Skip to main content

ဒါရိုက်တာကြည်စိုးထွန်းနှင့် မင်းသားကြီး (ဒုတိယပိုင်း)

ကြည်စိုးထွန်း ။ ။ အရင်အပတ်ကတော့ ကျွန်တော်တို့မင်းသားကြီးနဲ့ တွေ့ဆုံခဲ့ရတဲ့ ဒါရိုက်တာတွေအကြောင်း၊ တွဲခဲ့ရတဲ့ မင်းသားတွေအကြောင်း၊ မင်းသမီးတွေအကြောင်းလည်း တော်တော်များများ စုံခဲ့ပြီပေါ့။ ကဲ ဒီတစ်ပတ်တော့ ကျွန်တော်တို့ ဒုတိယပိုင်းအနေနဲ့ မင်းသားကြီးရဲ့ ဖြတ်သန်းလာရတဲ့ ဘဝခရီးနဲ့ကျွန်တော်တို့ရဲ့ ရုပ်ရှင်လောကရဲ့ သမိုင်းလေးကို ဆက်ပြောကြ ရအောင်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ ကြိုးစားလိုက်ကြရအောင်ပေါ့ဗျာ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ မင်းသားကြီးက တစ်ခါ ဒီလိုခေတ်ကားတွေပေါ့လေ။ ဖိုက်တင်တွေရိုက်လိုက်၊ အနုအရွလေးတွေ ရိုက်လိုက် အဲဒီလိုရိုက်ရာ ကနေပြီးတော့ ရာဇဝင်ကားရိုက်တာ တွေ့ရတယ်။ အဲဒီမှာ မင်းသားချောတွေနဲ့ပဲ ပြိုင်ရတာ ဟုတ်လား။ ကိုမြင့်အောင် ဆိုတာလည်း မင်းသားချောပဲ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ ခင်မောင်ဇင်လည်း မင်းသားချောပဲ။ ကိုဇော်ဦးတို့ အဖေပေါ့နော်။ ဇော်ဦးတို့ အဖေပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ကိုခင်မောင်ဇင်နဲ့ တွဲရိုက်တဲ့ ကားလေးအကြောင်းလည်း ပြောပါဦး။ ‘ရာဇဒါဏ် ထင်တယ်နော်။

မင်းသားကြီးမြင့်စိုး ။ ။ ‘ရာဇဒါဏ် ကို ကျွန်တော်တို့ရိုက်တော့ ခင်မောင်ဇင်ရဲ့ အစ်ကိုအဖြစ် ကျွန်တော်ကလုပ်ပါတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က ဘုရင်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ခင်မောင်ဇင်က စစ်သူကြီးပေါ့ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ပဒေသာဖလင်းကပဲနော် အဲဒါလည်း။

မင်းသားကြီးမြင့်စိုး ။ ။ ပဒေသာဖလင်း။ အဲဒီမှာ နည်းနည်းရယ်စရာလေးကို မပြောခင်ပေါ့ ဆရာရယ်။ ခင်မောင်ဇင်ကို ကျွန်တော်ချစ်သွားတယ်၊ ခင်မောင်ဇင် သိပ်သဘောကောင်းတယ်ဆရာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သူ့နာမည်က ဆန်နီလို့ခေါ်တယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အင်မတန် သဘောကောင်းတာပဲ။ ကျွန်တော်နဲ့ တွေ့လို့ရှိရင် ညီအစ်ကိုအရင်းလိုပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မြို့ထဲမှာသွားတွေ့ရော ကျွန်တော်က အင်္ကျီသွား ချုပ်တာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဟာ ကိုမြင့်စိုးအတော်ပဲ လာပါဗျာ ကျွန်တော့်ပရိသတ် ရှိတယ်။ သွားမိတ်ဆက်ပေးမယ်၊ သူကပေါ်ပြူလာဖြစ်နေတဲ့အချိန်ပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ပေါ်ပြူလာဖြစ်နေတဲ့အချိန် သူ့ကိုကြိုက်နှစ်သက်တဲ့ ပရိသတ် အိမ်တွေရှိတယ်ပေါ့ ဆရာရယ်။ ခေါ်သွားမယ်ဆိုပြီးတော့ ကျွန်တော်က နေဦး ကိုခင်မောင်ဇင်၊ ကျွန်တော်အင်္ကျီသွားချုပ်မလို့။ အဲဒါ လိုက်ခဲ့ဆိုပြီး သူ့ကိုပါ ကျွန်တော်အင်္ကျီတစ်ထည် ချုပ်ပေးလိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဪ။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီအင်္ကျီနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေး ဆရာ့ကို ကျွန်တော်ပေးမယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော့်အင်္ကျီဖျင်ပေါက်မျိုးတစ်စုံပေါ့ ဆရာရယ်။ သူတစ်ထည်၊ ကျွန်တော်တစ်ထည်ချုပ်တယ်။ ပြီးတော့ သူ့ပရိသတ်အိမ်ကို ကျွန်တော့်ကို ခေါ်သွားတယ်၊ ဟိုကျတော့ မိတ်ဆက်ပေးတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သူက ကျွန်တော်နဲ့ ခင်မောင်ဇင်က နာမည်ကြီး နေပြီ ဆရာရဲ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မင်းသားလည်း မင်းသားချော၊ သူက ခုနကဆရာပြောတဲ့ မင်းသားဇော်ဦးတို့အဖေ။ ဆိုတော့ ဒါ မောင်မြင့် မင်းသား ကိုမြင့်စိုးပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီကသူ့ပရိသတ်ရဲ့ အဖေကြီးက ရုပ်ရှင်ထဲမှာတော့ တွေ့ဖူးတယ်၊ တစ်ခါမှမတွေ့ဖူးဘူး အခုမှတွေ့ဖူးတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဆိုတော့ ဘာပြောလဲဆိုတော့ သူ့ရဲ့၊ ခင်မောင်ဇင်ကို ကြိုက်တဲ့ ပရိသတ်ရဲ့အဖေကြီးက သူ့သမီးတွေကို မင်းတို့ ခင်မောင်ဇင်နဲ့ မောင်မြင့်စိုးနဲ့ ဘယ်သူကချောလဲဆိုပြီး မေးတယ် ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဒါမမေ့နိုင်ဘူး။ ဘာပြောလဲဆိုတော့ အဲဒီအမျိုးသမီး တွေက ချောတာတော့ ခင်မောင်ဇင်က ချောတယ်တဲ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဒါပေမယ့် မြင့်စိုးက ပိုပြီးချစ်ဖို့ကောင်းတယ်တဲ့။ အဲဒီမှာတင် ကျွန်တော်အမှတ်ရသွားတာပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ တော်တော်ဖြေတတ်တာနော်၊ အဖြေကောင်းတယ် နော်။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒါလေး ပြောချင်လို့ပါ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဪ နောက်ပြီး တစ်ခုအမှတ်ရတယ်ပေါ့ ဆရာရယ်။ အဲဒီ ‘ရာဇဒါဏ် ရိုက်တော့ မှတ်မှတ်ရရ ဒါရိုက်တာက ကျော်အုန်းမောင်။ ရိုက်တော့ ကုမ္ပဏီက ပဒေသာဖလင်းက ပိုက်ဆံအကုန်အကျခံတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဘုရင်စီးဖို့အတွက် ကတ္တီပါဖိနပ်ဝယ်ပေးတယ်။ အခု ခေတ် ဆရာရယ် ရုပ်ရှင် ကျွန်တော်တို့ ရုပ်မြင်သံကြားမှာ ရိုက်ရင် ခရိုမာနဲ့ ကာလာနဲ့ မတည့်တာတွေရှိတယ်ဟုတ်လား။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒါတွေသဘောမျိုး သွားသတိရတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာ ဒါရိုက်တာက ကတ္တီပါဖိနပ် ကျွန်တော့်ကို ဝယ်စီးခိုင်းတယ်။ စီးခိုင်းတော့ ဟိုတုန်းကရုပ်ရှင်က ဆရာရယ် black and white။ ကားထဲကျတော့ အဲဒီကတ္ထီပါဖိနပ်ကြီးက ဂျပန်ဖိနပ်ကြီးနဲ့ သွားတူနေတယ်။

ကြည်စိုးထွန်း ။ ။ ဟား ဟား ဟား။

မင်းသားကြီးမြင့်စိုး ။ ။ အောက်ကကြည့်တဲ့လူတွေက ဟာ ဘုရင်ကလည်း ဂျပန်ဖိနပ်ကြီးနဲ့ပါလားပေါ့။ အဲဒါလေးသတိရ ရှောင်စရာလေးတွေပေါ့ သတိရတယ် ဆရာ။

ကြည်စိုးထွန်း ။ ။ မှန်ပါတယ် မှန်ပါတယ်။ ကိုယ်ကတော့ အကောင်းစားပဲ။ ဒါပေမယ့် ဓာတ်ပုံထဲကျတော့ အညံ့စားကြီး ဖြစ်နေတော့လည်း။ တစ်ခါတလေကျတော့ အမြင်ကတစ်မျိုးဖြစ်သွားတာ သွားတွေ့တာပေါ့။ အဲဒီနောက်ကျတော့ တစ်ခါစတန့်မင်းသားထဲမှာ အင်မတန်ချောတဲ့ မင်းသားကြီးလို့လည်း ပြောရမှာပေါ့။ အင်မတန် စည်းကမ်းရှိပြီးတော့ အင်မတန် ကျန်းမာရေးလိုက်စားတဲ့ မင်းသားကြီးနဲ့ တွဲရပြန်ရော။

မင်းသားကြီးမြင့်စိုး ။ ။ ဪ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ဦးတင်ညွန့်နဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ကိုတင်ညွန့်နဲ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အဲဒီကားကတော့ ‘သစ္စာနဲ့မေတ္တာ၊ မေသစ်ရယ် အဲဒီမှာ ဒါရိုက်တာရွှေဘော်ဗျ။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ အောင်မင်္ဂလာက ရိုက်တာထင်တယ်။ ဒါရိုက်တာ ရွှေဘော်ကလည်း ကောင်းတာပဲ၊ တော်တာပဲ။

မင်းသားကြီးမြင့်စိုး ။ ။ တော်တယ်ဆရာ။ သူက ဆေးရောင်စုံရိုက်ခဲ့တာပဲ။

ကြည်စိုးထွန်း ။ ။ ဟုတ်တယ် ရန်ကုန်ရုပ်ရှင်ကပေါ့လေ သူ့အကြောင်း ကျွန်တော်အများကြီး ပြောဖူးပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။ တခိုင်လုံးရွှေတို့ ဘာတို့ ရိုက်ခဲ့တာ။

ကြည်စိုးထွန်း ။ ။ တော်ပါတယ်ခင်ဗျ တော်ပါတယ်။ ဟုတ်ကဲ့ ဒါနဲ့လည်း ‌တွေ့ခဲ့ပြီးတော့ ဒါလည်းရိုက်ခဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီတင်ညွန့်ရုပ်ရှင်က တစ်ခုထပ်ရိုက်သေးတယ် ဆရာ။ ‘မိမိကြီး ဆိုတာရိုက်တယ်။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ‘မိမိကြီး ဆိုတာ ရိုက်တယ်။ ကြည်ကြည်ဌေးနဲ့ပေါ့။

ကြည်စိုးထွန်း ။ ။ ကြည်ကြည်ဌေးနဲ့ပေါ့နော်၊ အဲဒါလေးကတော့ ကျွန်တော်ရှာမတွေ့သေးဘူး။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ နောက်တစ်ခါကျတော့ ကိုယ်တိုင်ရိုက်တဲ့ဟာလို့ ပြောရမယ့်ဟာ တစ်ကားရှိတယ်နော်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ကဲ့ဆရာ။

ကြည်စိုးထွန်း ။ ။ ‘မင်းကတော်၊ ခင်ယုမေနဲ့ တွဲပြန်ပြီ။ မင်းသမီးတွေက လည်း အချောတွေနဲ့ချည်းတွဲတာ ကျွန်တော် တွေ့တယ်နော်။ သို့သော်လည်း မင်းသမီးအချောတွေနဲ့ တွဲတဲ့အထဲမှာ ‘မုန်းပန်းတပွင့် ကျတော့ တစ်မျိုးပဲ နော်။ မေချစ်နဲ့တွဲတာ ဟုတ်လား။

မင်းသားကြီးမြင့်စိုး ။ ။ ‘မုန်းပန်းတပွင့် မှာ မင်းသမီးသုံးယောက်နဲ့ တွဲတယ် ဆရာ။

ကြည်စိုးထွန်း ။ ။ ဪ - မေချစ်ရယ်။

မင်းသားကြီးမြင့်စိုး ။ ။ တင်တင်မူပါတယ်၊ နောက်ပြီးတော့ ဇာတ်မင်းသမီး လေးတစ်ယောက် နာမည်မေ့နေပြီ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမင်းသမီး တစ်ယောက်ပါတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သုံးယောက်တွဲတော့ အဲဒီမှာဆရာရယ် အဲဒီ ‘မုန်းပန်း တပွင့် က ပထမဆုံးဒါရိုက်တာက ကျားဦးသိန်းမောင်။ ကျားဦးသိန်းမောင်က ကျွန်တော့်ဆရာဖြစ်တဲ့အတွက် အဲဒီဆောင်းဖလင်းက ဦးကျင်စိန်ကနေပြီးတော့ မောင်မြင့်စိုး ဒါရိုက်တာတစ်ယောက်နဲ့ ဆက်သွယ်ပေးပါ။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ပြီ။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်ကလည်း ရှင်းရှင်းပြောရရင် အခုခေတ်လိုပေါ့ ဆရာရယ် အနုပညာလည်းတော်ရမယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ စိတ်နေစိတ်ထားလည်း ကောင်းရမယ်။

ကြည်စိုးထွန်း ။ ။ ကိုယ်နဲ့လည်း အဆင်ပြေရမယ်။

မင်းသားကြီးမြင့်စိုး ။ ။ အကျင့်စာရိတ္တလည်း ကောင်းရမယ်၊ ဘက်စုံပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဖြစ်တဲ့ပုဂ္ဂိုလ်နဲ့တွဲမှ နို့မို့ဆို ကြားထဲကပွဲစားက နာမည်ပျက်မယ်ပေါ့။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော် စိတ်ချရတဲ့ ရိုးလည်းရိုးသားတဲ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဒါနဲ့ ဦးသိန်းမောင်နဲ့ ဆက်သွယ်ပေးလိုက်တယ်။ ဘယ်လိုဖြစ်လာလဲဆိုတော့ အဲဒီ ဦးကျင်စိန်ဆိုတာ ဒါရိုက်တာမြတ်တင်အေး ရဲ့အဖေပါ။ ငယ်ငယ်လေး ရှိသေးတယ်။ ဦးကျင်စိန်က သူက ဟိုတုန်းက ပဒေသာဓာတ်ပြားကုမ္ပဏီမှာ သူကအကြီးဆုံး ကိုမျိုးလှိုင်တို့လူပေါ့ ဒီလိုခေတ်။

ကြည်စိုးထွန်း ။ ။ ခွေးတံဆိပ်။

မင်းသားကြီးမြင့်စိုး ။ ။ ခွေးတံဆိပ်မဟုတ်ဘူး၊ ပဒေသာဓာတ်ပြား။

ကြည်စိုးထွန်း ။ ။ ပဒေသာက ကိုမျိုးလှိုင် မဟုတ်လား။

မင်းသားကြီးမြင့်စိုး ။ ။ ကိုမျိုးလှိုင်လေ။

ကြည်စိုးထွန်း ။ ။ ဟုတ်လား။

မင်းသားကြီးမြင့်စိုး ။ ။ ကိုမျိုးလှိုင်နဲ့ သူက အတူတူပဲ လုပ်ခဲ့တာ။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်လား။

မင်းသားကြီးမြင့်စိုး ။ ။ လုပ်ခဲ့တော့ ဦးကျင်စိန်က သူက သီချင်းအကြောင်း နားလည်တယ်။ သီချင်းကို ဟိုတုန်းက ဆရာရွှေပြည်အေးတို့ ဘာတို့ တက္ကသိုလ်စိုးတို့ အဲဒီလိုနာမည်ကြီးတဲ့ ဆရာတွေနဲ့ သီချင်းရေးခိုင်းတာ။

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သီချင်းတွေကလည်း အလွန်ကောင်းတယ်။ ကျွန်တော်လည်း အဆိုတော် ပြဇာတ်မင်းသားဆိုတော့ သီချင်းတွေ အဲဒီ ဇာတ်ထုပ်မှာ သီချင်းပဲ ဆယ်ပုဒ်ဆယ့်ငါးပုဒ်လောက် ဆိုရတယ်။ သီချင်းတွေ ကလည်း အလွန်ကောင်းတယ်။

ကြည်စိုးထွန်း ။ ။ Musical ဖြစ်တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ ရည်ရွယ်ချက်က ဇာတ်ကားထွက်သွားပြီးရင် ဒီသီချင်းတွေ ဓာတ်ပြားသွင်းပြီးရောင်းဖို့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ဆရာရယ်။ ဒါကဘာလို့လဲဆိုတော့ အေဝမ်းမှာလည်း ဟိုတုန်းက ဒီလို လုပ်တာကိုး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ အေဝမ်းဓာတ်ပြား လုပ်တုန်းက။ ကျားဦးသိန်းမောင် က သီချင်းတော့ သီချင်းပေါ့။ ဒါပေမယ့် ဇာတ်လမ်းကို ဦးစားပေးပြီးတော့ ရိုက်ချင်တယ်။

ကြည်စိုးထွန်း ။ ။ ဒါပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ ဆရာတို့လိုပေါ့။ သူ့ဇာတ်လမ်းက ကျောရိုးမပျက်စေ ချင်ဘူးပေါ့။ ကျွန်တော်တို့အထင်တော့ တစ်ယောက်တစ်ယောက် အဲဒီ ဇာတ်လမ်းအရလည်း ဖြစ်နိုင်တယ်။ တစ်ယောက်တစ်ယောက် ငွေပေးငွေယူ တစ်ယောက် တစ်ယောက် ကတိမတည်တာတွေလည်း ဖြစ်နိုင်သလို တစ်ခုခုပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ တစ်စုံတစ်ခုပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ အကြောင်းတစ်ခုခုတော့ ရှိမှာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ အဲဒါနဲ့ ဦးသိန်းမောင်နဲ့ ကျားသိန်းမောင်နဲ့ မရိုက် ဖြစ်ဘူး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မရိုက်ဖြစ်တော့ ကျွန်တော်က မေးတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူက မောင်မြင့်စိုး၊ ဘာမှမပူနဲ့ သီချင်းကောင်းတယ်။ ဒါနဲ့ ဦးကျင်စိန်နဲ့ ရိုက်ဖြစ်တယ်။ သီချင်းတွေက ပေါက်တယ်။ ဇာတ်ကားကတော့ သိပ်ပြီး အောင်မြင်တဲ့အထိ မရောက်ဘူးပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မှန်တန်းပဲသွားတာပေါ့။

ကြည်စိုးထွန်း ။ ။ နောက်ကျတော့ ခုနက ‘ဤရူပ

မင်းသားကြီးမြင့်စိုး ။ ။ ‘ဤရူပ ဟုတ်ပြီဆရာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဖိုးပါကြီးနဲ့နော်၊ ဖိုးပါကြီးနဲ့တင်တင်မူနဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ပါတယ်။

ကြည်စိုးထွန်း ။ ။ ဒါရိုက်တာက တက္ကသိုလ်နေဝင်း။

မင်းသားကြီးမြင့်စိုး ။ ။ ဗိုလ်ထွန်းလှ ဆရာ။

ကြည်စိုးထွန်း ။ ။ ဗိုလ်ထွန်းလှပေါ့။ ရုပ်ရှင်အင်မတန်ဝါသနာပါတာကိုး။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ကျွန်တော်ဖတ်ဖူးတာက တက္ကသိုလ်နေဝင်းကို၊ အေဝမ်းကတောင်မှနော် ဗိုလ်ထွန်းလှကို သူက မင်းသားတင်ဖို့ အကြောင်းရှိတယ်။ မင်းသားလုပ်မလားဆိုပြီးတော့ စာရေးသေးတယ် ပြောတယ်။ သူက စာမပြန်ဘူးတဲ့ ဘာဖြစ်လို့လဲမသိဘူး စာမပြန်လိုက်လို့တဲ့။ အဲဒါလေး ကျွန်တော် တစ်နေရာမှာ ဖတ်ဖူးတယ်။

မင်းသားကြီးမြင့်စိုး ။ ။ ပါးချိုင့်လေးနဲ့ ဆရာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ တက္ကသိုလ်နေဝင်းက ဟိုတုန်းက အင်္ဂလိပ် မင်းသားကြီး ကယ်ရီဂရန်(Carry Grant) လေ။

ကြည်စိုးထွန်း ။ ။ ဟုတ်ပါ့။

မင်းသားကြီးမြင့်စိုး ။ ။ ကယ်ရီဂရန်နဲ့ သွားတူတယ်ဆရာ။

ကြည်စိုးထွန်း ။ ။ ဟုတ်တယ် အဲဒါနဲ့လည်း တစ်ခါ ‘ဤရူပ ဆိုတာ ရိုက်ဖြစ်တယ်နော်။

မင်းသားကြီးမြင့်စိုး ။ ။ ‘ဤရူပ ရိုက်တော့ ဖိုးပါကြီးပါတယ်။

ကြည်စိုးထွန်း ။ ။ အဲဒါက ဇဝနရဲ့ဝတ္ထုလား။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်ပါတယ်ဆရာ။ ဆရာဇဝနရဲ့ ဇာတ်ထုပ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ သူကဖိုးပါကြီးနဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်နဲ့။

ကြည်စိုးထွန်း ။ ။ မင်းသားကြီးနဲ့က လိမ်ကြတာနော် လိမ်ကြတာ။

မင်းသားကြီးမြင့်စိုး ။ ။ Mistake ပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဇာတ်လမ်းက ဖိုးပါကြီးက စာရေးဆရာ။ ကျွန်တော်က ဂီတဆရာ။ ဂီတဝါသနာ သူကစာရေးတာ။ စာရေးတော့ စွံတော့ သူကို စာရေးဆရာဆိုတော့ မိန်းကလေးတွေက မိတ်ဆက်ကြတာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ စာဖတ်ပရိသတ်အမျိုးသမီးတွေက။

မင်းသားကြီးမြင့်စိုး ။ ။ စာရေးဆရာနာမည်တောင် သူက တော်တော်ရုပ်ဆိုး နာမည်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ကုသ မှတ်လား။

မင်းသားကြီးမြင့်စိုး ။ ။ ကုသ ဟုတ်တယ် ကုသ။ ကုသဆိုတဲ့ နာမည်နဲ့ မိတ်ဆက်ကြတော့ မင်းသမီးတင်တင်မူက မိတ်ဆက်တာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဆရာကုသရှင့် ဆရာ့စာတွေက သိပ်နု သိပ်လှတယ်။ အရေးအသားလည်း သိပ်အဖွဲ့အနွဲ့တွေ သိပ်ကောင်းတယ် ဆိုတော့ ဆရာ့ကို မိတ်ဆက်ချင်ပါတယ်။ ဆရာ့ဓာတ်ပုံလေးကျေးဇူးပြုပြီးတော့ ကျွန်မဆီကို ပို့ပေးပါရှင်ပေါ့ ကျွန်မမျှော်လင့်ပါတယ်။ ဘာဘာညာညာနဲ့ပေါ့ ဆရာရယ်။ မြူတင်လေးနဲ့ လုပ်လိုက်တော့ သူက သူ့ပုံကို ပြလို့ရှိရင် သူ့ကို။

ကြည်စိုးထွန်း ။ ။ ခါမယ်ပေါ့ ခါမှာစိုးလို့။

မင်းသားကြီးမြင့်စိုး ။ ။ ကဲ မြင့်စိုး မင်းဓာတ်ပုံနဲ့ ငါပေးလိုက်မယ်ကွာဆိုတော့ ကျွန်တော့် ဓာတ်ပုံလှလှလေးကိုပေးလိုက်ရော။

ကြည်စိုးထွန်း ။ ။ ဟုတ်။

မင်းသားကြီးမြင့်စိုး ။ ။ ပို့လိုက်တော့ တင်တင်မူက စာရေးလည်းကောင်းတယ်၊ ရုပ်လည်းချောတယ်ဆိုတော့ စွဲလမ်းသွားပါလေရော ကုသကို။ ကျွန်တော်က ကုသဖြစ်နေတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သူကလိုက်လာတော့ အဲဒီမှာ တလွဲတချော်တွေ ဖြစ် ကုန်တာပေါ့။

ကြည်စိုးထွန်း ။ ။ ဒါပေါ့ ဟာသတွေ။

မင်းသားကြီးမြင့်စိုး ။ ။ အဲဒီမှာဆရာရဲ့ ကျွန်တော့်ဘဝမှာ ထူးထူးဆန်းဆန်း စာရေးဆရာ တက္ကသိုလ်နေဝင်းဖြစ်တဲ့အတွက် ကျွန်တော် အဲဒီဇာတ်ကားမှာ ဒိုင်ယာလော့ဒ်ကို အရှည်ကြီးပြောရတယ်ဆရာ။ ကျွန်တော့်ကို အေဖိုးနဲ့ စာမျက်နှာနှစ်မျက်နှာ၊ သုံးမျက်နှာလောက်ကို ပြောရတယ်။ ဆရာဗိုလ်ထွန်းလှ က အဲဒါတွေလည်း ပါမှာပေါ့ဆရာရယ်။ ရုပ်ရှင်ဆိုတာ ဆရာသိပါတယ်။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ ရုပ်ကရှင်မှ ကောင်းတာကိုး။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဒိုင်ယာလော့ဒ်တွေက အရှင်ဖြစ်နေတော့။ ရုပ်ရှင်ဖြစ် တယ်ပေါ့ ဆရာရယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ရုပ်ရှင်ဖြစ်တော့ အဲဒီကားလည်း သိပ်ပြီးတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။

ကြည်စိုးထွန်း ။ ။ ဒါပေါ့ မှန်တာပေါ့ ဒိုင်ယာလော့ဒ်များတော့။

 ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

(ဆက်လက်ဖော်ပြပါမည်)