Skip to main content

ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်လိုအပ်

ဇာနည်ဘွား

၁၂ ဖေဖော်ဝါရီ ၂၀၂၆။ ယခုနှစ်ပြည်ထောင်စုနေ့က (၇၉)နှစ်မြောက်ဖြစ်သည်။ ပြည်ထောင်စုနေ့နှင့်ဆက်စပ်သည့် ငယ်စဉ်ဘဝက မြင်ကွင်းပုံရိပ်များက စိတ်နှလုံးမှာ တဖျတ်ဖျတ်ထင်ဟပ်လာသည်။

“ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်းတို့တစ်တွေ ... ပြည်ထောင်စုဖွား တိုင်းရင်းသားမို့ ညီအစ်ကိုမောင်နှမပေ ... သွေးစည်းကသာလေ ... ညီညွတ်ချစ်ကြည်နေ ... အေးအတူ ပူအမျှ ... အတူ တကွမူအရ ခံစားကြမယ်လေ... လာလာလေ ... လာကြပြီလေ ... ရေမြေတောအနှံ့က တို့ဆွေသဟာတွေ ... ရပ်ဝေးကဆွေ ရပ်နီးကဆွေ စုပေါင်းညီညာပေ” ပြည်ထောင်စုနေ့ နီးလေတိုင်း အမြဲတစေ ကြားနေရသည့် “တို့ပြည်ထောင်စုသား” တေးသွားကို အမှတ်ရမိသည်နှင့်အမျှ ယခုပင်နှုတ်ကတဖွဖွ ရွတ်ဆိုညည်းမိလေ၏။

ထို့အတူ “တို့ပြည်ထောင်စုအလံတော်သည် တလူလူလွင့်လို့ချီလာပြီ”ဟူသည့် တေးသီချင်းနှင့်အတူ ရန်ကုန်မြို့တွင် တစ်နှစ်တာရပ်နားခဲ့သော ပြည်ထောင်စုအလံတော်သည် ပြည်နယ်နှင့် တိုင်းများသို့ လှည့်လည်ခဲ့သည့် မြင်ကွင်းပုံရိပ်များကလည်း မိမိတို့မျိုးဆက်များအတွက် ယနေ့တိုင် မမေ့နိုင်ပါပေ။

နှစ်သစ်၏ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလရောက်ပြီဆိုလျှင် ထိုခေတ်ထိုအခါက နိုင်ငံပိုင်သတင်းစာများတွင် ပြည်နယ်နှင့် တိုင်းဘောလုံးပြိုင်ပွဲမှာ ပြည်ထောင်စုအလံတော် ခရီးလှည့်လည်သည့် သတင်းဓာတ်ပုံများကသာ ဝေဝေဆာဆာနေရာယူလျက်ရှိပေသည်။

မိမိတို့ငယ်ဘဝတွင် အမှတ်တရနှင့်အပျော်ရွှင် ဆုံးပွဲတော်များကို ဖော်ညွှန်းပြပါဆိုလျှင် မြန်မာ့ ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် ပြည်ထောင်စုနေ့ပွဲတော်ဟူ၍သာဆိုရပါမည်။ ပြည်ထောင်စုအလံတော်သည် ပြည်နယ်နှင့်တိုင်းများသို့ လှည့်လည် အပြီးတွင် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပမည့် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းသို့ ပြန်လည်ဆိုက်ရောက်လာလေ့ရှိရာ ပွဲတော်ကာလအတွင်း ဂီတ၊ ရုပ်ရှင်၊ ဇာတ်သဘင်ဖျော်ဖြေပွဲများ၊ ပြည်နယ်နှင့် တိုင်း၊ ဝန်ကြီးဌာနအလိုက် ပြခန်းများ၊ မုန့်ဈေးတန်းများဖြင့် ညစဉ်ညတိုင်းပရိသတ်များ တိုးမပေါက်အောင် စည်ကားခဲ့ပါသည်။ ပြည်ထောင်စုပွဲတော်နှင့် မိမိတို့ငယ်ဘဝက ခွဲခြား၍ မရစကောင်းပေ။

နိုင်ငံ့ခေါင်းဆောင် အဆက်ဆက်သည် ပြည်ထောင်စုနေ့ကို အဘယ်ကြောင့် မပျက်မကွက် အလေးအနက်ထား၍ ကျင်းပခဲ့ကြရပါသနည်း။

တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် ထာဝရစည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိစေရန်နှင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်သန်၍ မပျက်မကွက်အလေးအနက်ထား၍ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုရပေမည်။

တစ်နည်းအားဖြင့် ပြည်ထောင်စုအလံတော်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သလို ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်လာစေရန် မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်အကြား လက်ဆင့်ကမ်း အမွေပေးဝေလို၍ဖြစ်လေသည်။

ငယ်စဉ်ကမူ ဤသို့ အလေးအနက်တွေးတော စဉ်းစားခဲ့ခြင်းမရှိခဲ့ရိုး အမှန်ပင်။ ပြည်ထောင်စု ပွဲတော်ကျင်းပလျှင် မုန့်ဈေးတန်းတွင် မုန့်စားမည်။ ရုပ်ရှင်၊ အငြိမ့်၊ ဇာတ်သဘင်ကြည့်မည်။ ပျော်မည်ပါးမည်။ ဤမျှသာ။ ယခုအသက်အရွယ်ရလာတော့ မိသားတစ်စုတွင် မိသားစုစိတ်ဓာတ်၊ နိုင်ငံတစ်နိုင်ငံတွင် ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ကား အသက်ဝိညာဉ်တစ်ခုပမာ အရေးပါမှန်း သိလာခဲ့ရသည်။ မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့်လည်း မိမိတို့ကဲ့သို့ အသက်အရွယ်ရ လာမှ၊ ခေတ်အမျိုးမျိုးကို ဖြတ်သန်းကျော်ဖြတ်လာပါမှ၊ အတွေ့အကြုံရင့်ကျက်လာပါမှ ပိုမိုသိရှိနားလည် သဘောပေါက်လာကြပေလိမ့်မည်။ အတိတ်သမိုင်းကြောင်းများကို ပြန်ပြောင်းဆင်ခြင် လေ့လာခြင်းဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၏ အရေးပါမှုကို သိရှိနားလည်လာကြပေလိမ့်မည်။

အနီးစပ်ဆုံး သင်ခန်းစာတစ်ခုကား စစ်အေးတိုက်ပွဲအပြီးတွင် ပြိုပျက်သွားခဲ့ရသော ဆိုဗီယက် ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယားပြည်ထောင်စုတို့၏ ကျဆုံးခန်းများ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်အေးတိုက်ပွဲအတွင်း အားပြိုင်ခဲ့စဉ်ကပင် အမေရိကန် ဦးဆောင်သော နေတိုးစစ်အုပ်စုကို ထိပ်တိုက်ရင်ဆိုင်ခဲ့သော ဝါဆောစစ်အုပ်စု ခေါင်းဆောင် ဆိုဗီယက်ပြည်ထောင်စုနှင့် မာရှယ်တီးတိုး ခေါင်းဆောင်သော ယူဂိုဆလားဗီးယားပြည်ထောင်စုတို့သည် စစ်အေးတိုက်ပွဲကာလတွင် မပြိုလဲ၊ မပြိုကွဲဘဲ ပြည်ထောင်စုသားအချင်းချင်းသူတစ်လူ၊ ငါတစ်မင်းခွဲထွက်ကြရာမှ ဝါးအစည်းပြေသလို ပြည်ထောင်စုကြီး ပြိုကွဲခဲ့ကြရလေသည်။

မြတ်စွာဘုရားရှင် လက်ထက်တော်ကာလက ဝေသာလီကို သက်သေတည်၍ ဆိုရပါသော် ကောသလနှင့် မဂဓတိုင်းအင်အားကြီး နိုင်ငံကြီးများ ကြားတွင် ဂဏအုပ်ချုပ်ရေး နိုင်ငံငယ်ကလေး တစ်နိုင်ငံဖြစ်သော ဝေသာလီသည် စုပေါင်းအုပ်ချုပ်မင်းလုပ်ကြသော လိစ္ဆဝီမင်းသားတို့၏ ရေကိုသား၍ ကြားမထင်သော စည်းလုံးညီညွတ်မှု၊ ညီညာထကြွလုံ့လရှိမှုတို့ကြောင့် တံတိုင်းသုံးထပ်ရံကာပတ်ရ သည့်အထိ တိုးတက်စည်ပင်လာခဲ့သော ဝေသာလီ၊ အဆက်မပြတ် စစ်ရေးလေ့ကျင့်မှုကြောင့် နိုင်ငံကြီး များကြားတွင် စစ်အင်အားထည်ဝါခဲ့သော ဝေသာလီ၊ အိမ်နီးချင်းမဂဓတိုင်းအရှင် ဘုရင်အဇာတသတ်၏ စစ်တပ်ကြီးအပေါ် နှစ်ကြိမ်တိုင်တိုင် အသာစီးရယူနိုင်ခဲ့သော ဝေသာလီ၊ ထိုဝေသာလီပြည်သည် အဆုံးမှာတော့ အဇာတသတ်မင်း၏ညာလက်ရုံး ပြိုင်ဘက် ကင်းသော နိုင်ငံရေးသုခမိန် ဝဿကာရအမတ်ကြီး၏ ဖြားယောင်းသွေးဆောင်၊ သင်းခွဲသပ်လျှိုမှုကြောင့် လိစ္ဆဝီမင်းသားအချင်းချင်းကြား စိတ်ဝမ်းကွဲပြား ခဲ့ကြရာမှ ဝေသာလီပြည်ကြီး ပျက်စီးခဲ့ရလေသည်။

မြန်မာ့သမိုင်းတွင်လည်း မြန်မာနိုင်ငံသားတို့၏ စုစည်းညီညွတ်မှုအားမာန်ဖြင့် အနော်ရထာ မင်းခေတ်တွင် ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင် ခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်၊ အလောင်းမင်း တရားခေတ်တွင် တတိယမြန်မာနိုင်ငံတော်ကြီးကို ခမ်းနားထည်ဝါစွာ ထူထောင်နိုင်ခဲ့သော်လည်း ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက်တွင် မညီမညွတ်ဖြစ်လာခဲ့ရာမှ မြန်မာနိုင်ငံသည် နယ်ချဲ့ အင်္ဂလိပ်လက်အောက် ကျွန်သဘောက်ဘဝသို့ ကျရောက်ခဲ့ရလေသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ကြီးများ က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံမြေကို သက်သေတည်၍ တောင်တန်းနှင့် ပြည်နယ် ပြည်မမခွဲခြားဘဲ လွတ်လပ်ရေးအရယူရန် ချုပ်ဆိုခဲ့ကြသော သမိုင်းဝင်ပင်လုံစာချုပ်ကြောင့် နှစ်ပေါင်း ၁၀၀ ကျော် နယ်ချဲ့အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝမှ လွတ်မြောက်ကာ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ယနေ့တိုင် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ ခြင်းဖြစ်ပေသည်။

သို့ပါသော်လည်း ကိုလိုနီနယ်ချဲ့၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင် ပဋိပက္ခများဖြင့် ပြည်ထောင်စုကြီးမှာ ဖွံ့ဖြိုးတိုးတက်သင့်သလောက် တိုးတက်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ပြင် နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးစီးပွားရှိစေမည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးများမှာလည်း ဘေးပယောဂနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ယနေ့တိုင်နှောင့်နှေးကြန့်ကြာမှုများ ရှိနေဆဲပင်။

အမှန်စင်စစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နိုင်ငံ၏တည်နေရာနှင့် အကျယ်အဝန်း၊ လူဦးရေ၊ သဘာဝသယံဇာတအရင်းအမြစ်အားဖြင့် ဒေသတွင်းနိုင်ငံများနှင့် အဘက်ဘက်မှ ယှဉ်ပြိုင်နိုင်စွမ်းရှိပါသည်။

မြန်မာအတွက် လိုအပ်နေမှုမှာ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှု၊ စုပေါင်းကြိုးစား အားထုတ်မှုသာ ဖြစ်ပေသည်။ ငြိမ်းချမ်းရေးခရီးကလည်း အလှမ်းမဝေးလှပါ။ လာချင်လျှင် အနီးလေးဖြစ်ပါသည်။ မျက်မှောက်ကာလတွင် အတူတကွ မျှဝေခံစားခြင်းဟူသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နေသည့်ကာလဖြစ်၍ နိုင်ငံရေးအမြင်မတူမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာနိုင်ပါသည်။

ယနေ့ ကမ္ဘာ့အခင်းအကျင်းများအရ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ မဆိုထားဘိ အလယ်အလတ်နိုင်ငံ (Middle Power)များပင် စိန်ခေါ်မှုများစွာရင်ဆိုင်ကြုံတွေ့လျက်ရှိရာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ စည်းလုံးညီညွတ်သောပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ကြံ့ကြံ့ခံရပ်တည်နေကြရပါသည်။

တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံ တော်အနေဖြင့်မူ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထွန်းကားပြန့်ပွားရေးသည် ပို၍ပင် အရေးပါလျက် ရှိပေသည်။ အတိတ်သမိုင်းသင်ခန်းစာများအရသော် လည်းကောင်း၊ လက်ရှိ ကမ္ဘာ့အခင်းအကျင်းများ အရသော်လည်းကောင်း ပြည်ထောင်စုစိတ်ဓာတ်ကား ထာဝစဉ် လိုအပ်နေပါမည်။

သို့ဖြင့် “နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊

တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီး ချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖော်ဆောင်ရေး” တို့ အပါအဝင်ဖြစ်သော ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။