Skip to main content

ယနေ့ခေတ် ခြိမ်းခြောက်မှုများကို သိပ္ပံနည်းကျ ကျော်လွှားခြင်း

သဲဟန်(ဘန်ကောက်)

မဟာဗောဓိရုပ်သံမှာ တရားမိုးတွေ ဘယ်လိုပဲရွာနေပါစေ၊ အိမ်တွေမှာ အိမ်ထောင်ရေးဖောက်ပြန် တဲ့ဇာတ်လမ်းတွဲ၊ လက်စားချေမှုတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ ဇာတ်လမ်းတွဲတွေပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မက်မက်မောမော ရွေးချယ် ကြည့်ရှုလေ့ရှိကြတာ သတိထားမိပါတယ်။

ဗြဟ္မစိုရ်တရားဆိုတာ ဗြဟ္မာတွေပဲကျင့်ရမယ့် အကျင့်၊ တို့နဲ့မဆိုင်ဘူးဆိုပြီး လွဲမှားစွာ မှတ်ယူနေ သူတွေ၊ မေတ္တာပို့တယ်ဆိုတာလည်း ကြားရဖန်များလွန်းလို့ ရိုးအီ၊ စိတ်မလှုပ်ရှားစေဘူး၊ ရင်ထဲမထိဘူး ဆိုကြသူတွေရှိတယ်။ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဖိစီးမှုတွေများရတဲ့အထဲ ဘာလဲ၊ တရားထိုင်ဖို့ လာမပြောနဲ့၊ မကြားချင်ဘူးလို့ ဆိုပြန်သေးတယ်။

ပြောင်းလဲခြင်း ယန္တရား

ဒီက‌နေ့ခေတ် ခြိမ်းခြောက်မှုတွေကို ပြောင်းလဲခြင်း နိယာမတရားနဲ့ ဘယ်လိုတွန်းလှန်ကြမှာလဲ။ ဘဝဆိုတာ ရိုးရိုးရှင်းရှင်းလေးပါ၊ တကယ်တမ်းလျှောက်လှမ်းဖို့တော့ မလွယ်လှဘူး။ ဒုက္ခတွေက မိမိမရွေးချယ်ဘဲ ရောက်လာတာပါ။

တကယ်ပြောင်းလဲပစ်ရမယ့် ယန္တရားကတော့ မိမိကိုယ်မိမိ ကရုဏာမျက်လုံးနဲ့မြင်အောင် အရင်ကြည့်ပါ။ ပြီးရင်တစ်ပါးသူတွေကို ကရုဏာမျက်လုံးနဲ့ ကြည့်တတ်ပါစေ။ ကရုဏာ မျက်လုံးသစ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားကို တန်ဖိုး မထားတတ်ကြတဲ့သူတွေကို ဆေးသိပ္ပံက မိမိစိတ်ကို နေ့စဉ်ခြိမ်းခြောက်နေမှုတွေ ပယ်သတ်နိုင်တဲ့ ပြောင်းလဲခြင်းယန္တရားလို့ သုတေသနနဲ့ အတည်ပြုလိုက်ပါပြီ။

မိမိကိုယ်ကို ကရုဏာထားဖို့၊ သူတစ်ပါးကို ကရုဏာထားဖို့၊ ကိုယ်ချင်းစာတတ်ဖို့ ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲနေကြပါလိမ့်။ Standford တက္ကသိုလ်မှ စိတ်ပညာရှင်ကြီး Paul Gilbert က ကမ္ဘာကြီးမှာ အ‌ခြေခံအကျဆုံးသော လိုအပ်ချက်ဟာ “ကရုဏာ” လို့ဆိုပါတယ်။ ကရုဏာ တရားရှုမှတ်နည်းကို Evolutionary Psychology of compassion ဆိုပြီး ခေတ်သစ်စိတ်ပညာကို တိုးတက်ပြောင်းလဲစေတဲ့၊ ကရုဏာကို အဓိကရှုမှတ်ပွားများစေတဲ့ ကုထုံး CFT လို့ အတိုကောက် ခေါ်တဲ့ Compassionate Focused Therapy ကုထုံးသစ်ရဲ့ ဖခင်ကြီးလို့ခေါ်ရမယ့် ပါမောက္ခကြီးအဖြစ် အလွန်ကျေးဇူးများလှပါတယ်။

အလားတူပဲ ၂၀၂၅ ခုနှစ် ဇူလိုင်လက ကွယ်လွန်သွားရှာတဲ့ James Doty ဆိုတဲ့ ဦးနှောက်အာရုံကြော ခွဲစိတ်ပညာရှင်ကြီးက ကရုဏာကုထုံး CCARE ဆိုတဲ့ ကရုဏာနဲ့ မုဒိတာသုတေသနဌာနကို Standford တက္ကသိုလ်၌ ထူထောင်ခဲ့ရာမှာလည်းပါမောက္ခ Dr. Paul Gilbert က တွဲဖက်တာဝန်ယူ ပို့ချသင်ကြားပြီး ကရုဏာဆေးသိပ္ပံနည်းနဲ့ လူနာတွေကို ဆေးကုသ‌ပေးပါတယ်။ ဒီပါမောက္ခကြီးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုရင် ကရုဏာဆိုတာ တိုးတက်ပြောင်းလဲခြင်းယန္တရားလို့ ဆိုပါတယ်။

ကရုဏာကို စိတ်ပညာနဲ့ ဦးနှောက်အာရုံကြော ဆေးသိပ္ပံမှာ ကုထုံးတစ်ခုအနေနဲ့ ဆေးကုသမှုကို ထဲထဲဝင်ဝင် လက်ခံနေကြပြီဖြစ်ပါတယ်။ Evolutionary Psychology of Compassion in Medical Science ရယ်လို့ ကရုဏာကုထုံးကို တွင်တွင်ကျယ်ကျယ်သုံးပြီး ဆေးကုသလို့ ကရုဏာ၊ မုဒိတာ တရားရှုမှတ်နည်းသင်တန်း၊ ကရုဏာဗဟိုဌာနမှာ လေ့ကျင့်သင်ကြား ကုသနေတာပါ။

ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်မှာ ဒုက္ခသစ္စာဆိုတဲ့ ကိလေသာရောဂါကို မဂ္ဂင်ရှစ်ပါးဆေးနဲ့ ကုသနည်းကို ဒီအနောက်တိုင်းစိတ်ပညာရှင်၊ ဦးနှောက်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးတွေက ကိုယ်တိုင်လေ့ကျင့်သင်ယူပြီးမှ ဆေးသိပ္ပံကုထုံးအဖြစ် အတည်ပြုခဲ့ကြတာပါ။ CFT ကုထုံးဟာ ဗြဟ္မစိုရ်တရားနဲ့ တစ်သားတည်းဖြစ်ပါတယ်။

လူအများစုရဲ့ ဦးနှောက်မှာ စိတ်ဆိုးတာ၊ မကျေ နပ်တာ၊ ‌ဒေါသထွက်တာဆိုတဲ့ အကုသိုလ်ယန္တရား ကြီး အမြဲရှိနေတတ်ပါတယ်။ ခက်တာက ကိုယ်ချင်း စာတရား လောကကြီးမှာ ပျောက်ဆုံးနေတာပဲ။ မင်းမှာ ကင်ဆာရောဂါဖြစ်နေသလို ငါ့သား၊ ငါ့သမီးမှာ ဖြစ်ခဲ့ရင်၊ မင်းမိုင်းနင်းမိလို့ ခြေပြတ်လက်ပြတ် ဖြစ်သလို ငါ့မှာ၊ ငါ့သားသမီးမှာဖြစ်ခဲ့ရင် မင်းအိမ်၊ မင်းရွာမီးရှို့ခံရသလို ငါ့မှာဖြစ်ခဲ့ရင်၊ အပြစ်မဲ့ကလေး တွေ မိဘမဲ့ဖြစ်ရသလို ငါများဖြစ်ခဲ့ရင် ငါဘာလုပ်မလဲ။ ဘယ်လိုကူညီပေးရမလဲဆိုတဲ့ အတွေးမျိုးများ တစ်ကြိမ်လောက်ပေါ်ဖူးပါရဲ့လား။

မမြင်နိုင်တဲ့ ကံဆိုးမိုးမှောင်တွေ၊ လူမှုဒုက္ခတွေ ငါ့ကျမှ ဒီလိုဖြစ်ရလေတယ်ဆိုပြီး ကိုယ့်ကံကြမ္မာကို ဒေါသထွက်ခြင်း၊ တချို့ဆို မိမိအသက်တောင် အဆုံးစီရင်တဲ့အထိ မောဟတွေ ဖုံးလွှမ်းနေကြတယ်။ မိမိကျမှ ဒီလိုဖြစ်ရသလားဆိုတဲ့ တစ်ဖက်ပိတ်အတွေးကနေ “လူအများ၊ လူတိုင်းလည်း ဒုက္ခကိုယ်စီနဲ့ပါလား”လို့ ရှုထောင့်အသစ်ကနေ မြင်တတ်အောင် လေ့ကျင့်နည်းတွေ ဗုဒ္ဓက ညွှန်ပြထားပြီးသားပါ။ အနောက်တိုင်းဆေးပညာရှင်တွေကလည်း ဗုဒ္ဓညွှန်ပြတဲ့တရားတွေ လေ့ကျင့်ပြီး ကုထုံးသစ်တွေအဖြစ် တရားရှုမှတ်ခြင်း ဆေးသိပ္ပံလို့ စိတ်ချောက်ချားအောင် ခြိမ်းခြောက်မှုတွေကို သိပ္ပံနည်းကျ ကျော်လွှားနိုင်ခဲ့ပါပြီ။

ပညာရှိနှလုံးသားဖြင့် ရှင်သန်ခြင်း

CFT ခေါ်တဲ့ ကရုဏာတရားရှုမှတ်အာရုံစူးစိုက် ကုနည်းမှာ ကရုဏာတရားမှတ်နည်းသင်ပေးပါတယ်။ မိမိကိုယ်မိမိ အဆိုးမြင်၊ သူတစ်ပါးကို အဆိုးမြင်နေတဲ့ တခြားကုထုံးတွေနဲ့ ကုလို့မအောင်မြင်တဲ့ လူနာတွေကို ကု‌ပေးတာပါ။ စိတ်ဒုက္ခ၊ စိတ်ခံစားမှုပြဿနာမျိုးစုံ ခံစားနေရသူတွေကို မိမိကိုယ်မိမိ ကူညီနိုင်တဲ့အတွေး၊ မကူညီနိုင်တဲ့အတွေးရယ်လို့ရှိကြောင်း၊ မိမိစိတ်သက်သာရာရစေမယ့် အတွေးမျိုး ကို ရှာဖွေတတ်ဖို့ စိတ်လေ့ကျင့်ခန်းပါ။ မကောင်း မြင်တဲ့ တစ်ဖက်သတ်အမြင်ကိုပြောင်းဖို့ လေ့ကျင့်တာပါ။ ဘာကို နားလည်ရမလဲဆိုရင်တော့ ဒီစိတ် ဒုက္ခတွေက ငါလုပ်တာမဟုတ်ဘူး၊ ငါဖြစ်ချင်တဲ့အရာလည်းမဟုတ်ဘူး၊ ငါ့စိတ်က ဘာလို့ ဒီစိတ် ဆင်းရဲစရာကိုပဲ တွေးနေရသလဲ၊ Self- Compassion ခေါ်တဲ့ မိမိကိုယ်မိမိကရုဏာစိတ်နဲ့ကြည့်ရမှာ။ ကရုဏာမျက်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်ရမှာ။ ကိုယ်စိတ်ချမ်းသာမှုရဖို့ ကိုယ်ကစရမှာ၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရမှာ၊ ကိုယ်တိုင်တည်ဆောက် ရမှာပါ။

မိမိတစ်ဦးတည်း ဖြစ်တာလည်းမဟုတ်ဘူး၊ တစ်လောကလုံးလူတိုင်းဒုက္ခကိုယ်စီရှိကြတာပဲ၊ လူသားအားလုံး ဒုက္ခရေစီးကြောင်းမှာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြတာပါလား။ လူသားအားလုံး ဒုက္ခကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ အခက်အခဲဟူသမျှ ကျော်လွှားနိုင်ကြပါစေလို့ စိတ်ကို လေ့ကျင့်ရပါမယ်။

လူတွေမှာ လှည့်စားတတ်တဲ့ ဦးနှောက်ရှိကြတယ်။ ဦးနှောက်အဟောင်းမှာ မကောင်းမြင်မှု စိတ်ဆင်းရဲစရာတွေပြည့်နေသလို ဦးနှောက်အသစ်မှာ ဆင်ခြင်တုံတရားတွေ ပြန်လည်သုံးသပ် တွေးခေါ်မြော်မြင်မှုတွေလည်း ရှိနေပြန်ပါတယ်။ ဦးနှောက်အသစ်ကို ဖန်တီးယူရမှာပါ။

ခုန CFT ကရုဏာကုထုံးဖခင်ကြီး Dr. Paul Gilbert ဦးနှောက်လုပ်ဆောင်လည်ပတ်မှုစနစ် ဖြစ်တဲ့ Drive System, soothing System, Threat System သီအိုရီကို Paul Gilbert သီအိုရီလို့တောင် ပြောစမှတ်ပြုကြပါတယ်။

ကရုဏာဆိုတာ ဟန်ဆောင်ထားတဲ့နှလုံးသား မှာ မရှိနိုင်ပါဘူးလို့ CFT ဖခင်ကြီး Paul Gilbert က ပြောပါတယ်။ သူက ကရုဏာဆိုတာ မိမိနဲ့သူတစ်ပါးမှာရှိတဲ့ ဒုက္ခဆင်းရဲတွေကိုကြည့်ပြီး ကိုယ်ချင်းစာနာစိတ်နဲ့ ကာကွယ်ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိကိုခေါ်တာလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ကရုဏာဆိုတာ မိမိနဲ့သူတစ်ပါးကို ခြိမ်းခြောက်‌နေတဲ့ ကြောက်ရွံ့မှု၊ စိတ်ပူလောင်မှု၊ စိတ်ပင်ပန်းမှု၊ စိတ်ဖိအားကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိ ဆိုတာ၊ ဒါတွေကို ကရုဏာစိတ်နဲ့ကြည့်ပေး၊ ကိုယ်ချင်းစာနာတတ်အောင် လေ့ကျင့်ပေးတဲ့ ကုထုံးသာဖြစ်တယ်။

စိတ်ခံစားမှုဆိုင်ရာ ဦးနှောက်လုပ်ဆောင် လည်ပတ်တဲ့ စနစ်သုံးခုမှာ Threat System က ကျုံ့လာပြီး ကရုဏာအပြည့်ရှိတဲ့ အစိတ်အပိုင်းက ဖွံ့ဖြိုးကြီးထွားလာစေတာကြောင့် အကောင်းမြင်တတ်တဲ့ ဟော်မုန်းအကောင်းတွေ ပြည့်လာထွက်လာပါတယ်။ သူဟာ အကောင်းမြင်ဝါဒီသမား ဖြစ်လာစေပါတယ်။ မှန်မှန်ကန်ကန်တွေးတတ်၊ မြင်တတ်၊ သုံးသပ်တဲ့စိတ်၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်တဲ့စွမ်းရည် ပြည့်လာတာကြောင့် လူတစ်ဦးချင်းမှသည် တစ်နိုင်ငံလုံးအထိ စိတ်ခွန်အားကောင်းမွန်လာပြီး နှလုံးသားကောင်းဖြစ်လာကြမှာ ကျိန်းသေမလွဲပါ။ ဒါဟာ သစ္စာလေးပါးမှာ ဒုက္ခသစ္စာကို ဖယ်ရှားနည်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ရှစ်ပါးလုံးခြုံငုံမိတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

စာရေးသူတို့ရဲ့ အောက်စဖို့ဒ် ကမ္ဘာ့သာသနာပြု ဆရာတော်က တပည့်စာသင်သားတွေကို ကရုဏာ ကမ္မဋ္ဌာန်း၊ မုဒိတာ ကမ္မဋ္ဌာန်း အမြဲတမ်းလေ့ကျင့် အားထုတ်စေပါတယ်။ ပထမဆုံး မိမိခက်ခဲ ရုန်းကန်ခဲ့ရတဲ့ ဒုက္ခတွေကို ကရုဏာမျက်လုံး၊ ကရုဏာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အရင်ကရုဏာ ပွားခိုင်းပါတယ်။ ပြီးမှ မိမိသိကျွမ်းခင်မင်ရင်းနှီးသူ မိဘ၊ မောင်နှမ၊ သားသမီးတွေရဲ့ ဒုက္ခတွေကို ကရုဏာပွားစေပါတယ်။ နောက်တစ်ဆင့်ကျမှ မိမိ မသိတဲ့သူစိမ်းတွေရဲ့ ဒုက္ခကို စာနာစိတ်၊ ကရုဏာ မျက်လုံးနဲ့ကြည့်ခိုင်းပြီး ကရုဏာပွားကြရပါတယ်။

မုဒိတာကမ္မဋ္ဌာန်းကိုလည်း အလားတူ အဆင့် သုံးဆင့် ပွားခိုင်းပါတယ်။ ပထမဆုံး မိမိကိုယ်မိမိ ဂုဏ်ယူစရာ၊ ဝမ်းမြောက်ဖွယ်ရာတစ်ခုခုကို မုဒိတာ ပွားစေပါတယ်။ ဒီကနေ့ထိ လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပြုစုဖေးမခဲ့တဲ့ မိဘတွေ၊ မောင်နှမတွေ၊ မိတ်ဆွေ ဆရာသမားတွေရဲ့ အောင်မြင်မှု၊ ကြိုးပမ်းမှုတွေကို ဝမ်းမြောက်သော မုဒိတာစိတ် ပွားစေပါတယ်။ နောက်တစ်ဆင့် သူစိမ်းကိုဖြစ်ပါ တယ်။ ဥပမာ - ဆောက်လုပ်ရေးအလုပ်သမားတွေ၊ မိုးထဲ၊ လေထဲ မြင့်မားတဲ့အဆောက်အအုံကြီးတွေ၊ လမ်းတွေ၊ တံတားတွေ သူတို့ ချွေးနဲ့လုပ်အားနဲ့ ကြိုးပမ်းခဲ့လို့ ဒီလိုတောင်ကမ်းပါးတွေကို ထွင်းထုလမ်းဖောက်ပေးခဲ့ကြလို့ ဒီလိုစိတ်ချမ်းချမ်းသာသာ သွားလာနိုင်တာရယ်လို့ တွေးပြီးဝမ်းမြောက်ကြပါ။

ဒီလို ကရုဏာပွား၊ မုဒိတာပွားနေတဲ့အချိန် ကြာလာလေ ဦးနှောက်က အကောင်းမြင်ဟော်မုန်းတွေ များများထွက်လေ၊ ဦးနှောက်နှလုံးသွေး စီးဆင်း လည်ပတ်မှုကောင်းပြီး ကျန်းမာရေးပိုကောင်းတာ၊ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာတာ ပညာရှိကြီးတွေက ကိန်းဂဏန်းနဲ့ သက်သေပြခဲ့ကြပါပြီ။

ညမအိပ်ခင် ၁၅ မိနစ်လောက်ပဲ ကရုဏာ၊ မုဒိတာ ပွားပေးခြင်းဖြင့် ရှစ်ပတ်လောက်အကြာမှာ ဦးနှောက်ကို Functional MRI ရိုက်တော့ သိသာထင်ရှားတဲ့ ဓာတ်ခွဲခန်းအတည်ပြုချက်တွေ တွေ့ရှိခဲ့ကြတာကို တက္ကသိုလ်တော်တော်များများရဲ့ သုတေသနဓာတ်ခွဲခန်းတွေက သက်သေထူလို့ နေပါပြီ။         

ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုခုကို အာရုံစူးစိုက်လိုက်ခြင်းဟာ Motivation ရဲ့ စေ့ဆော်လှုံ့ဆော်မှု ကြောင့် ဦးနှောက်ရဲ့ Drive System အလွန်အား ကောင်းနေပါတယ်၊ ပျော်ရွှင်အားတက်နေပါတယ်။ ဒါပေမဲ့ ဒီပျော်ရွှင်မှုဟာ တစ်ခဏတာပဲ၊ ပြီးရင် ပျောက်သွားတာပဲ၊ စိတ်ဆိုးဒေါသဖြစ်လာတော့ Threat System က ပိုအားကြီးသွားပြန်ပါရော။

ဥပမာ - ကြောင်လေးတစ်ကောင်ကို ကြည့်ရအောင်ပါ။ သူဗိုက်ဆာနေတဲ့အချိန် ကြွက်ကိုတွေ့ရင် ဒီကြွက်ကို အမိအရဖမ်းစားဖို့ အားစိုက်နေမှာလေ။ အားစိုက်လေ Drive System က အားကောင်းလေပဲ ဖြစ်ပါတယ်။ စားပြီးဗိုက်တင်းသွားတော့ အေးအေး ဆေးဆေးပဲ ဆိုဖာပေါ်၊ သမံတလင်းပေါ် အေးအေးလူလူ အိပ်ချင်အိပ်မယ်။ အိမ်သားတစ်ဦး ဦးရဲ့ပေါင်ပေါ်တက်ပြီး ပွတ်သပ်ယုယမှုခံချင်ခံမယ်၊ ဒါဟာ ဦးနှောက် Soothing System ပါပဲ။ ရုတ်တရက် ခွေးဟောင်သံကြားတော့လန့်ပြီး ခွေးကိုပြန်ကုတ်ခြစ်ဖို့ တခွီးခွီးမာန်ဖီပြီး ပြန်တိုက်ဖို့ ကြိုးစားမယ်၊ နိုင်မလား၊ မဟုတ်ရင် လွတ်ရာ သစ်ပင်ပေါ်၊ အိမ်ခေါင်မိုးပေါ် ပြေးတက်မလားဆိုတဲ့ Fight သို့မဟုတ် Flight စဉ်းစားလှုပ်ရှားနေရတော့ ဦးနှောက် Threat System က ပိုအားကောင်းသွားပြန် ပါတော့တယ်။

ကရုဏာမျက်လုံးသစ်၊ အဆိပ်ကင်းဦးနှောက်

စာရေးသူတို့အားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်နည်းကို မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ နေထိုင်ခြင်းဖြင့်သာ ရနိုင်မှာဖြစ်ပါတယ်။

ဘူတန်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ရင်ဖြင့် နိုင်ငံတော်ရဲ့ ပျော်ရွှင်မှုကိန်းအညွှန်း National Happiness Index (NHI) ဟာ ၂၀၂၂ ခုနှစ်မှာ လူဦး ရေအားလုံးရဲ့ ၇၇ ဒသမ ၆ ရာခိုင်နှုန်းရှိတာ တွေ့ရ ပါတယ်။ ဒီ NHI ကို ၁၉၇၂ ခုနှစ်က ဘူတန်ဘုရင် လက်ထက်မှာ နိုင်ငံသားတွေရဲ့ သာယာဝပြောမှု၊ ကျန်းမာရေး၊ ပညာ‌ရေးကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးဆိုတဲ့ ကိန်းအညွှန်း ၃၃ ချက်ကို အခြေခံပြီး သေချာစီမံကိန်းချ အကောင်အထည်ဖော်ခဲ့တာကို နမူနာယူသင့်ပါတယ်။

နိုင်ငံသားတိုင်းပျော်ရွှင်ဖို့ အဓိကဦးစား‌ပေး စီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့၊ ဗုဒ္ဓရဲ့ ဗြဟ္မစိုရ်တရားကို ကလေးငယ်ကတည်းက ကျောင်းတိုင်း မကျင့်မနေရ အခြေခံကျကျ လေ့ကျင့် ပျိုးထောင်ဖို့ စီမံကိန်းလိုအပ်နေပါပြီ။ အနောက်တိုင်း ပညာရှင်တွေ အောင်မြင်တဲ့ဆေးသိပ္ပံ ကရုဏာ ကုထုံး Compassionate Focused Therapy (CFT)ဟာ ဗုဒ္ဓရဲ့ဗြဟ္မစိုရ်တရားကို ဆရာဝန်ကြီးတွေ ကိုယ်တိုင် လက်တွေ့လေ့ကျင့်ပြီးမှ ဓာတ်ခွဲခန်းမှာ အတည်ပြုခဲ့တဲ့ ဆေးသိပ္ပံကရုဏာပါ။

ဝေးဝေးသွားရှာနေစရာမလိုပါဘူး။ ဝိသုဒ္ဓိမဂ်၊ အဋ္ဌကထာ မြန်မာပြန် အခန်း ၉ မှာ ဂဃနဏ ဖော်ပြ ထားပါတယ်။ ဒီကနေ့ မြန်မာမှာ၊ ကမ္ဘာမှာဖြစ်ပွား နေတဲ့ ခြိမ်းခြောက်မှု၊ အနိဋ္ဌာရုံတွေကို ကရုဏာ၊ မုဒိတာနဲ့ ကျော်လွှားနိုင်ဖို့ ဝရဇိန်လက်နက်တွေဟာ မိမိလက်ထဲမှာပဲရှိပါတယ်။ မိမိတို့ လက်တစ်ကမ်း မှာပဲရှိပါတယ်။ ကရုဏာထား ကိုယ်ချင်းစာနာ စိတ်ကို လေ့ကျင့်ပေးရင် Soothing System က အေးငြိမ်းမှုရပြီး ကြောက်ရွံ့ထိတ်လန့် ခြိမ်းခြောက် ခြင်းဆိုတဲ့ ဦးနှောက် Threat System က ကျုံ့သွား တာ ဆေးသိပ္ပံက အတည်ပြုထားနိုင်ပြီဖြစ်လို့ ဒီဗြဟ္မစိုရ်တရား ခန်းခြောက်မှုကို ပြန်အသက် သွင်းဖို့ ၊ နိုင်ငံတော်အဆင့် စီမံကိန်းချဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။

ကျောင်းတိုင်း၊ အလုပ်ခွင်တိုင်း၊ မွမ်းမံသင်တန်းတိုင်းမှာ စီမံကိန်းချပြီး နှိုးဆော်လေ့ကျင့်‌ပေးနိုင်ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျော်ရွှင်တဲ့နှလုံးသား၊ ပညာရှိနှလုံးသား၊ အဆိပ်ကင်းတဲ့ဦးနှောက်နဲ့ နေ့စဉ်ဘဝဖြတ်သန်းနိုင်မှာဖြစ်လို့ ဘူတန်နိုင်ငံလို Gross National Happiness နိုင်ငံတော်အဆင့် ပျော်ရွှင်မှုကိန်းအညွှန်းမရှိသည့်တိုင်အောင် အဆိပ်ကင်းတဲ့၊ ဦးနှောက်ဟန်ဆောင်မှုကင်းတဲ့နှလုံးသား ကရုဏာမျက်လုံးတွေနဲ့ နိုင်ငံမှာ တစ်ဦးတစ်ယောက်စီတိုင်း ဗုဒ္ဓနည်းနဲ့ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နိုင် ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ယနေ့ မြန်မာနဲ့ ကမ္ဘာမှာ ခြိမ်းခြောက်မှုတွေကို မိမိနဲ့ သူတစ်ပါးမှာ ကိုယ်ချင်းစာနာစိတ်နဲ့ ကျော်လွှားအနိုင်ယူနိုင်မှာ မလွဲပါ။

အချုပ်အားဖြင့် မိမိကိုယ်မိမိက ကရုဏာစိတ်မွေးပါ၊ ပြီးလျှင် တစ်ပါးသူကို ကရုဏာစိတ်မွေးပါ။ ကရုဏာမျက်လုံးသစ်များဖြင့် ကြည့်မြင်တတ်ကြပါစေ၊ ပညာရှိနှလုံးသားဖြင့် နိုင်ငံကို ပြန်လည်တည်ဆောက်ကြပါစို့။ ။