စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်သူ၊ အပျောက်စနစ်ဖြင့် လွှဲပြောင်းဝယ်ယူနေထိုင်သူ၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေအရ အိမ်ငှား၊ ကျူးကျော်သူ၊ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူတို့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ
ဦးကျော်ကျော်(တရားရေး)
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ (The Condominium Law) ကို
(က) မြို့ပြနှင့်ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အကူပြုစေရန်၊
(ခ) အိမ်ယာကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ၏ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်၊
(ဂ) စုပေါင်းပိုင်အဆောက်အအုံ၏ အိမ်ခန်းများကို ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ခွင့်၊ အကျိုးခံစားခွင့်နှင့် လွှဲပြောင်းခွင့်ရရှိစေရန်၊
(ဃ) အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ပြဋ္ဌာန်းထားပါသည်။ (စုပေါင်းပိုင် အဆောက်အအုံဥပဒေ ပုဒ်မ ၃)
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ပထမဦးစွာ တင်ပြလိုပါသည်။
စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကို ဆိုသည်။ (စုပေါင်းပိုင် အဆောက်အအုံဥပဒေ ပုဒ်မ ၂(က))
စုပေါင်းပိုင်ပစ္စည်းဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံနှင့် ဆက်စပ်လျက်ရှိသော အောက်ပါပစ္စည်းများပါဝင်သည်-
(၁) ဤဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေ၊
(၂) ယင်းစုပေါင်းပိုင်မြေတွင် ဆောက်လုပ်ထားသော တစ်ဦးချင်းပိုင် အိမ်ခန်းများမှအပ စုပေါင်းပိုင်သူ အားလုံးနှင့် အကျိုးသက်ဆိုင်သည့် စုပေါင်းပိုင်အဆောက်အအုံ၏ အစိတ်အပိုင်းများ၊ တပ်ဆင်ထား သော ပစ္စည်းကိရိယာများ၊
(၃) စုပေါင်းပိုင်သူများ၏အကျိုးအတွက် အသုံးပြုရန် ဆောက်လုပ်ထားသော သို့မဟုတ် စီမံထား ရှိသော အဆောက်အအုံများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများနှင့် ပစ္စည်းများ၊ ဝင်းခြံ၊ ဥယျာဉ်နှင့် သစ်ပင်ပန်းမန်များ၊ ရေပေးရေး၊ အညစ်အကြေးစွန့်ပစ်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာပစ္စည်းများ၊ စွမ်းအင်ဖြန့်ဖြူးရေးဆိုင်ရာပစ္စည်းများ၊ လမ်းတံတားနှင့် ရေမြောင်းများ၊ ဆက်သွယ်ရေးပစ္စည်းများ။ (စုပေါင်းပိုင်အဆောက်အအုံဥပဒေပုဒ်မ ၂(ခ))
စုပေါင်းပိုင်မြေဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံနှင့် စုပေါင်းပိုင်ပစ္စည်းတည်ရှိသော စုပေါင်းပိုင်သူအားလုံးက တည်ဆဲဥပဒေနှင့်အညီ အကျိုးသက်ဆိုင်သည့် မြေနှင့်မြေကွက်လပ်တို့ကို ဆိုသည်။ (စုပေါင်းပိုင်အဆောက်အအုံဥပဒေပုဒ်မ ၂(ဂ))
အိမ်ခန်းဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံတွင် နေထိုင်ရန် သို့မဟုတ် အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခြားနည်းသုံးစွဲရန် တစ်ဦးချင်းပိုင်အဖြစ် သီးခြားကာရံ၍ ဆောက်လုပ်ထားသော အိမ်ခန်း ကို ဆိုသည်။ (စုပေါင်းပိုင်အဆောက်အအုံဥပဒေပုဒ်မ ၂(ဇ))
ဆက်လက်၍ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေပါ စုပေါင်း ပိုင်သူ၏ အခွင့်အရေးနှင့် တာဝန်များကို တင်ပြလိုပါသည်။
မှတ်ပုံတင်အရာရှိဆိုသည်မှာ စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို မှတ်ပုံတင်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်အပ်ထားသော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိကို ဆိုသည်။ (စုပေါင်းပိုင်အဆောက်အအုံဥပဒေပုဒ်မ ၂(တ))
စုပေါင်းပိုင်သူ၏ အခွင့်အရေးများကို ယင်းဥပဒေပုဒ်မ ၂၆ တွင် ပြဋ္ဌာန်းထားရာ-
(က) ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်အရာရှိထံ တွင် မှတ်ပုံတင်ခွင့်ရှိသည်။
အိမ်ခန်းပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းလက်ခံရရှိသူအမည်သို့ ပြောင်းလဲခွင့်ရှိသည်။
(ခ) ဤဥပဒေနှင့်အညီ အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီးသည့်အခါ အိမ်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိသည်။
(ဂ) အိမ်ခန်းကို နိုင်ငံသားအားတည်ဆဲဥပဒေနှင့်အညီ ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ စွန့်လွှတ်ခွင့်၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်၊ အမွေဆက်ခံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပိုင် ခွင့်များ ရှိသည်။
(ဃ) (၁) အိမ်ခန်းကို နိုင်ငံခြားသားအား တည်ဆဲဥပဒေနှင့်အညီ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်၊ ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များရှိသည်။
(၂) စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်။
(င) အိမ်ခန်းကို ဘဏ်တွင် ပေါင်နှံခွင့်ရှိသည်။
(စ) အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ရယူ၍ မိမိပိုင်အိမ်ခန်း၏ အတွင်းပိုင်းကို စုပေါင်းပိုင်အဆောက်အအုံ၏ မူလပုံစံနှင့် ခိုင်ခံ့မှုကို မထိခိုက်စေဘဲ မိမိ၏စရိတ်ဖြင့် ပြုပြင်မွမ်းမံ ခွင့်နှင့် အသေးစားပြင်ဆင်ခွင့်များရှိသည်။
(ဆ) အသင်း၏ရန်ပုံငွေကို စုပေါင်းပိုင်သူအားလုံးနှင့်အတူ သက်ဆိုင်ခွင့်ရှိသည်။
(ဇ) စုပေါင်းပိုင်မြေကို အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာရေးနာရေးကိစ္စအတွက် ယာယီအသုံးပြုခွင့်ရှိသည်။
(ဈ) အသင်း၏နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် အသင်းသားစုံညီအထူး အစည်းအဝေးများသို့ တက်ရောက်ခွင့်၊ အကြံပေးခွင့်၊ အဆုံးအဖြတ်တစ်ခုခုအတွက် မဲပေးခွင့်၊ အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိခြင်းတို့ ဖြစ်သည်။
စုပေါင်းပိုင်သူ၏ တာဝန်များကို ယင်းဥပဒေပုဒ်မ ၂၇ တွင် ပြဋ္ဌာန်းထားရာ-
(က) စုပေါင်းပိုင်အဆောက်အအုံကို စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိမိ၏မူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုးအလိုက် အချိုးကျသတ်မှတ်ထားသော ရန်ပုံငွေကို ထည့်ဝင်ရမည်။ မိမိပိုင်ဆိုင်သည့်အိမ်ခန်းကို အငှားချထားခြင်းဖြစ်လျှင် အငှားချထားခြင်းခံရသူနှင့် သီးခြားသဘောတူညီချက်မရှိပါက မိမိကသာလျှင် ရန်ပုံ ငွေကို ထည့်ဝင်ရမည်။
(ခ) စုပေါင်းပိုင်အဆောက်အအုံနှင့် စုပေါင်းပိုင်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံသန့်ရှင်းရေးနှင့် လုံခြုံရေးစနစ် ကောင်းမွန်စေရေးအတွက် လည်းကောင်း စုပေါင်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်။
(ဂ) မိမိပိုင်အိမ်ခန်းကို ငှားရမ်းခြင်း၊ ပေါင်နှံခြင်းနှင့် တစ်ဦးဦးအား ခွင့်ပြုချက်ဖြင့် ထားခြင်းပြုပါက အမှုဆောင်အဖွဲ့သို့ အသိပေးရမည်။
(ဃ) အိမ်ခန်းကို ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်းမပြုမီ သတ်မှတ်ချက်များနှင့်အညီ အမှု ဆောင်အဖွဲ့သို့ ကြိုတင်အသိပေးရမည်။
(င) မိမိကြောင့်ဖြစ်စေ၊ အငှားချထားခြင်းခံရသူကြောင့်ဖြစ်စေ၊ အိမ်ခန်းကိုအပေါင်ခံ၍ လက်ရောက်ရယူထားသူကြောင့်ဖြစ်စေ၊ မိမိ၏ခွင့်ပြုချက်ဖြင့် နေထိုင်ကြသူကြောင့်ဖြစ်စေ စုပေါင်းပိုင်အဆောက်အအုံ သို့မဟုတ် စုပေါင်းပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက ထိုသူများနှင့် သီးခြားသဘောတူညီချက်မရှိလျှင် မိမိ၌သာ တာဝန်ရှိ သည်။
(စ) မိမိ၏အိမ်ခန်းအတွင်းပိုင်းကို အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြုပြင်မွမ်းမံခြင်း၊ အသေးစား ပြင်ဆင်ခြင်းပြုရာတွင် အဆောက်အအုံ၏ မူလပုံစံနှင့်ခိုင်ခံ့မှုကို မထိခိုက်စေရ။
(ဆ) အမှုဆောင်အဖွဲ့၏ သီးခြားခွင့်ပြုချက်ဖြင့် အိမ်ခန်းကို အခြားနည်းသုံးစွဲခြင်း ပြုနိုင်ခြင်း တို့ဖြစ်သည်။
အပျောက်စနစ်ဖြင့် လွှဲပြောင်းခြင်း
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ယှဉ်တွဲလေ့လာရန် အပျောက်စနစ်ဖြင့် ပိုင်ဆိုင်မှုဥပဒေသဘောတရားများကို သက်ဆိုင်ရာနည်းဥပဒေများ၊ စီရင်ထုံးများပါ ဆုံးဖြတ်ချက်များနှင့်အတူ တင်ပြလိုပါသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၈ နှင့် ၁၀၊ ပစ္စည်း လွှဲပြောင်းရာ၌ တစ်ဆင့်လွှဲပြောင်းခြင်း၊ စီမံခန့်ခွဲခြင်းမပြုရဟု တားမြစ်သည့် စည်းကမ်းချက် သို့မဟုတ် ကန့်သတ်ချက်မပြုနိုင်ခြင်း၊ ထိုသို့တားမြစ်သည့် စည်းကမ်းချက် သို့မဟုတ် ကန့်သတ်ချက်ပါရှိ ပါက ယင်းစည်းကမ်းချက် သို့မဟုတ် ကန့်သတ်ချက်မှာ ပျက်ပြယ်သော်လည်း လွှဲပြောင်းမှုမှာ ပျက်ပြယ်မှုမရှိခြင်း၊ အပျောက်စနစ်ဖြင့် ရောင်းချခြင်း၏အဓိပ္ပာယ်မှာ ပစ္စည်းတစ်ရပ်ကို လွှဲပြောင်းသည့်အခါ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၈ အရ ပစ္စည်း၏အကျိုးစီးပွားနှင့် ဥပဒေအရ ဒွန်တွဲဆက်စပ်နေသည့်အရာအားလုံးသည် လွှဲပြောင်းခံယူသူထံသို့ ရောက်ရှိသည်။ ဥပဒေအရ ဒွန်တွဲဆက်စပ်နေသည့်အရာတွင် ထိုပစ္စည်းအား လွှဲပြောင်းခံယူသူက မိမိသဘောအတိုင်း ပြန်လည်လွှဲပြောင်းခြင်း၊ စီမံခန့်ခွဲခြင်းပြုပိုင်ခွင့် ပါဝင်နေသဖြင့် ပစ္စည်းကိုလွှဲပြောင်းရာ၌ တစ်ဆင့်လွှဲပြောင်း၊ စီမံခန့်ခွဲခြင်းမပြုရဟု လုံးဝတားမြစ်သည့် စည်းကမ်းချက် သို့မဟုတ် ကန့်သတ်ချက် သတ်မှတ်ထားခြင်းမပြုနိုင်ပေ။ သတ်မှတ်ထားပါက ထိုသတ်မှတ်ချက်သည် တရားမဝင်ဘဲ ပျက်ပြယ်သည်။ ပစ္စည်းကို အလွယ်တကူဖြင့် လွှဲပြောင်းရာ၌ အဟန့်အတားဖြစ်စေမည့် စည်းကမ်းချက်သည် ပျက်ပြယ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပစ္စည်းကိုရောင်းခြင်း၊ ဝယ်ခြင်း၊ ပေါင်နှံခြင်း၊ စီမံခန့်ခွဲခြင်းပြုလုပ်ကြသည့် ပြည်သူတို့၏အကျိုးကာကွယ်ရန် ဖြစ်ပေသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀ အရ ပစ္စည်းကို စီမံခန့်ခွဲခြင်းမပြုရန် လုံးဝတားမြစ်သည့် စည်းကမ်းချက်သည် တရားမဝင်သော်လည်း ထိုစည်းကမ်းချက်ပါဝင်သော လွှဲပြောင်းမှုမှာ ပျက်ပြယ်ခြင်းမရှိပေ။ ဥပမာ လူတစ်ဦးက သားသမီးများ စားဝတ်နေရေးအတွက် မြေကွက်တစ်ကွက်ကို လွှဲပြောင်းပေးရာ၌ ထိုမြေကို ရောင်းချပေါင်နှံခြင်းမပြုရဆိုသော စည်းကမ်းချက်သတ်မှတ်ထားရာ ထိုစည်းကမ်းချက်သည် ဤပုဒ်မ ၁၀ အရ ပျက်ပြယ်သော်လည်း မြေကိုလွှဲပြောင်းသည့်ကိစ္စမှာမူ အတည်ဖြစ်သည်။
အပျောက်စနစ်ဖြင့် ရောင်းချခြင်းသည် လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဖြစ်သည်။ လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဆိုသည်မှာ ငှားရမ်းသည့်ကာလ သတ်မှတ်ချက်မရှိဘဲ အိမ်ငှားက ဥပစာ လက်ဝယ်ထားပိုင်ခွင့်ကိုဝယ်ယူ၍ အိမ်ရှင်အား ငှားရမ်းခကိုသာ ပေးသည့်ငှားရမ်းခြင်းကို ဆိုသည်။ (ဒေါ်ခင်ဌေးသန်းနှင့် ဦးကိုဌေးပါ-၂ အမှု([1]))
သီးခြားစည်းကမ်းချက်မရှိသောကိစ္စ၌ အိမ်ငှားတစ်ဦးသည် မိမိငှားရမ်းနေထိုင်သည့် ဥပစာကို အခြားသူတစ်ဦးအားတစ်ဆင့် လွှဲပြောင်းငှားရမ်းသည့်အခါ အိမ်ပိုင်ရှင်၏ သဘောတူညီချက်ကို ရယူရန် မလိုအပ်ပေ။ အိမ်ငှားတစ်ဦးသည် မိမိငှားရမ်းနေထိုင်သည့် ဥပစာကို တစ်ဆင့်ပြန်လည်၍ အငှားချထားခွင့်ရှိသည်။ ထိုကဲ့သို့ တစ်ဆင့်ပြန်လည်၍အငှားချထားရာ၌ ရန်ကုန်မြို့၌ အများလက်ခံ ကျင့်သုံးလျက်ရှိသော အပျောက်စနစ် (နေပိုင်ခွင့်အတွက် တန်ရာ တန်ကြေးပေး၍ ဥပစာကို လွှဲပြောင်းရယူသည့်စနစ်) ဖြင့် ဒေါ်ငွေသိန်းနှင့် ဒေါ်သိန်းညွန့်တို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ထိုကဲ့သို့ တစ်ဆင့်ပြန်လည်အငှားချထားရန် ဆောင်ရွက်သည့်အခါ အဆောက်အအုံပိုင်ရှင်၏ ကြိုတင်ခွင့်ပြုချက်ကို ရယူပြီးမှ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက် မတွေ့ရပေ။ (ဒေါ်ငွေသိန်းနှင့် ဒေါ်သိန်းညွန့် အမှု([2]))
အပျောက်စနစ်ဖြင့် အခန်းဝယ်ယူပိုင်ဆိုင်ခြင်း သဘောတရားကို ဦးဌေးဝင်း ပါ-၂ နှင့် ဒေါ်အေးမြင့် ပါ-၂၊ ၂၀၀၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၃၃၆ တွင်လည်းကောင်း၊ ဒေါ်တင်မော် ပါ-၂ နှင့် ဦးမြင့်သိန်းပါ-၂၊ ၂၀၀၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၈၉ တွင်လည်းကောင်း လက်ခံဆုံးဖြတ်ထားရာ မြန်မာနိုင်ငံရှိ တရားရုံးများက အပျောက်စနစ်ဖြင့် အခန်းဝယ်ယူခြင်းကို အစဉ်တစိုက် အသိအမှတ်ပြု လိုက်နာဆုံးဖြတ်ထားကြောင်း တွေ့ရ သည်။
အိမ်ရှင်၏ သဘောတူညီမှုမရှိဘဲ ကန်ထရိုက်တာထံမှ အခန်းဝယ်ယူသူသည် ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသည့် တိုက်ခန်းကို မိမိသဘောအလျောက် သော့ခတ်ပြီးနောက် အခန်းထဲ၌ မိမိပစ္စည်းများကို ထားလျက် ကိုးလခန့်ကြာအောင် အသုံးပြုခဲ့ခြင်းသည် သီးခြား သက်သာခွင့်အက်ဥပဒေပုဒ်မ ၉ အရ လက်ရှိထားခြင်းဖြစ်သည်။ အခန်းဝယ်သူသည် အချင်းဖြစ်အခန်းကို တိတ်တဆိတ်သော့ခတ်သည် ဆိုစေဦးတော့ ထိုအချိန်မှစ၍ တရားဥပဒေအရ မဟုတ်ဘဲ ဖယ်ရှား ခြင်းခံရချိန်ထိ ကိုးလခန့်ကြာအောင် လက်ရှိဖြစ်ခဲ့ကြောင်း ထင်ရှား သဖြင့် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၉ အရ လက်ရှိထားသည်ဟု ဆိုရပေမည်ဟု ဒေါ်ခင်ကြည်မြင့် ပါ-၃ နှင့် ဦးစိုးလွင် အမှု([3])တွင် လမ်းညွှန်ထုံးပြုထားသည်။
အိမ်ငှား
၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအရ အိမ်ငှားဆိုသည်မှာ ဥပစာအတွက် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူမှတစ်ဆင့်ဖြစ်စေ၊ ငှားရမ်းခပေးရမည့်သူ တစ်ဦးတစ်ယောက်ကို ဆိုလိုသည်။ ထိုစကားရပ်တွင် တရားမကျင့်ထုံးကိုဓဥပဒေ၌ အဓိပ္ပာယ်ဖော်ပြထားသည့် တရားဝင်ကိုယ်စားလှယ်လည်းကောင်း၊ အခါအားလျော်စွာ အိမ်ငှားထံမှတစ်ဆင့် ဆိုင်ရာဆိုင်ခွင့်ရရှိသူအသီးသီးလည်းကောင်း၊ အငှားချထားမှု သို့တည်းမဟုတ် အငှား စာချုပ်ကုန်ဆုံးပြီးနောက် မိမိအားငှားရမ်းသည့်ဥပစာကို အိမ်ရှင်၏သဘောတူညီချက်အရဖြစ်စေ၊ သဘောတူညီချက်အရမဟုတ်ဘဲဖြစ်စေ၊ လက်ရှိနေထိုင်မြဲနေထိုင်သူ အသီးသီးလည်းကောင်း ပါဝင်သည်။ (၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေပုဒ်မ ၂(ဆ))
အိမ်ငှားဆိုသည့်စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အငှားချထားမှု ကုန်ဆုံးပြီးနောက် ငှားရမ်းသည့်ဥပစာတွင် အိမ်ရှင်၏ သဘောတူညီချက်အရ လက်ရှိနေထိုင်မြဲနေထိုင်သူသည် ၁၉၆၀ ပြည့် နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂(ဆ) တွင် အကျုံးဝင်သည့် အိမ်ငှားဖြစ်သည့်အလျောက် ယင်းပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်လျက် အိမ်ငှားအဖြစ်မှ အခွင့်အမိန့်အရ နေထိုင်သူအဖြစ်သို့ ပြောင်းလဲခံယူသည့် ပဋိညာဉ်သည် အထက်ဖော်ပြပါ ပြဋ္ဌာန်းချက် များနှင့် ဆန့်ကျင်သည်ဖြစ်၍ အတည်မဖြစ်ချေ။ ဥပဒေအမြင်တွင် ယင်းသို့ပဋိညာဉ်ပြုလင့်ကစား အိမ်ငှားသည် အိမ်ငှားအဖြစ် ဆက်လက်တည်ရှိနေပေလိမ့်မည်ဟု ဒေါ်မြင့်မြင့်သက် ပါ-၂ နှင့် ဒေါ်ကြည်ကြည်(ခ)ဒေါ်ကြည်ကြည်စိန် ပါ-၃ အမှု([4]) တွင် လမ်းညွှန် ထုံးပြုထားသည်။
ငှားရမ်းခြင်းတစ်ခုကို ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ ၁၁၁ ပါ ပြဋ္ဌာန်းချက်များအရသာလျှင် ရပ်စဲနိုင်မည်။ အိမ်ငှားဖြစ်သူက မိမိသည် အိမ်ငှားမဟုတ်ကြောင်း ငြင်းဆိုရုံမျှဖြင့် အိမ်ရှင်သည် ထိုအိမ်ငှားအား ငှားရမ်းခြင်းရပ်စဲ၍ ကျူးကျော်သူအဖြစ် သတ်မှတ်နိုင်မည်မဟုတ်ပေဟု ဒေါ်ခင်သစ်နှင့် ရမ်းဘာလတ် ပါ-၇ ဦး အမှု([5])တွင် လမ်းညွှန်ထုံးပြုထားသည်။
ကျူးကျော်သူ ဦးအောင်သိန်း ပါ-၂ နှင့် ဒေါ်မမကြီး အမှု([6]) တွင် အစိုးရဂရန် ရရှိထားသူသည် ကျူးကျော်သူအား ဂရန်သက်တမ်းအတွင်းတွင် တရားစွဲဆိုရာအမှုအတောအတွင်း ဂရန်သက်တမ်းကုန်ဆုံးသွားစေကာမူ လက်ရောက်ရခွင့်ရှိသည်ဟု ပြဆိုသည်။ ယခုအမှုမှာ ဂရန်သက်တမ်းကုန်ဆုံးပြီးမှ တရားစွဲဆိုသောအမှုဖြစ်၍ ထုံးဖွဲ့သည့်အမှုနှင့် ဖြစ်ရပ်ချင်းမတူပေဟူ၍ ထုံးဖွဲ့ပြုထားခြင်းကို ဦးဝင်းမောင် ပါ-၂ နှင့် ဒေါ်ငွေခိုင်(ခ) ဒေါ်လှမေ အမှု([7]) တွင် လက်ခံ ဆုံးဖြတ်ထားကြောင်း တွေ့ရသည်။
အခမဲ့ခွင့်ပြုချက်ဖြင့်နေထိုင်သူ
အိမ်ရှင်နှင့်အိမ်ငှား နှစ်ဦးသဘောတူကျေကျေနပ်နပ်ဖြင့် အခမဲ့ခွင့်ပြုချက်ဖြင့်ထားသူကထား၊ နေသူကနေသည့် ကတိပဋိညာဉ်ကို ပွင့်ပွင့်လင်းလင်းပြုလုပ်ကြသည့်အချိန်မှစ၍ အိမ်ရှင်အိမ်ငှားအဖြစ်မှ ရပ်စဲပြီး အခမဲ့ခွင့်ပြုချက်ဖြင့် နေသူအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ယူဆနိုင်ပေသည်။ ပကတိဖြစ်ရပ်အပေါ်၌ အခြေခံသည့် ဤယူဆ ချက်သည် ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ဆ) ၏ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရာမရောက်နိုင်ပေ။ ထို့ကြောင့် ယခုအမှုကိစ္စတွင် အိမ်ရှင်ဒေါ်မြမြသန်းနှင့် အိမ်ငှား ဦးပွန်ဇကပ်တို့ နှစ်ဦးသဘောတူအခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ရန် ကတိစာချုပ်ချုပ်ဆိုသည့်အချိန်မှစ၍ ဦးပွန်ဇကပ်သည် ဒေါ်မြမြသန်း၏ အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူအဖြစ်သို့ ပြောင်းလဲသွားပေသည်ဟု ဒေါ်မြမြသန်းနှင့် ဦးပွန်ဇကပ် အမှု([8])တွင် လမ်းညွှန်ထုံးပြုထားသည်။
အခွင့်အမိန့်အရ နေသူအမျိုးမျိုးရှိရာ စည်းကမ်းချက်ဖြင့် နှောင်ဖွဲ့ခြင်းမပြုဘဲ ဥပစာတွင် နေထိုင်ခွင့်ရသူကို အခွင့်အမိန့်အရနေထိုင်သူ (Bare Licensee) ဟုခေါ်သည်။ ခွင့်ပြုသူနှင့် အခွင့်အမိန့်အရနေသူတို့ သဘောတူညီကြသည့် စည်းကမ်းချက်များအရ ဥပစာတွင် နေထိုင် ခွင့်ရသူကို ပဋိညာဉ်အရ အခွင့်အမိန့်နှင့်နေထိုင်သူ (Contractual Licensee)ဟု ခေါ်သည်။
အခွင့်အမိန့်သက်သက်အရနေသူနှင့် ပဋိညာဉ်အရ အခွင့်အမိန့် နှင့်နေသူတို့၏ ခြားနားချက်မှာ အခွင့်အမိန့်သက်သက်အရ နေသူသည် ခွင့်ပြုချက်ဖြင့်နေထိုင်သည့် ဥပစာတွင် အခွင့်အရေးတစ်စုံတစ်ရာ မရရှိပေ။ မေတ္တာရိထားသည့် အခွင့်အမိန့်ကို အချိန်မရွေး ရုပ်သိမ်း နိုင်သည်။ ပဋိညာဉ်အရ အခွင့်အမိန့်နှင့်နေခွင့်ကို ခွင့်ပြုသူနှင့် အခွင့်အမိန့်အရနေသူတို့ သဘောတူညီကြသည့် စည်းကမ်းချက်များနှင့် အညီသာ ရုပ်သိမ်းခွင့်ရှိသည်ဟု ဒေါ်တီတီနှင့် ဦးကြူ အမှု([9])တွင် လမ်းညွှန်ထုံးပြုထားသည်။
အခွင့်အမိန့်အရနေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့်မရှိသဖြင့် ခွင့်ပြုသူက ကြည်ဖြူသရွေ့သာ ထိုပစ္စည်းအပေါ်၌ နေထိုင်ခွင့်ရှိသည်။ ခွင့်ပြုသူသည် ၎င်း၏ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်သည်။ ထိုသို့ ရပ်စဲလိုက်လျှင် အခွင့်အမိန့်အရနေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်း ပေါ်မှ မထွက်ခွာလိုကြောင်း မခုခံနိုင်ပေဟု ဒေါ်စောမြင့်ကြည်နှင့် ဦးစိုးမြင့် ပါ-၂ အမှု([10]) တွင် လမ်းညွှန်ထုံးပြုထားသည်။ စည်ပင် သာယာဈေးဆိုင်ခန်းများ၏ ပိုင်ရှင်မှာ စည်ပင်သာယာအဖွဲ့ဖြစ်သည်။ သို့သော် စည်ပင်သာယာအဖွဲ့၏ တရားဝင်ချထားပေးချက်အရ ဆိုင်ခန်းရရှိသူများသည် စည်းကမ်းနှင့်အညီ အခွန်ထမ်းဆောင်၍ ဆိုင်ခန်းကို လက်ရှိထားလျက် ဈေးရောင်းချခွင့်ရရှိသည်။ ထိုသို့ ချထားခြင်းခံရသော ဆိုင်ရှင်တစ်ဦးသေဆုံးပါက ထိုဆိုင်ခန်းကို ၎င်း၏ဇနီး၊ ခင်ပွန်း၊ သားသမီးများအနေဖြင့် ဆက်ခံခွင့်ရရှိသည်။ စည်းကမ်းနှင့်အညီ အခွန်ထမ်းဆောင်၍ ဆိုင်ခန်းအား လက်ရှိထားပြီး ဈေးရောင်းချခွင့်ရရှိသည်ဟု ဦးထွန်းကြည်နှင့် ဒေါ်ကြည်စိန် အမှု([11])တွင် လမ်းညွှန်ထုံးပြုထားသည်။
ဒေါ်တင်မြနှင့် ဦးမောင်စော အမှု([12]) ၌ သက်သေခံဥပဒေပုဒ်မ ၉၂ တွင် ပဋိညာဉ်စာချုပ်ပါ စည်းကမ်းချက်များကို ငြင်းဆိုရန်၊ ပြောင်းလဲရန်၊ ဖြည့်စွက်ရန် သို့မဟုတ် နှုတ်ပယ်ရန်အလို့ငှာ နှုတ်ဖြင့် ပြုလုပ်ထားသော သဘောတူညီချက်ပြောဆိုချက်နှင့်စပ်လျဉ်း၍ တင်ပြသောသက်သေခံကို လက်မခံရကြောင်း ပြဋ္ဌာန်းထားသည်။ နှုတ်သက်သေခံချက်တို့ကို လက်ခံခွင့်ပြုမည်ဆိုပါက သက်သေခံ (ခ) ပဋိညာဉ်ပါ စည်းကမ်းချက်များကို ဖြည့်စွက်ရာရောက်ပေလိမ့်မည်။ သက်သေခံဥပဒေပုဒ်မ ၉၂ က တားမြစ်ထားသည့်အပြင် သက်သေခံဥပဒေပုဒ်မ ၉၂ ၏ ခြွင်းချက်များတွင်လည်း ခွင့်ပြုထားခြင်းမရှိဟု ဆုံးဖြတ်သည်။
ဦးမြင့်အောင်နှင့် ဒေါ်ခင်စန်းဝင်း ပါ-၁၂၊ ဒေါ်တင်ကြည် ပါ-၉ နှင့် ဒေါ်ခင်စန်းဝင်း ပါ-၄ အမှု([13]) တွင် ကြွေးမြီပေးဆပ်သူတို့က မိမိပစ္စည်းများအဖြစ် ပြုမူဆောင်ရွက်ခြင်းကို လက်ပိုက်ကြည့်နေခဲ့ပြီး ထိုသို့ပေးဆပ်ပြီးကာမှ ပေးဆပ်သူတို့မပိုင်ဟု ပြင်ဆင်ပြောဆိုခွင့် ရှိမည်မဟုတ်ပေ။ သက်သေခံဥပဒေပုဒ်မ ၁၁၅ အရ ပိတ်ပင်သည်ဟု ဆုံးဖြတ်သည်။
အပျောက်စနစ်ဖြင့် တိုက်ခန်းများကို မြေရှင်ကသော်လည်းကောင်း၊ ကန်ထရိုက်တာကသော်လည်းကောင်း ရောင်းချပြီးနောက် ယင်းပဋိညာဉ်အရဝယ်ယူနေထိုင်သူများအပေါ် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၈ နှင့် ၁၀ တို့အရ အခွင့်အရေးရရှိလာကြောင်း သက်ဆိုင်ရာစီရင်ထုံးများနှင့်တကွ တင်ပြအပ်ပါသည်။
ပဋိညာဉ်ပြုသူတို့သည် ပဋိညာဉ်ပါတာဝန်များကို လိုက်နာရန် ပဋိညာဉ်ဥပဒေပုဒ်မ ၃၇ အရ တာဝန်ရှိကြပါသည်။ ထို့အတူ ပဋိညာဉ်ပါ စကားရပ်များကို သက်သေခံဥပဒေပုဒ်မ ၉၁၊ ၉၂ တို့အရ နှုတ်ဖြင့် ပြောင်းလဲပြောဆိုခြင်း မပြုနိုင်သကဲ့သို့ သက်သေခံဥပဒေပုဒ်မ ၁၁၅ အရလည်း ပဋိညာဉ်ပါ စကားရပ်များနှင့် စပ်လျဉ်း၍ မမှန်ကန်ပါဟု ငြင်းဆိုခွင့်ကို ပိတ်ပင်ပြီးလည်းဖြစ်သည်။
သို့ဖြစ်ရာ ပဋိညာဉ်ကို အခြေပြု၍ ရောင်းချဝယ်ယူငှားရမ်းသည့် ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးများကို အလွယ်တကူ လေ့လာလိုက်နာ ခြင်းဖြင့် မလိုလားအပ်သော အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် စုစည်းတင်ပြအပ်ပါသည်။
[1]။ ၂၀၀၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၉၀(၁၉၁)
[2]။ ၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၇
[3]။ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၂၁(၁၂၂)
[4]။ ၁၉၈၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၅၀
[5]။ ၁၉၈၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၈၇
[6]။ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၂၆၉
[7]။ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၆၇(၁၆၈)
[8]။ ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၁၀
[9]။ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၂၀၁(၂၀၃)
[10]။ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၅၅(၁၅၆)
[11]။ ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၇၃
[12]။ ၁၉၉၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၄၄(၄၅)
[13]။ ၂၀၀၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၂၅(၁၂၆)
