သမိုင်းဝင် စစ်ရေယာဉ် (မေယု)
သီသီသောင်း (အမျိုးသားပြတိုက် - ရန်ကုန်)
ပြတိုက်ရေယာဉ်(Museum Ship) ဟုခေါ်တွင်သော သင်္ဘောသည် ရေကြောင်းပညာရပ်ဆိုင်ရာ လေ့လာသင်ယူနိုင်ရန် သို့မဟုတ် အမှတ်တရအောက်မေ့ဖွယ်ထိန်းသိမ်းထားရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူများလေ့လာနိုင်ရန် ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ထားသောသင်္ဘောဖြစ်ပါသည်။ အချို့ကို လေ့ကျင့်ရေးနှင့် စုဆောင်းရေးရည်ရွယ်ချက်များအတွက်လည်း အသုံးပြုကြသည်။
ပြတိုက်ရေယာဉ်ဟူသည် ပင်လယ်ပြင်တွင် တစ်စင်းစီ၏ ၎င်းတို့စွမ်းဆောင်ခဲ့သည့် ထူးခြားသော သမိုင်းဝင်ရေယာဉ်အဟောင်းများကို သေချာထိန်းသိမ်းပြီး ပြတိုက်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ စစ်ရေယာဉ်များ၊ ပစ္စည်းသယ်ရေယာဉ်များ၊ စူးစမ်းရှာဖွေရေးရေယာဉ်များလည်းပါဝင်ပြီး ယနေ့ခေတ်တွင်မူကမ္ဘာအနှံ့၌ ပြတိုက်ရေယာဉ်များကို အများပြည်သူတိုက်ရိုက်ခံစားကြည့်ရှုနိုင်စေရန် ဖွင့်လှစ်ပြသထားခြင်း ဖြစ်ပါသည်။
ရာပေါင်းများစွာသော ပြတိုက်ရေယာဉ်များကို ကမ္ဘာတစ်ဝန်းတွင် ထိန်းသိမ်းပြသထားပြီး ၎င်းတို့ထဲမှ ၁၇၅ စင်းခန့်သည် သမိုင်းဝင်ရေတပ်သင်္ဘောများဖြစ်ကြပါသည်။ အများအပြားသည် ရေတပ်သင်္ဘောများ မဟုတ်ကြသော်လည်း အထွေထွေကုန်သွယ်သင်္ဘောများမှ မီးသင်္ဘော၊ ဆွဲသင်္ဘောများအထိ ပါဝင်ကြပါသည်။ ပြတိုက်ရေယာဉ်အများအပြားကို ရေကြောင်းပြတိုက်များတွင်လည်း ပြသထားပြီး ၎င်းသင်္ဘောများကို ထိန်းသိမ်းခြင်းသည် ကုန်ကျစရိတ်များလှပေသည်။
ပြတိုက်ရေယာဉ်များ၏ အရေးပါသော အကြောင်းများမှာ-
သမိုင်းကြောင်းကိုထိန်းသိမ်းခြင်း။ ပြတိုက်ရေယာဉ်များသည် သမိုင်းတစ်လျှောက်ကာလအတွင်း ရေတပ်ဘဝ(naval life)၊ နည်းပညာဖွံ့ဖြိုးမှုများ (technology)နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ (maritime warfare)ကို ကိုယ်တိုင်ခံစားနိုင်သော အတွေ့အကြုံများပေးနိုင်သည်။
ပြည်သူလူထုအားပညာပေးခြင်း။ ပြတိုက်ရေယာဉ်များတွင် များသောအားဖြင့် ပြပွဲများ၊ အသံလမ်းညွှန်မှုနှင့် ပညာရေးအစီအစဉ်များပြုလုပ်၍ ရေကြောင်းသမိုင်းကို လေ့လာရန်အတွက် ပညာပေးသည်။
ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်း။ ပြတိုက်ရေယာဉ်များသည် တိုင်းပြည်၏ ရေကြောင်းသမိုင်းတန်ဖိုးအပေါ် မျိုးဆက်သစ်များအားဂုဏ်ယူမှုနှင့် national maritime identity တစ်ခုအဖြစ် သတိရစေသည်။
ထူးခြားသည့်သမိုင်းအဖြစ်အပျက်များ ပြောပြခြင်း။ ရေကြောင်းတိုက်ပွဲအတွေ့အကြုံ၊ သံတမန်ရေးရာ၊ ကုန်သွယ်ရေကြောင်းသွားလာရေးစသည့် အကြောင်းအရာများဖြင့် ထူးခြားသည့်သမိုင်းဇာတ်လမ်းများကို အနုပညာဖန်တီးမှုတစ်ခုအဖြစ် တန်ဖိုးရှိစွာဖြန့်ဝေနိုင်သည်။
ကမ္ဘာအနှံ့ရှိ ပြတိုက်ရေယာဉ်များမှအချို့မှာ- HMS Belfast (အင်္ဂလန်)၊ Vasa (ဆွီဒင်)၊ USS Midway (အမေရိကန်)၊ Cap San Diego (ဂျာမနီ)၊ HMS Unicorn (အင်္ဂလန်)၊ Sigyn ၊ First museum ship in 1939 (ဖင်လန်)၊ Aurora (ရုရှား)၊ Mikasa (ဂျပန်)တို့ ဖြစ်ကြပါသည်။
မြန်မာနိုင်ငံတွင်လည်း ပြတိုက်ရေယာဉ်ရှိပြီး အမည်မှာ စစ်ရေယာဉ်မေယုဖြစ်ပါသည်။ ၎င်းသည် မြန်မာ့တပ်မတော်သမိုင်းတွင် အရေးကြီးသည့်အခန်းမှပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော်(ရေ)၏ တိုးတက်မှုနှင့် အောင်မြင်မှုများတွင်လည်း ထင်ရှားသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ထမ်းဆောင်ခဲ့ပါသည်။ ထို့ကြောင့် စစ်ရေယာဉ်မေယုသည် မြန်မာနိုင်ငံသားတို့၏ နှလုံးသားအတွင်း အမြဲတမ်းအမှတ်ရနေမည့် အမည်တစ်ခုဖြစ်ပါသည်။ စစ်ရေယာဉ်(မေယု)သည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လက်ခံခဲ့သည့် လွတ်လပ်ရေးနှင့်အတူ ပေါ်ထွန်းလာသော သမိုင်းဝင်စစ်ရေယာဉ်တစ်စင်းဖြစ်ပါသည်။ ယင်းသည် ဖရီးဂိတ် (River-class frigates )အမျိုးအစားဖြစ်ပြီး အလျား ၃၀၁ ပေ ၇ ဒသမ ၇၅ လက်မ၊ အနံ ၃၇ ပေ ၉ ဒသမ ၂၅ လက်မ၊ ရေစူး ၁၄ ပေ ၄ လက်မ၊ ဝန်ပြည့်အလေးချိန် ၁၆၁၄ ဒသမ ၉၁ တန်ရှိပါသည်။
မူလအမည်မှာ HMS Fal ဖြစ်ပြီး ဗြိတိသျှ တော်ဝင်ရေတပ်အမှတ် (၃၈) ကင်းထောက်ရေယာဉ်အုပ်စုတွင် ၁၉၄၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းကို အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ရှိ Smiths Dock Company က တည်ဆောက်ခဲ့ပြီး ၁၉၄၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် တည်ဆောက်မှုစတင်ကာ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရေချခဲ့ပါသည်။ ၁၉၄၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ပြီး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပါသည်။
၁၉၄၇ ခုနှစ် မေလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှတော်ဝင်ရေတပ်မတော်က ဗမာပြည်အပျော်တမ်း အရန်တော်ဝင်ရေတပ်မတော် (Burma Royal Naval Volunteer Reserve - BRNVR) သို့ အခမ်းအနားဖြင့် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ထိုစဉ်က ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် မေယုစစ်သင်္ဘောကြီးကို တက်ရောက်စစ်ဆေးမိန့်ခွန်းပြောကြားကာ မြန်မာနိုင်ငံကိုယ်စား လက်ခံရယူပြီး ဗြိတိသျှတော်ဝင်ရေတပ်မှ စစ်ရေယာဉ်မှူး ဗိုလ်မှူးမစ်ချယ်လ် (Lieutenant Commander Mitchell) က လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုအခမ်းအနားတွင် ရေတပ်ထုံးစံအရ ရေယာဉ်ပိုင်ဆိုင်သော နိုင်ငံ၏ရေတပ်အလံကို လွှင့်ထူရသည်ဖြစ်၍ ရေယာဉ်ဦးပိုင်းရှိ ဗြိတိသျှရေတပ်အလံကိုချပြီး ဗမာပြည်အပျော်တမ်း အရန်တော်ဝင်ရေတပ်မတော်အလံကို လွှင့်ထူခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်ခံရယူခြင်းသည် မြန်မာ့တပ်မတော်ကို တည်ထောင်ရာတွင် ဗိုလ်ချုပ်ကိုယ်တိုင်ပါဝင်မှုနှင့် ရေတပ်ဖွဲ့စည်းမှုသမိုင်းတစ်စိတ်တစ်ပိုင်းအဖြစ် တိတိကျကျမှတ်တမ်းတင်နိုင်ခဲ့ပါသည်။
မေယုစစ်သင်္ဘောကြီး၏ ကုန်းပတ်တွင်ပြုလုပ်သည့် ယင်းအခမ်းအနားကို အစိုးရအဖွဲ့ဝင်များ၊ စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံကို မဟာမိတ်များ ပြန်လည်ထိုးစစ်ဆင်ချိန် ဖက်ဆစ်တော်လှန်ရေးကာလ ရခိုင်တိုက်ပွဲစဉ်များတွင် မြန်မာ့တပ်မတော်(ရေ) တပ်ဖွဲ့ဝင်များက မေယုမြစ်အတွင်း ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့သည်ကို မမေ့နိုင်သည့်အတွက် ဂုဏ်ပြုသောအားဖြင့် HMS Fal မှနေ၍ အမည်နာမထင်ရှားစေရန် စစ်ရေယာဉ် မေယုဟု အမည်ပြောင်းလဲခဲ့ပါသည်။ ပထမဆုံးစစ်ရေယာဉ်မှူးမှာ မေယုတိုက်ပွဲစဉ်များတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သော ဗိုလ်မှူးခင်မောင်ဘိုဖြစ်ပြီး ဗိုလ်ကြီး စည်သူကျော်သိန်းလွင်ကလည်း တာဝန်ရှိအရာရှိအဖြစ် လိုက်ပါခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် HMS Birmingham နှင့်အတူ သေနတ် ၂၅ ချက်ပစ်ဖောက်၍ အလေးပြုခြင်း၌လည်း ပါဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မေယုစစ်သင်္ဘောကို မြန်မာ့တပ်မတော်(ရေ)သို့ အပြီးအပိုင်လက်ဆောင်အဖြစ်ပေးခဲ့ရာ HMBS Mayu မှ Union of Burma`s Ship- UBS Mayu ဟု တရားဝင်အမည်ပြောင်း မှတ်ပုံတင်ခဲ့ပါသည်။ UBS Mayu သည် ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးရပြီးနောက်ပိုင်း ရှုပ်ထွေးလှသော နှစ်များအတွင်း အင်းစိန်၊ ပုသိမ်၊ ကျောက်ဖြူ၊ မော်လမြိုင်၊ သန်လျင်-ကျိုက်ခေါက် စသည့် တိုက်ပွဲအမျိုးမျိုးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အမိနိုင်ငံတော်အတွက် မြန်မာ့တပ်မတော် (ရေ)နှင့်အတူ စစ်ရေယာဉ်မေယုသည် ကြီးလေးသောတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။
နောင်တွင် မြန်မာ့တပ်မတော်(ရေ)၏ အထင်ကရ အလံဆောင်အဓိကစစ်ရေယာဉ် (FLAGSHIP) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သင်္ဘောပေါ်တွင် ရေကြောင်းဆိုင်ရာပညာ၊ စစ်လက်နက်ဆိုင်ရာပညာ၊ စက်မှုဆိုင်ရာသင်တန်းများလည်း ဖွင့်လှစ်ခဲ့ပါသည်။
နောက်ဆုံးတွင် မေယုစစ်သင်္ဘောကြီးသည် စစ်ဆင်ရေးတာဝန်၊ လေ့ကျင့်မှုနှင့် နိုင်ငံတကာချစ်ကြည်ရေးခရီးများအတွက် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၇၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် တပ်တော်ဝင်အဖြစ်မှ အနားယူခဲ့ပါသည်။ ယနေ့အထိ သမိုင်းဝင်စစ်ရေယာဉ်မေယုသည် မြန်မာ့တပ်မတော်သမိုင်းထဲမှ အထင်ကရသင်္ဘောတစ်စင်းအဖြစ် ဂုဏ်ယူဖွယ်ရှိနေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်ခံယူပြီး မြန်မာ့တပ်မတော်(ရေ)သမိုင်း၏ ပထမဆုံးစစ်သင်္ဘောအဖြစ် မွေးဖွားလာခဲ့သည့် မေယုစစ်သင်္ဘောကြီးသည် သက်တမ်းရှည်သမိုင်းဝင် စစ်သင်္ဘောကြီးတစ်စင်းအဖြစ် ရပ်တည်လျက်ရှိပါသည်။
ယနေ့အခါတွင် တာဝန်မှအနားယူထားသည့် စစ်ရေယာဉ်မေယုသည် မြန်မာ့လွတ်လပ်ရေးရယူရန်အတွက် သမိုင်းကြောင်းထဲမှ တန်ဖိုးရှိသည့် မြန်မာ့သမိုင်းကဏ္ဍတစ်ခုအနေဖြင့် နောင်မျိုးဆက်သစ်များ မိမိတိုင်းပြည်၏ သမိုင်းကြောင်း၊ လွတ်လပ်ရေးရယူရန်ကာလများတွင် ဘယ်လိုစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်၊ ဘယ်လိုပေးဆပ်မှုများရှိခဲ့သည်ဆိုသည်ကို စသဖြင့် သိရှိလေ့လာနိုင်ရန် အရေးပါသော အမွေအနှစ်တစ်ခုအဖြစ် သန်လျင်တပ်နယ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်တွင် မူလပုံစံအတိုင်း ပြတိုက်ရေယာဉ်အဖြစ် ထိန်းသိမ်းခင်းကျင်းပြသထားပါသည်။ စစ်ရေယာဉ်မေယုသည် သက်မဲ့ရေယာဉ်တစ်စင်းဖြစ်သော်လည်း သမိုင်းတန်ဖိုးကြီးသည့် အမွေအနှစ်တစ်ခုအဖြစ် နောင်မျိုးဆက်များအား လွတ်လပ်ရေး၏အရေးပါမှုနှင့် တန်ဖိုးကို ပြောပြပေးနေသကဲ့သို့ပင်ဖြစ်ပါတော့ သည်။ ။
ကိုးကား-
Wikipedia contributors. (2025, May 10). UBS Mayu. Wikipedia. https://en.wikipedia.org/wiki/UBS_Mayu
Wikipedia contributors. (2024, June 25). River-class frigate (Royal Navy). Wikipedia. https://en.wikipedia.org/wiki/River-class_frigate
Wikipedia contributors. (n.d.). HMS Belfast. Wikipedia. Retrieved July 13, 2025, from https://en.wikipedia.org/wiki/HMS_Belfast
British Heritage. (n.d.). Historic ships and museum vessels. Retrieved July 13, 2025, from https://britishheritage.com
