Skip to main content

ကောင်းကင်ယံတွင် အစဉ်ပျံသန်းနေဦးမည့် မြန်မာ့အမျိုးသားလေကြောင်း


လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော မြန်မာအမျိုးသားလေကြောင်းသည် လာမည့် စက်တင်ဘာလ (၁၅) ရက်နေ့ဆိုလျှင် (၇၂) ပြည့်မြောက်ပြီဖြစ်သည်။ တကယ်တော့ သက်တမ်း ၇၂ ပြည့်မြောက်ပြီဆိုသော်လည်း အသွင်သစ်ဖြင့် သွေးသစ် လောင်းခဲ့သည်မှာတော့ ငါးနှစ်ခန့်သာ ရှိဦးမည်၊ ယခင် မြန်မာ့လေကြောင်းအမည်နှင့် ရှိနေခဲ့သော အသွင်အပြင် ပုံရိပ်ဒီဇိုင်းနှင့် ခြားနားစွာ အသွင်သစ် ပုံစံဒီဇိုင်းအသစ်နှင့် မြန်မာအမျိုးသား လေကြောင်းဟူသောအမည်ဖြင့်ပြောင်းလဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတော်ဘတ်ဂျက်မှထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာခဲ့ခြင်းဖြစ်ရာ မတ်တပ်စမ်း လမ်းလျှောက်တတ်ခါစ ကလေးငယ်လို မခိုင်မမတ်၊ အလဲလဲအပြိုပြို ဖြစ်နေပြီလား ထင်ရသော်လည်း မထင် မှတ်လောက်အောင် အကြီးမြန်ခဲ့သည်။ လေယာဉ် အသစ်များ အသုံးပြုခြင်း လုံခြုံစိတ်ချရမှုရှိခြင်း ဝန်ဆောင်မှုကောင်းခြင်းစသည့် ကောင်းသော ဂုဏ်သတင်းများနှင့်အတူ တမဟုတ်ချင်း ပုံရိပ်ကောင်းများနှင့် အမည်ရလာခဲ့သည်။ ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ဆပွားတိုးတက်၊ ဝင်ငွေများ တစ်နှစ်ထက်တစ်နှစ် များစွာတိုးတက်လာသည်ကို တွေ့ရပြီး အသွင်ဆန်းနှင့် တစ်ခေတ်ပြောင်းအောင် နိုင်ငံတော်ဘတ်ဂျက်ပြင်ပမှ ဖန်တီးလုပ်ဆောင်ခဲ့ရရာ ရင်းနှီးမြှုပ်နှံမှု အရှုံးများ ပေါ်နေခဲ့သည်ကိုလည်း ရင်မောစွာ စောင့်ကြည့်ခဲ့ရကာ ယခုနှစ်တွင်မူ အမြတ်အစွန်းထွက်ဖို့ သေချာသလောက်ရှိသည်ဟု စီမံခန့်ခွဲ သူများက ယုံကြည်ခိုင်မာနေချိန်တွင်မှ ကိုဗစ်ကပ်ရောဂါကြီးက ရက်ရက်စက်စက် ဝင်ရောက်နင်းချေ ဖျက်ဆီးခဲ့သည်။ ကိုဗစ်ခြိမ်းခြောက်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက တံခါးတွေပိတ်ထားကြ၊ လူတွေ အိမ်ထဲက အပြင်မထွက်ရဲကြသဖြင့် ခရီးသည်နှင့် စီးပွားရှာကြရသော လေကြောင်းစီးပွားရေးမှာ အထိအနာဆုံး ဖြစ်ခဲ့ကြသည်။ မထင်မှတ်ရလောက်အောင်ပင် ခိုင်မာအားကောင်းသော၊ ကြီးမားကျယ်ပြန့်သော၊ နောက်ခံတောင့်တင်းသော၊ နာမည်ကြီး လေကြောင်းကြီးများ တစ်ခုပြီးတစ်ခု ပြိုလဲကုန်ကြသည်။ သို့သော်လည်း မြန်မာ အမျိုးသားလေကြောင်းက ရပ်တည်ရှင်သန်ဆဲပင်။


အစွမ်ကုန်ဖြည့်ဆည်း

ထိုမျှမက နိုင်ငံတော်ပိုင် လေကြောင်းဖြစ်သည်နှင့်အညီ နိုင်ငံတော်၏လိုအပ်ချက်၊ ပြည်သူတို့၏ လိုအပ်ချက်ကိုလည်း အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်လာခဲ့ရသည်။ ကမ္ဘာ့ ကပ်ရောဂါကြီး စတင်ပေါက်ဖွားပျံ့နှံ့ရာ တရုတ်ပြည်၊ ဝူဟန်မြို့၌ ပိတ်မိနေသော ပညာသင် မြန်မာကျောင်းသား ၅၉ ဦးအား နိုင်ငံတော်၏ အစီအမံဖြင့် သွားရောက်ခေါ်ဆောင်ပေးနိုင်ခဲ့ကာ ကိုဗစ်ကာလ မြန်မာက ကမ္ဘာတွင် ရှေးဦးကယ်ဆယ်ရေး ဆောင်ရွက်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ပထမဆုံး အတွေ့အကြုံမို့ အစစ အရာရာ သတိကြီးစွာ၊ စွန့်စားစွာ ဆောင်ရွက်ခဲ့ကြပြီး အန္တရာယ်ကင်းရှင်းရေးအတွက် အကာအကွယ် အစီအမံအပြည့် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြရသည်။ လေယာဉ်အမှုထမ်းများ၊ လိုက်ပါသယ်ဆောင်ရေးတွင် ပါဝင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများအားလုံး အသွားအလာ ကန့်သတ် စခန်း (Quarantine) ဝင်ရောက်ခဲ့ကြသည်။

ကိုဗစ်ကာလအတွင်း ပြည်တွင်းခရီးစဉ်များကို ခရီးသည်အင်အား နည်းသော်လည်း အဆင်ပြေစွာ သွားလာနိုင်ရန် ကြိုးစားပြေးဆွဲခဲ့သည်။ ထို့အတူ ပြည်ပရောက်မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး ခရီးစဉ်များ (Relief Flights) ကို နိုင်ငံတော်၏ စီမံမှုဖြင့် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်၏ စေတနာဖြစ်သကဲ့သို့ မြန်မာအမျိုးသားလေကြောင်း၏ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကြိုးပမ်း ရွက်ဆောင် မှု တစ်ရပ်အဖြစ် အသိအမှတ်ပြုရပါမည်။ ကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပြည်ပမြို့ပေါင်း (၁၁) မြို့သို့ ခေါက်ရေ ပေါင်း (၃၆) ခေါက်ဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားစုစုပေါင်း ၄၆၀၀ ခန့်အား အမိမြန်မာ နိုင်ငံသို့ ပြန်လည် သယ်ဆောင်ပေးနိုင်ခဲ့သည်။ ထိုကယ်ဆယ်ရေး လေယာဉ်ခရီးသည် အပါအဝင် ကုန်တင်လေယာဉ်၊ စင်းလုံးငှားလေယာဉ်များနှင့်ပါဆိုလျှင် ခရီးသည် ၁၁၀၀၀ ကျော်၊ ကုန်တန်ချိန် ၂၉၅ တန်ခန့် သယ်ဆောင်ပေးနိုင်ခဲ့သည်။ သို့အတွက် ကိုဗစ်ကာလအတွင်း ပြည်ပကုန်သွယ် စီးပွားလုပ်ငန်းအတွက်ပါ သယ်ပို့ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ထူးခြားထိရောက်စွာ ဆောင်ရွက်နိုင်မှုတစ်ခုမှာ မြန်မာနိုင်ငံအတွက် ကိုဗစ်ဒုတိယအကျော့ ဝင်ရောက်လာသည့် ရခိုင်ပြည်နယ်တွင် အရှိန်အဟုန်ကောင်းစွာ ပြန့်ပွားနေမှုကို ထိန်းချုပ်နိုင်ရေး အတွက် စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများကို (၄) ကြိမ်တိုင်တိုင် အရေးတကြီး ပို့ဆောင်ပေးနိုင်ခဲ့ခြင်း၊ ရောဂါရှာဖွေရေးစက်၊ ကုသရေးဆိုင်ရာ ဆေးဝါးများနှင့် တစ်ကိုယ်ရည် အကာအကွယ်သုံး ပစ္စည်း များ စုစုပေါင်း ကီလိုဂရမ် (၁၂၀၀၀) ခန့်အား စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များသို့ ပေးပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ထိုသို့ အချိန်မီပေးပို့ရေး ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ လျင်လျင်မြန်မြန် အကျိုး ရှိ ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုနိုင်ကောင်းပါသည်။

ချုပ်ရလျှင် အရေးကြုံချိန်တွင် နိုင်ငံ့အကျိုးစီးပွားကို အစွမ်းကုန်သယ်ပိုး ရွက်ဆောင်ပေးသော နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းကို ကျေးဇူးတင်အလေးပြုရင်း ကိုဗစ် လောကဓံ မုန်တိုင်းကို ကြံ့ကြံ့ခံ ကျော် လွှားလွန်မြောက်ပြီး ကျန်းကျန်းမာမာဖြင့် အသက်ရာကျော်ရှည်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

ပို့/ဆက်