနိုင်မည် ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနအနေဖြင့် ညောင်လေးပင် မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်စပ်မှ အသဝိအင်းအထိ မုက္ခမူချောင်း(ခ)ချိန်းချောင်း အပိုင်း (၃) ဆက်လက် တူး ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုကဲ့သို့ မုက္ခမူချောင်း(ခ)ချိန်းချောင်း ပြန်လည်တူးဖော်ခြင်းအပါအဝင် နိုင်ငံအတွင်းရှိ ချောင်း ကော၊ မြောင်းကောနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးအလိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ရရှိရန်ပုံငွေအပေါ်မူတည်
“အဓိကကတော့ ပြောင်းလဲလာတဲ့ ရာသီဥတုဖြစ်စဉ်များနဲ့ လိုက်လျောညီထွေရှိဖို့၊ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေဖို့အတွက် ချောင်းကော၊ မြောင်းကောနဲ့ ရေနုတ်မြောင်းတူးဖော် တာတွေ ဆောင်ရွက်ပါတယ်။ အခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရေနုတ်မြောင်း တူးဖော်တဲ့ လုပ်ငန်း ၂၅ ခုကို တိုင်းဒေသကြီး ငါးခုမှာ ဆောင်ရွက်ခဲ့ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီးမှာ လေးခု၊ ပဲခူးတိုင်းဒေသ ကြီးမှာ ရှစ်ခု၊ မကွေးတိုင်းဒေသကြီးမှာ နှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးမှာ ခြောက်ခုနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ငါးခုကို ရန်ပုံ ငွေကျပ် ၉၆၈ ၄ဒသမ ၈၇၀ သန်း သုံးစွဲ ဆောင်ရွက်ခဲ့တယ်။ လာမယ့်နှစ်တွေမှာ လည်း ရရှိတဲ့ရန်ပုံငွေ ပေါ်မူတည်ပြီး ဦးစား ပေးအလိုက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဗိုလ်ဗိုလ်ကျော်က ပြောကြား သည်။
နိုင်ငံအတွင်း ရေဘေးကာကွယ်ရေး နှင့် ရေငန်တားတာအရေအတွက် ၂၂၁ ခု၊ အလျားမိုင်ပေါင်း ၂၄၆၆ မိုင်ခန့်ရှိပြီး အဆိုပါ တာများ ကြံ့ခိုင်မှုရှိစေရေးအတွက် နှစ်စဉ် မိုးရာသီမတိုင်မီ ပြုပြင် ခြင်းများ၊ ပန်းတာ လိုအပ်သည့်နေရာများတွင် ပန်းတာသစ်လုပ်ဆောင်ခြင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေများ အသုံးပြုဆောင်ရွက်ခဲ့ကာ ယခုမိုးရာသီ ကာလတစ်လျှောက်လုံးမှာလည်း ၂၄ နာရီ ကင်းလှည့်စောင့်ကြည့် ထိန်းသိမ်းသည့် လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံများ၏ ဘေးကင်း လုံခြုံမှု (Dam Safety) နှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ နေ့စဉ်ပုံမှန် စစ်ဆေးခြင်း (Visual Inspection Report on Dam Surveillance) အစီရင်ခံစာပါ လုပ်ငန်းစဉ်များအတိုင်း ပုံမှန်စောင့်ကြည့် လျက်ရှိပြီး တမံစစ်ဆေး ရေး အဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ နိုင်ငံအဝန်းရှိ ရေလှောင်တမံများ အားလုံးကို အသေးစိတ်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထို့ပြင် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်များနှင့် Dam Safety Management အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ ရရှိလာသည့် နည်းပညာဆိုင်ရာဗဟုသုတများကို အခြေခံ ၍ ရေလှောင်တမံတွင် သဘာဝဘေး အန္တရာယ်တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်မှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်ပေါ်လာပါက တမံအောက်ဘက် ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် များ ထိခိုက်ပျက်စီးမှု လျော့ပါးသက်သာစေ ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြိုတင်စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် ရေလှောင်တမံတစ်ခု ချင်းအလိုက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergency Prepardness Plan – EPP) များ စနစ်တကျရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရ သည်။
“ကျွန်တော်တို့ ဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားရှိပြီးဖြစ်တဲ့ ရေလှောင်တမံ အရေ အတွက်ပေါင်း ၂၃၅ ခု ရှိပါတယ်။ အများစုဟာ မြေသားရေလှောင် တမံများဖြစ်သလို တည်ဆောက် ပြီးကာလ မှာနှစ် ၂၀ ကျော်တွေများပါတယ်။ ဒါကြောင့် မို့ ရေလှောင်တမံများ ဘေးကင်းလုံခြုံမှု (Dam Safety)နဲ့ပတ်သက်ပြီး ဦးစားပေး အဆင့်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို မိုးရာသီ ကာလမှာ အထူးဂရုစိုက်ပြီး စောင့်ကြပ် ထိန်းသိမ်းဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြား ရေး မှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်နဝင်း ရေလှောင်တမံ၏ အောက်ဘက်တွင် နေထိုင်သော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုအတွက် ဘေးကင်းလုံခြုံမှု တည်နေရာ ပြမြေပုံကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေးဆွဲနိုင်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကညင်၊ မမြ၊ မုက္ခာ၊ သုံးဆယ် ရေလှောင်တမံများ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံများကို ဆက်လက်ရေးဆွဲ လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ ဆွာချောင်း၊ ဘောနီ၊ သဲကော၊ မာလဲနတ် တောင်၊ မြောက်ယမား၊ ဆင်သေ၊ ငလိုက် ရေလှောင်တမံများ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံများကို ကမ္ဘာ့ဘဏ်၏ အတိုင်ပင်ခံအဖွဲ့ဖြစ်သော KRC အဖွဲ့နှင့် ပူးပေါင်းရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တည်ဆောက်ထား သည့် ဆည်တာ တမံ များမှ ပြည်သူများထံ စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများ ဆောင် ရွက်ရာ၌ လယ်ကြားမြောင်း တူးဖော်ခြင်းမရှိဘဲ ကွက်ဆင့်သောက်စနစ်ကိုအသုံးပြု၍ ရေယူ ခြင်းကြောင့် ရေလှည့်စနစ်ပေးဝေရာ တွင် အဆင်မပြေခြင်း၊ ရေလုံလောက်စွာမရခြင်း စသည့်အခက်အခဲများကို အဓိကတွေ့ကြုံ ဖြေရှင်းရလျက် ရှိသည်။
ထို့ကြောင့် တည်ဆောက်ပြီး ရေလှောင် တမံ၊ ရေလွှဲဆည်များမှရေကို အသုံးပြုပြီး စိုက်ပျိုးရေ ပေးဝေ ခြင်း ဆောင်ရွက်သည့်အခါ ရေလေလွင့်ဆုံးရှုံးမှုနည်းကာ အကျိုးရှိစွာဖြင့် သုံးစွဲနိုင်ရေးကို ဦးတည်ပြီး တိုက်ရိုက်ရေပေး မြောင်း တစ်ခုချင်းအလိုက် ရေအသုံးချသူများ အဖွဲ့ (Water User Group- WUG)များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။
“အခု ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအထိ WUG အဖွဲ့ပေါင်း ၇၉၀၆ အဖွဲ့နဲ့အဖွဲ့ဝင် တောင်သူ ဦးရေပေါင်း ၂၂၇၂၉၈ ဦးကို နေပြည် တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကဦးတည်တာကတော့ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ကို အခြေခံပြီး ရေစီမံခန့်ခွဲမှု ပိုမိုစနစ်တကျရှိအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေး မှူးချုပ်က ပြောသည်။
ယခုနှစ်မိုးရာသီအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်း သိမ်းထားရှိသော ရေလှောင်တမံ ၂၃၅ ခုတွင် အများစုမှာ ရေဝင်ရောက်မှု နည်းပါးပြီး ရေလှောင် ပမာဏ သိသာစွာ လျော့နည်းကျဆင်းလျက်ရှိနေသည့်အတွက် ဆည် ရေသုံးစွဲရာတွင် ရေအလေ အလွင့်နည်းပါး စွာ စနစ်တကျသုံးစွဲနိုင်စေရန် ရေအသုံးချ သူများအဖွဲ့ (WUG) များနှင့် ပူးပေါင်းကာ အသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းအားဖြင့် ရေစီမံခန့်ခွဲမှုစနစ် ပိုမို အားကောင်းလာပြီး ရေကိုပိုမိုချွေတာနိုင်ကာ စိုက်ပျိုးရေဖူလုံမှုကို အထောက်အကူ ဖြစ်စေ နိုင်မည်ဖြစ်သည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လက်ရှိအစိုးရလက်ထက်၌ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင် စိုက်ပျိုးရေရရှိရေးလုပ်ငန်းပေါင်း ၁၃၂၉၆ ခု၊ ရေကြီးနစ်မြုပ်မှုကာ ကွယ်ရေးအတွက် ရေနုတ် မြောင်းနှင့် ရေဘေးကာကွယ်ရေးတာ အပါအဝင်လုပ်ငန်း ၄၅၁၉ ခုနှင့် သောက်သုံးရေ ရရှိရေးလုပ်ငန်း ၁၂၅၅ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“အခု အစိုးရလက်ထက်မှာ လုပ်ငန်းပမာဏကြီးမားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားတဲ့ စီမံကိန်းအသစ်တွေကို တည် ဆောက်ခြင်းမပြုဘဲအချိန်တိုအတွင်း ချက်ချင်းအကျိုးခံစားနိုင်တဲ့ ဆည်ရေသောက်စနစ်တွေ ကိုဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် ရေလှောင်တမံ၊ ရေလွှဲဆည်တည်ဆောက် ပြီးစီးပေမယ့် ဆည်ရေသောက်စနစ်မပြီးသေး တဲ့လုပ်ငန်းတွေ ပြီးစီးအောင်၊ တည်ဆောက်ပြီး ကာလကြာမြင့်လာတဲ့အတွက် ရေပေးမြောင်းတွေ စွမ်းဆောင်ရည် ကျဆင်း လာတဲ့ရေသောက် စနစ်တွေ အဆင့်မြှင့်တင် ပြုပြင်တာတွေ ဆောင်ရွက်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် က ပြောသည်။
ထိုသို့ဆောင်ရွက်သည့်အခါ နိုင်ငံတော် ရန်ပုံငွေအပြင် ကမ္ဘာ့ဘဏ်၊ ဂျပန် ODA ချေးငွေ အစရှိသည့် နိုင်ငံတကာချေးငွေများ ဖြင့်လည်း ရယူဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင် ခြင်းဖြင့် ရေသွင်း စိုက်ပျိုးနိုင်သောဧကများ တိုးတက်လာပြီး နွေစပါးနှင့် အခြားသီးနှံများကို ယခင်ကထက် တိုးတက်ရေပေးဝေ စိုက်ပျိုးလာနိုင်မည်ဖြစ် ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင် ရေးအတွက် တည်ဆောက်ပြီး ဆည်ရေသောက်စနစ်များ အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့်လည်းကောင်း၊ နိုင်ငံတကာအကူ အညီများရယူ၍လည်းကောင်း အကောင် အထည်ဖော်လျက်ရှိရာ ပဲခူးအနောက်ဘက် ခြမ်းတွင် ဂျပန်နိုင်ငံ(ODA) ချေးငွေဖြင့် မြောက်နဝင်း၊ တောင်နဝင်း၊ ဝဲကြီးနှင့်တောင်ညို ရေသောက်စနစ်များ အဆင့်မြှင့်တင် ပြုပြင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ရေသောက်ဧရိယာဧက နှစ်သိန်းကျော် ကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆင်သေ၊ ဆွာ ချောင်း၊ မာလဲနတ်တောင်နှင့် မြောက်ယမား ရေလှောင်တမံ တို့၏ ဆည်ရေသောက်စနစ် များကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ အဆင့်မြှင့်တင် ပြုပြင်ပေးလျက်ရှိကြောင်း၊ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငလိုက် ရေလှောင်တမံ၊ ဇီးတောရေလွှဲဆည်၊ ဘောနီ ရေလှောင်တမံ၊ သဲကောရေလှောင်တမံတို့၏ ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ (ODA) ချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည် ရေသောက် စနစ်အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပြီးစီးပါက မူလဆည်ရေသောက် ဧရိယာဧကငါးသိန်းခန့်ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ် ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
ထို့အပြင် တည်ဆောက်ပြီး ကာလ ၅၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ဝိုင်းမော်မြို့နယ်၊ ဝါရှောင် ရေလွှဲဆည် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများဖြစ်သည့် ရေဝပ်ဧရိယာအတွင်း သဲနုန်းတူးဖော် ခြင်းနှင့် ရေပေးအဆောက် အအုံများ ပြုပြင်ခြင်းများကို ဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းများပြီး စီးပါက မူလ ရေသောက် ဧရိယာ ၁၁၄၄၆ ဧကကို ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနသည် ပြည်သူများ သောက်သုံး ရေ ရရှိရေး အတွက် ရေရှားပါးသော စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်၊ ပုလဲဒေသမှ ရေလျှံဇုန်များတွင် တူးဖော်ထားသော ရေလျှံ တွင်းများကို လိုအပ်သောအချိန်တွင် အသုံး ပြု၍ မလိုအပ်သောအချိန်တွင် ပိတ်ထား ခြင်းဖြင့် ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် မြေအောက်ရေသယံဇာတ ရေရှည်တည်တံ့ ရေးအတွက် ပိုက်ထောင်၍ ဂိတ်ဘားတပ် ခြင်း ၁၂၃၉ တွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့မြောက်ဘက် ခုနစ်မိုင်ခန့်အကွာ ရွာငံ-ဟန်မြင့်မိုရ် ကားလမ်းပေါ်တွင် တည်ရှိ၍ ဓနုတိုင်းရင်းသား ကျေးရွာဖြစ်သည့် ဆင်နက်ချောင်ကျေးရွာသည် သောက်သုံး ရေ ရှားပါးပြတ်လပ်မှု ကြုံတွေ့နေရခြင်း ကြောင့် အနက်ပေ ၆၀၀ ၊ အချင်းခြောက် လက်မ စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့ရာ ရေထွက်နှုန်း ၁၀၀၀ ဂါလန်/ နာရီ ရေထွက်ရှိခဲ့ပြီး ဒေသခံပြည်သူများ၏ ရေအခက်အခဲ ပြေလည်စေခဲ့သည်။
ထိုကဲ့သို့ ပြည်သူများအတွက် ရေအသုံးချရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ရွာများနှင့် စိုက်ပျိုးပြီး သီးနှံများ ရေကြီးနစ်မြုပ်မှု မရှိစေရေး အတွက် ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသစိမ်း လန်းစိုပြည်ရေးနှင့် သောက်သုံး ရေရရှိရေး အတွက် ဆည်ငယ်၊ ကန်ငယ်များ ပြုပြင် တူးဖော်ခြင်းနှင့် သောက်သုံးရေ စက်ရေ တွင်းများတူးဖော်ခြင်းတို့ကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လိုအပ် ချက်အလိုက် ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများအပြင် တည်ဆောက်ပြီးစီးသည့် ဆည်မြောင်းစီမံကိန်း များနှင့် မူလစီမံကိန်း လျာထားချက်အတိုင်း မပြီးစီးဘဲ ကျန်ရှိနေသည့် ရေသောက်စနစ် လုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ခြင်း၊ တည်ဆောက်ပြီးအသုံးပြု ခဲ့သည့် သက်တမ်းကြာ၍ ပျက်စီးနေ သော ဆည်မြောင်းစီမံကိန်းများ၏ ရေသောက် စနစ်များနှင့် ရေပေးအဆောက်အအုံများကို ဒေသ အလိုက် ဦးစားပေးလိုအပ်ချက်အရ အသစ်ပြန်လည်မွမ်းမံ အကောင်အထည် ဖော်ခြင်းတို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ရင်း ဖြင့် ပြည်သူတို့၏ အကျိုး စီးပွား၊ ဒေသခံ တောင်သူများ၏ အကျိုးစီးပွားအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖော်ဆောင်လျက် ရှိပါကြောင်း။ ။
ရှင်မင်း၊ ဓာတ်ပုံ-မောင်ဖိုးဇော်(ကလေး)