ကာရာအိုကေ ဗိုင်းရပ်စ်
ပထမတစ်ချီ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် တစ်ကျော့ပြန်ဝင်လာပြီး ကူးစက်ပျံ့နှံ့နေတဲ့၊ မျိုးဗီဇ ပြောင်းလဲသွားတယ်လို့ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကတော့ နိုင်ငံတစ်ဝန်း မွှေနှောက်ပျံ့နှံ့နေတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က စဝင်လာတယ်။ နိုင်ငံရပ်ခြားသွားခဲ့တာမရှိ၊ ရောဂါပိုးရှိတဲ့ လူနာများနဲ့လည်း ထိတွေ့တာမရှိတဲ့ ပြည်တွင်းကူးစက် လူနာတစ်ယောက် ဩဂုတ်လ ၁၆ ရက်က ဓာတ်ခွဲတွေ့ရှိ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ကူးစက် mပြန့်ပွား၊ စာရင်းတိုးလာလိုက်တာ ဒီနေ့ဆိုရင် အတည်ပြုလူနာ စုစုပေါင်း ၂၅၉၅ ယောက်ပါတဲ့။ စစ်တွေမှာ ပထမဆုံး စတွေ့တဲ့လူနာ က ၃၇၅ ဆိုတော့ တစ်ကျော့ပြန်မှာ ၂၂၀၀ ကျော် တိုးသွားတယ်။ ပထမလေးငါးလမှာ ပိုးရှိသူ စုစုပေါင်း ၄၀၀ မပြည့်ခဲ့ပေမယ့် အခု တစ်လမပြည့်ခင်မှာ ၂၂၀၀ ကျော် တိုးလာတယ်ဆိုတော့ ဒုတိယလှိုင်းမှာ ကူးစက်မှုနှုန်းအရှိန် ဘယ်လောက်များလဲ မှန်းကြည့်နိုင်ပါတယ်။
...............................................
တစ်ကျော့ပြန် ဗိုင်းရပ်စ်ပိုးရဲ့ ဇီ၀မျိုးဗီဇပြောင်းလဲလာပြီး၊ ကူးစက်မြန် အဖိတ်အစဉ်လည်း ပိုများနေတာက သိသာပါတယ်။ ပထမကာလတစ်ခုလုံးမှာ လူနာ ၆ ဦး သေဆုံးခဲ့တယ်။ အခု သုံးပတ်လောက်အတွင်းမှာ ၁၀ ဦးတိုးလို့ စုစုပေါင်း သေဆုံးသူ ၁၆ ဦး ဖြစ်လာတယ်။
ဒါကြောင့်ပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အနေအထိုင်၊ အသွားအလာ သတိထား ဆင်ခြင်ကြဖို့ ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်မလာခင်ကစပြီး အထပ်ထပ်ကြေညာခဲ့ပါတယ်။
ဒီနေ့ ဒီအချိန်ထိ စိတ်ချသေချာပြီလို့ အတည်ပြုကြေညာနိုင်တဲ့ ကာကွယ်ဆေး၊ ကုသဆေးတို့ ဆိုတာကလည်း မပေါ်သေးဘူးဆိုတော့ အနေအထိုင်ဆင်ခြင်ပြီး ကာကွယ်ကြတဲ့နည်းကသာ အကောင်းဆုံးဖြစ်နေတာပါ။ အခု ဆိုရင် ကမ္ဘာမှာ အတည်ပြုလူနာ ၂၈ သန်း ကျော်ရှိပြီး သေဆုံးတာ ကိုးသိန်း ကျော် ရှိနေပြီ။
ကိုဗစ်ကပ်ရောဂါရဲ့အန္တရာယ်ဟာ မြန်မာနိုင်ငံသားတို့အနေနဲ့ ဘယ်လိုမှ ပေါ့ပေါ့ဆဆ သဘောထားလို့မဖြစ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပထမအကြိမ်မှာ သတိနဲ့နေခဲ့ကြ၊ လက်ဆေးဆို ဆေးကြ၊ မာ့စ်ခ်တပ်ဆို တပ်ကြ၊ အပြင်မထွက်နဲ့ဆို မထွက်ဘဲနေခဲ့ကြ၊ လူချင်းခွာနေကြ၊ အနေအထိုင် ဆင်ခြင်ကြနဲ့ တော်တော်လေး ဂရုစိုက်ခဲ့ကြ၊ ဒါကြောင့်ပဲ တော်တော့်ကို ထိန်းချုပ်နိုင်ခဲ့ကြတာပါ။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ စိတ်ပါလက်ပါ ကူညီကြ စည်းကမ်းလိုက်နာကြတာတွေကြောင့် ခုလောက် ထိန်းနိုင်သွားတာ။
...............................................
အခု ဗိုင်းရပ်စ်ပိုး ဒုတိယအကြိမ် တစ်ကျော့ပြန် ခပ်ပြင်းပြင်းလေး ဝင်လာတဲ့အခါမှာ အရင်အတွေ့အကြုံကို ဖြတ်သန်းဖူးတော့ သိပ်အရေးမကြီးဘူးလို့ ယူဆကြသလား မသိပါဘူး။ အလေးအနက်သမားတွေနဲ့ အပြိုင်ပေါ့ပေါ့သဘောထားသူတွေကလည်း မနည်းလှတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ စတင်ဝင်လာတာကို အစိုးရရော၊ ပြည်သူတွေပါအားလုံး ဝိုင်းဝန်းပြီး စောင့်ရှောက်ကြတဲ့အခါမှာ ကူးစက်မှုနှုန်း ငြိမ်သွားတာကို သတိထားမိပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုးက တခြားပြည်နယ်တွေ တိုင်းဒေသကြီးတွေကို ခရီးဆန့်ပြီး ကူးစက်လိုက်တဲ့အခါမှာ တရိပ်ရိပ်ဖြစ်လာတာ တွေ့ရပါတယ်။
အထူးသဖြင့်တော့ ရန်ကုန်။
ရန်ကုန်ဟာ လူစုံပါတယ်။ ကြီးထွားမြို့ပြတွေရဲ့ သဘာ၀အတိုင်း အနယ်နယ်က လာရောက်အခြေချသူတွေ၊ ကူးလူးဆက်ဆံနေသူတွေနဲ့ တရုန်းရုန်းလို့ ဆိုရမယ့်မြို့။
စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေဖြစ်တော့ အပြင်မထွက် မဖြစ်ထွက်ကြရ။ အဲဒီမှာ စည်းကမ်းလိုက်နာမှု လျော့ရဲလာတော့ ပိုးပျံ့နှံ့ဖို့က အင်မတန်လွယ်ကူလာ။
ဒီလိုထဲမှာ ကွာရင်တင်းစင်တာတွေထဲကို စားစရာပို့တော့ ကန့်သတ်ထားတဲ့ အရက်တို့၊ ဆေးလိပ်တို့ ခိုးထည့်ပို့တာလည်းရှိ။ ခရီးသွားပြီး ပြန်လာသူတွေကလည်း အကြောင်းမကြားကြ။ တိတ်တိတ် ခိုးဝင်ကြ။
ဒီလိုမြို့မှာ ခပ်ပေါ့ပေါ့သဘောထားတဲ့ လူတစ်စုရှိရင်ပဲ ချက်ချင်းဆိုသလို မြန်မြန်ဆန်ဆန် လူတစ်အုပ်တစ်မဖြစ်မှာ။ စက်တင်ဘာ ၁၁ ရက်ကဆိုရင် တစ်နေ့တည်း အတည်ပြုပိုးတွေ့သူ ၂၇၂ ယောက်။ အရင်တုန်းက တစ်ရက်ကို ဆယ်ဂဏန်းတက်ရင် များလှပြီဆိုပြီး ရင်တမမဖြစ်သူတွေဟာ ပါးစပ်အဟောင်းသားနဲ့။
စိတ်ပူသူတွေက စိတ်ပူ အစိုးရိမ်ကြီးကြ။ ပေါ့ပေါ့သမားတို့က ဥပဒေစည်းကမ်း အလေးမထား။
အရောင်အသွေးစုံလင်လှတဲ့ စိတ်ကူးအကြံဉာဏ်တွေကိုလည်း မြင်ရတွေ့ရ။ တစ်မြို့နယ်ချင်း မဟုတ်ဘဲ၊ တစ်မြို့နယ်လုံး၊ တိုင်းဒေသကြီးတစ်ခုလုံး၊ တစ်နိုင်ငံလုံး သော့ခတ်ခြေချုပ်ထားစို့တဲ့။ ချို့ငဲ့သူတွေကို ထောက်ပံ့မှုများများပေးတဲ့။ ဘယ်သူမှ အိမ်ထဲကမထွက်စေနဲ့တဲ့။ သံသယရှိသူ အိမ်မှာထား၊ အိမ်တံခါးကို ပိတ်ထား၊ သံသယလူနာရှိဆိုတဲ့ စာကပ်ထားဆိုတာလည်းပါရဲ့။
တချို့ကလည်း ဘာမှထိန်းချုပ်ကန့်သတ်မှုတွေ လုပ်စရာမလို၊ ဒီပိုးက ဒီလိုပဲ တွေ့နေကြရမှာတဲ့။ ဗိုင်းရပ်စ်ပိုးနဲ့ အတူယှဉ်တွဲနေထိုင်ကြဖို့သာ ပြင်ဆင်ကြ၊ ပုံမှန်အတိုင်းနေကြ၊ စနစ်တကျလက်ဆေး၊ မတ်စ်ခ်တပ်၊ လူချင်းခွာခွာနေ၊ အလုပ်ကို ပုံမှန်ဆက်လုပ်၊ ဆိုင်တွေမပိတ်နဲ့၊ သတိနဲ့ စည်းကမ်းနဲ့ ဆိုင်တွေဖွင့်။
အဲဒီလို အကြံပေးမှုအမျိုးမျိုးကို ကြားရပါတယ်။
တကယ့်လက်တွေ့မှာတော့ ကိုဗစ်- ၁၉ ရောဂါပိုးနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာ အယူအဆအမျိုးမျိုး၊ တုံ့ပြန်ရင်ဆိုင်ပုံအမျိုးမျိုးပါ။ ကိုယ့်နိုင်ငံရဲ့ တတ်နိုင်မှုအင်အား၊ ကိုယ့်နိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး ရင်ဆိုင်နေကြတာ။ ဘယ်လိုရင်ဆိုင်တာ အကောင်းဆုံးလဲဆိုတဲ့ နမူနာမရှိ။
မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အစစ အရာရာကို အဘက်ဘက်က တွက်ချက်ချိန်ဆပြီး တာဝန်ယူဆုံးဖြတ်ရတာပါ။ အဆုံးအဖြတ်ရဲ့နောက်မှာ တာဝန်ကိုပါ အပြည့်အဝယူရတာဆိုတော့ အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်အဖြေရှာရတာ ဖြစ်ပါတယ်။
...............................................
ရန်ကုန်မှာ ကူးစက်မှုများတာ သင်္ဃန်းကျွန်းကတဲ့။ ကေတီဗွီဆိုင်က ကူးစက်တာတဲ့။ အဲဒီဆိုင်တစ်ခုထဲက ပိုးတွေ့သူ ဦးရေ ရှစ်ဆယ်လောက်ရှိတယ်တဲ့။ တကယ်တော့ ကေတီဗွီဆိုင်တွေ၊ ဘား အရက်ဆိုင်တွေကို မဖွင့်ဖို့တားမြစ် ထားတယ်လို့ နားလည်ပါတယ်။ စည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာမှုမှာ သာမကဘဲ တာဝန်သိစိတ်ပါ လျော့ရဲနည်းပါးတဲ့သဘောလို့ နားလည်မိ။
ကာရာအိုကေဆိုတာ ဂျပန်က စတီထွင်တာ။ သီချင်းဆို ဝါသနာရှင်တို့ ကိုယ့်အိမ်မှာ တီဗွီရှေ့ထိုင်ပြီး မိုက်ကရိုဖုန်းတစ်လုံးနဲ့ ကိုယ်ကြိုက်ရာ သီချင်း တွေကိုဆိုနိုင်ဖို့ ထွင်ထားတဲ့ စနစ်ပဲဆိုပါတော့။ စစချင်း ဗီဒီယိုခွေတွေခေတ်က အနုတ် ၁ ဆိုပြီးပေါ်တယ်လို့ထင်။ သီချင်းခွေထဲက အဆိုတော်ရဲ့ အသံကို ဖျောက်၊ တေးဂီတသံတွေကိုပဲ ထုတ်နိုင်အောင်လုပ်၊ ဝါသနာရှင်က အဲဒီဂီတနဲ့ ဆို။
နောက်တော့ တီထွင်မှုတွေက တိုးတက်လာ၊ စက်တွေက ပိုအဆင့်မြင့်လာ။ ဆောင်းဘောက်စ် လို့ခေါ်တဲ့ အသံထွက်သေတ္တာကနေ အသံကို ဘယ်ညာထွက်ရာမှာ သီချင်းသံထွက်တဲ့ဘက်ကို ပိတ်လိုက်ပြီး ဂီတသံနဲ့ ဟာမိုနီသံတွေကိုပဲထုတ်။ အဲဒီမှာဆိုတဲ့သူက ဂီတသံနဲ့ ဝင်ဆို။ ဟန်ကျလို့။ တကယ်တီးထားတဲ့ ဂီတသံစုံတွေနဲ့ ဆိုရတာကိုး။
ကာရာအိုကေဆိုကြရာမှာ အိမ်ထဲမှာတင်မဟုတ်ဘဲ အဲဒီစက်တွေကိုပဲ အသံထွက် ပိုကောင်းအောင် အသံလုံခန်းတွေဖွဲ့၊ မြင်ကွင်းကျယ် ဖန်သားပြင်ကြီးတွေ၊ ပိတ်ကားတွေနဲ့ ပြင်ဆင်ပေးတဲ့ ဆိုင်တွေပေါ်လာတယ်။ အစားအသောက်နဲ့ တွဲဖက်ရောင်းချတော့ သွားကြ၊ စားကြ၊ သောက်ကြ ၊ ဆိုကြ။
အိမ်မှာ မရှိတဲ့သူတွေ၊ ဒါမှမဟုတ် အိမ်မှာ ကိုယ့်မိသားစုနဲ့ ကိုယ့်ဘာသာ ဆိုရုံနဲ့ မလုံလောက်ဘဲ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စုကာဝေးကာ ဝိုင်းဆိုကြလို့ရတဲ့ ကာရာအိုကေဆိုင်တွေဟာ နေရာအနှံ့လို ဖြစ်လာတယ်။ ဒါဟာ မြန်မာနိုင်ငံတင် မဟုတ်၊ ဂျပန်မှာ၊ ထိုင်းမှာ၊ အမေရိကန်မှာ၊ နိုင်ငံတကာမှာ ရှိနေတာပါ။
...............................................
မြန်မာနိုင်ငံမှာတော့ အမျိုးသမီး၊ အမျိုးသား မခွဲခြား၊ သူငယ်ချင်း မိတ်ဆွေတွေစုပြီး သွားကြ ဆိုကြ၊ ပျော်ကြတာမျိုးတွေရှိသလို၊ ကူပြီးဝင်ဆိုပေးတဲ့ အမျိုးသမီးငယ်များကို ဆိုင်မှာစီစဉ်ထားရှိပေးတဲ့အတွက် အစုလိုက်အဖွဲ့လိုက် သွားရောက် သီဆိုကြ၊ စားကြသောက်ကြတဲ့ ယဉ်ကျေးမှု ထွန်းကားလာပါတယ်။ ကာရာအိုကေ ဘားကို ကေတီဗွီလို့ အသုံးများပါတယ်။
ကေတီဗွီများဟာ အမျိုးသားများချည်း သီးသန့်သွားကြ ထိုင်ကြတဲ့ နေရာအဖြစ်လည်း နာမည်ကြီးပါတယ်။
အဲဒီလိုဆိုင်မျိုးတွေမှာ သီချင်းဆိုကြတာတင်မကဘဲ တခြား ဖျော်ဖြေရေးတွေပါ တွဲဖက်ပါလာတာ မျိုးတွေလည်း ရှိလာပါတယ်။ တကယ်တော့ ဒါဟာ ဝှက်လုပ်ငန်းမဟုတ်ဘဲ အားလုံးသိကြ သွားကြလေ့ရှိတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ ဥပဒေစည်းကမ်းတွေနဲ့ လိုင်စင်နဲ့ လုပ်ရတာပါ။ ဘယ်လို လိုက်နာကြ၊ ဘယ်လိုလုပ်ကိုင်နေကြတယ်ဆိုတာကတော့ အများပြည်သူကြား ပြောစရာတွေ အများကြီးရှိနေတာ။
အသောက်အစားနဲ့ တွဲဖက်တဲ့အခါ ဒါမျိုးတွေကို အပန်းဖြေစရာအဖြစ်၊ ပျော်ရွှင်စရာအဖြစ် သဘောထားကြတယ်။ နွမ်းပါးပြီး အလုပ်အကိုင်ခက်ခဲနေတဲ့ မိန်းကလေးငယ်များအတွက် ဝင်ငွေရတဲ့ လုပ်ငန်းအဖြစ်လည်း မြင်ကြပါတယ်။ သီချင်းဝိုင်းဆိုပေး၊ အစားအသောက်အတွက် စားပွဲထိုးပေးဆိုတာကို အလုပ်အနေနဲ့ လုပ်ကြကိုင်ကြတာဟာ ဂုဏ်ငယ်စရာမဟုတ်ပါဘူး။ ဒါပေမယ့် သောက်စားမူးယစ်နေသူများကြားမှာ အရက်နံ့၊ ဆေးလိပ်နံ့၊ ချွေးနံ့ကြားမှာ ကိုယ်မပျော်ပိုက်ပါပဲ၊ သူတစ်ပါးကို ငွေကြေးအတွက် ဖျော်ဖြေပေးရတဲ့ အလုပ်ဆိုတာကျတော့ ဝန်လေးစရာ၊ ဘ၀ကို နာကြည်းစရာအဖြစ် မြင်လာကြမလားပါပဲ။
ဆိုးတာကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကန့်သတ်မှုတွေ များပြားနေတဲ့အချိန်မှာ ကေတီဗွီဆိုင်က ဖွင့်တယ်၊ အဲဒီမှာ လာကြသူတွေ ကလည်းများ၊ ကူးစက်မှုကလည်းများ၊ တစ်ဆင့်တစ်ဆင့် ပြန့်ပွားတာက လည်းများဖြစ်တာပါပဲ။
လူစုလူဝေးများ။ ခြောက်ပေခွာတာ မရှိ။ စကားကျယ်ကျယ်ပြောရင် ပိုးက ပိုပျံ့နိုင်ခြေများ၊ သီချင်းဆိုရတာဆိုတော့ ပိုဆိုး။ မိုက်ကရိုဖုန်းတစ်ခု နှစ်ခု ၊ သုံးခုကို အလှည့်နဲ့ ခွဲဝေဆိုကြ။
ကူးစက်ပြန့်ပွားမှုက ဘယ်လောက်အထိ ဆက်သွားမလဲ ဆိုတာကို မသိနိုင်သေး။
...............................................
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ အန္တရာယ်ကြီးပါတယ်။ ဒါကို ချို့တဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ပင်ပန်းတကြီး ခုခံနေရတာပါ။ မလုံလောက်တဲ့ ဆရာဝန်တွေ၊ မနိုင်ဝန်တွေနဲ့ ပိနေတဲ့ ကျန်းမာရေးဝန်ထမ်းဦးရေနဲ့ ကျားကုတ်ကျားခဲ ရင်ဆိုင်နေရတာ။
အခုဆိုရင်ပဲ အတော့်ကို လက်ပန်းကျလုလုဖြစ်နေတာကို စိတ်ဓာတ်အင်အားနဲ့ အားတင်းနေကြတာပါ။ ဒါကို ကျွန်တော်တို့တွေ စာနာနားလည်ကြဖို့လည်း လိုမှာ။
အခက်အခဲတွေက လူတိုင်းအတွက် ရှိနေမှာပါပဲ။ တစ်ကမ္ဘာလုံး ခံနေရတာ။ လူ့လောကတစ်ခုလုံး အသီးသီး ပုံစံအမျိုးမျိုးနဲ့ သည်းညည်းခံ ရင်ဆိုင်နေကြရတာ။
စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေ လိုက်နာကြ၊ တစ်ဦးစီက တာဝန်သိသိနဲ့နေကြ၊ အပြင်မထွက်ဘဲ အိမ်ထဲမှာနေကြ၊ လူစုလူဝေးမဖြစ်စေနဲ့၊ မဖြစ်မနေထွက်ရရင် လူချင်းအနည်းဆုံး ခြောက်ပေခွာနေ၊ နှာခေါင်းစည်းတပ်၊ အပြင်ကပြန်လာရင် စနစ်တကျလက်ဆေး၊ ခဏခဏဆေး၊ ရေနဲ့ ဆပ်ပြာနဲ့ ဆေး၊ လက်ဆေးရည်နဲ့ဆေး၊ အစားအသောက်အနေအထိုင်ကို ဂရုတစိုက်နဲ့နေ။
ဒီလိုပဲ လူထုကညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြ၊ စည်းကမ်းဥပဒေတွေကို လိုက်နာကြ၊ စောင့်ထိန်းရမှာတွေ လုပ်ရမှာတွေကို မပျက်မကွက် လုပ်ကြရင်း ကပ်ရောဂါဘေးက ကင်းဝေးအောင် နေကြရမှာပါ။ အေးချမ်း တည်ငြိမ်တဲ့အချိန်ထိ တောင့်ခံကြရပါစို့။ ။
စောမော်အောင်