Skip to main content

(၁၀) နှစ်တာ လန်ချန်း-မဲခေါင် ကြိုးပမ်းအားထုတ်မှု၊ အေးအတူပူအမျှ အနာဂတ်ဆီသို့ လှမ်းချီစို့

လန်ချန်း-မဲခေါင် ခြောက်နိုင်ငံသည် တစ်မြစ်တွင်းရေအတူ သောက်သုံးကာ ဘဝကံကြမ္မာချင်း တစ်သားတည်း ချိတ်ဆက်နေကြပါသည်။ လွန်ခဲ့သော (၁၀) နှစ်တာကာလ၏ မတ်လ ၂၃ ရက်နေ့တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်စွာ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုမျိုးစေ့များကို ချခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် မဲခေါင်နိုင်ငံ ခေါင်းဆောင် များ၏ ဦးဆောင်မှုအောက်တွင် ခြောက်နိုင်ငံသည် “တန်းတူရည်တူဆက်ဆံခြင်း၊ စိတ်ရင်းမှန်ဖြင့် အပြန်အလှန်ကူညီခြင်း၊ မိသားစုဝင်များကဲ့သို့ ရင်းနှီးခြင်း”ဆိုသည့် လန်ချန်း-မဲခေါင်ယဉ်ကျေးမှုကို လက်ကိုင်ထားပြီး “ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ခြင်း၊ တန်းတူညီမျှညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ ကျပြီး ထိရောက်ခြင်း၊ ပွင့်လင်းမြင်သာ၍ တံခါးဖွင့်လှစ်ပြီး အားလုံးပါဝင်နိုင်ခြင်း” ဆိုသည့် လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို ကျင့်သုံးကာ “နေ့စဉ် တိုးတက်မှုများရှိနေခြင်း၊ လစဉ် ရလဒ်များ ထွက်ပေါ်ခြင်း၊ နှစ်စဉ် အဆင့်သစ်သို့ တက်လှမ်းခြင်း”ဟူသော လန်ချန်း-မဲခေါင် အရှိန်အဟုန်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မျိုးစေ့လေးတစ်ခုမှသည် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ရှင်သန်ကြီးထွားလာခဲ့ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက် အဝန်းတည်ဆောက်ရာတွင် စံနမူနာကောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။

ဤ (၁၀)နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏ ကံကြမ္မာချိတ်ဆက်မှုသည် ပိုမို ခိုင်မြဲလာခဲ့ပါသည်။ ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲများကြားတွင် ခြောက်နိုင်ငံသည် လက်တွဲလျှောက်လှမ်းကာ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဘက်ပေါင်းစုံတွင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဒုက္ခသုခ အတူမျှဝေကာ အပြန်အလှန် စောင့်ရှောက်ကူညီကြသည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများဖြစ်လာ ခဲ့ကြပါသည်။

ဤ (၁၀)နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုမောင်းနှင်အား မှာ ပိုမိုအားကောင်းလာခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ ငါးနိုင်ငံတို့၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်လွန်ခဲ့ပြီး လွန်ခဲ့သော (၁၀) နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ခြောက်နိုင်ငံမှ ဌာနအသီးသီးနှင့် ဒေသအသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် များပြားလှသည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများကို ရရှိခဲ့သည်။

ဤ (၁၀)နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏ လုံခြုံရေးအတားအဆီးမှာ ပိုမိုခိုင်မာလာခဲ့ပါသည်။ ခြောက်နိုင်ငံသည် “ဘေးကင်း လုံခြုံသော လန်ချန်း-မဲခေါင်လှုပ်ရှားမှု” ကို တွန်းအားပေးကာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေး၊ ပြည်သူ့ကျန်းမာရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒေသတွင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြစ်အောက်ပိုင်းနိုင်ငံများသို့ လန်ချန်းမြစ်၏ ဇလဗေဒဆိုင်ရာ အချက်အလက်များကို မျှဝေပေးပြီး မြစ်ဝှမ်းနိုင်ငံများအား ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှုအန္တရာယ်များကို ကာကွယ်ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီပေးခဲ့ပါသည်။

ဤ (၁၀) နှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏ လူမှုယဉ်ကျေးမှုဖလှယ်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ပါသည်။ “လန်ချန်း-မဲခေါင် ဗီဇာ” ကို စတင်ကျင့်သုံးနိုင်ခဲ့ပြီး “LMC Harvest”၊ “လန်ချန်း-မဲခေါင် စမ်းရေချိုလှုပ်ရှားမှု (Operation Sweet Spring)” စသည့် “သေးငယ်ပြီးကောင်းမွန်သည့်” ပြည်သူ့အကျိုးပြုစီမံကိန်းများမှာ သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့ပါသည်။ ခြောက်နိုင်ငံမှ ပြည်သူများသည် အပြန်အလှန်လည်ပတ်ကြကာ ရင်းနှီးမှုပိုမိုရရှိလာပြီး ယဉ်ကျေးမှုအပြန်အလှန်လေ့လာသင်ယူမှုနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှု၏ ပေါင်းကူးတံတားမှာ ပိုမို ခိုင်မာလာခဲ့ပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်တာအတွင်း ထွန်းကားလာရခြင်း၏ အဓိက သော့ချက်မှာ အချက် (၃) ချက်အပေါ် ဦးလည်မသုန် ရပ်တည်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ပထမအချက်မှာ အိမ်နီးချင်းကောင်းပီသမှုနှင့် ဘုံကံကြမ္မာတစ်ခုဖြစ်မှုကို အမြဲဦးစားပေးခြင်း၊ ဒုတိယအချက်မှာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားပြီး ပြည်သူများ အတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးခြင်း၊ တတိယအချက်မှာ တီထွင်ဆန်းသစ်မှုဖြင့် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

လက်ရှိကမ္ဘာကြီးတွင် မတည်ငြိမ်မှုများ၊ ဗိုလ်ကျစိုးမိုးရေးဝါဒ (Hegemonism) နှင့် အင်အားကြီးနိုင်ငံရေး (Power politics) များ ကြောင့် လက်ရှိနိုင်ငံတကာစည်းမျဉ်းအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေပါသည်။ မကြာသေးမီက တရုတ်နိုင်ငံ၏ “Two Sessions အစည်းအဝေး”ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း”ကိုလည်း စတင်ခဲ့ကာ ဒေသတွင်းအတွက် တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးခဲ့ပါသည်။ ကျွန်တော်တို့သည် မဟာဗျူဟာမြောက် ချိတ်ဆက်မှုများကို အားကောင်းအောင် ဆောင်ရွက်ပြီး “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗားရှင်း”ကို အတူတကွဖော်ဆောင်ကာ ဒေသတွင်း ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် “လန်ချန်း-မဲခေါင် စံနမူနာ”ကို ထူထောင်သွားရပါမည်။

ကျွန်တော်တို့သည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ ငြိမ်းချမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာ၍ တံခါးဖွင့်လှစ်မှုနှင့် အားလုံး ပါဝင်နိုင်မှုဟူသော အာရှတန်ဖိုးအမြင်များကို မြှင့်တင်ပြီး လန်ချန်း-မဲခေါင် နိုင်ငံတကာ အတွင်းရေးမှူးဌာနတည်ထောင်မှုကို အရှိန်မြှင့်ကာ လန်ချန်း-မဲခေါင်နိုင်ငံများ၏ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အင်အားသစ်များ ပံ့ပိုးဖြည့်ဆည်းပေးရပါမည်။

ကျွန်တော်တို့သည် ပွင့်လင်းမြင်သာ၍ တံခါးဖွင့်လှစ်သော နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ အခြေခံအဆောက်အအုံ ချိတ်ဆက်မှုများကို ဘက်စုံတွန်းအားပေးပြီး “နိုင်ငံအများအပြားတွင် စက်မှုဇုန်အများအပြား” ပူးပေါင်းဆောင်ရွက်မှု ပုံစံကိုဖော်ဆောင်ကာ “အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ရေလမ်းကုန်သွယ်ရေးလမ်းကြောင်း သစ် (New International Land-Sea Trade Corridor)” ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ကို အတူတကွ တည်ဆောက်ရပါမည်။

ကျွန်တော်တို့သည် စိမ်းလန်းစိုပြည်၍ တီထွင် ဆန်းသစ်သည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံ တည်ဆောက်ရေးကို နက်ရှိုင်းစေပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (Artificial Intelligence-AI)၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ ဂေဟ စနစ်စီမံခန့်ခွဲမှု စသည့်ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးကာ စွမ်းအင်သစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပြီး ဒေသတွင်း စိမ်းလန်းစိုပြည်၍ တန်ဖိုးရှိသော ကွင်းဆက်များနှင့် စိမ်းလန်းသော စက်မှုလုပ်ငန်းစုများကို တည်ဆောက်ရပါမည်။

ကျွန်တော်တို့သည် ယဉ်ကျေးမှုအပြန်အလှန်လေ့လာသင်ယူသည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ လန်ချန်း-မဲခေါင် ခရီးသွားမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် အဖွဲ့အစည်းတည်ထောင်မှုကို အရှိန်အဟုန်မြှင့်တင်ပြီး မီဒီယာနှင့် တတ်သိပညာရှင် (Think Tank) များ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေကာ လန်ချန်း-မဲခေါင်ရန်ပုံငွေ၏ အကျိုးကျေးဇူးများကိုချဲ့ထွင်ပြီး ခြောက်နိုင်ငံမှ ပြည်သူများနှင့် လူငယ်များ အပြန်အလှန် ကူးလူးဆက်ဆံမှုကိုတိုးမြှင့်၍ လန်ချန်း-မဲခေါင်ချစ်ကြည်ရေးကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းသွားရပါမည်။

ကျွန်တော်တို့သည် ငြိမ်းချမ်းပြီး အေးချမ်းသာယာသည့် လန်ချန်း-မဲခေါင်ကို တည်ဆောက်ကာ မြစ်ဝှမ်းတစ်ခုလုံး စီမံခန့်ခွဲမှုပူးပေါင်းဆောင်ရွက် မှုကို အားကောင်းအောင် ဆောင်ရွက်ပြီး မြစ်အထက်ပိုင်းနှင့် အောက်ပိုင်း ဇလဗေဒအချက်အလက်များကို မျှဝေကာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အရှိန်အဟုန် မြှင့်တင်ပြီး “ဘေးကင်းလုံခြုံသော လန်ချန်း-မဲခေါင် လှုပ်ရှားမှု” နှင့် မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်ကာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် လုံခြုံ သောပတ်ဝန်းကျင်ကို ဖော်ဆောင်ရပါမည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်တည်ထောင်စဉ်ကပင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် “လေထဲတိုက် အိမ်ဆောက်ခြင်း (Talking-Shop)” မဟုတ်ဘဲ လက်တွေ့ကျကျ ဆောင်ရွက်သည့် “တွန်းအားပေးသည့် ယန္တရား”ကဲ့သို့ဖြစ်ရမည်ဟု ကျွန်တော်တို့ သဘောတူခဲ့ကြပါသည်။ ပြည်သူကို ဗဟိုပြုပြီး ခြောက်နိုင်ငံမှ ပြည်သူများ၏ သုခချမ်းသာကို ဖော်ဆောင်ပေးရပါမည်။ အစပျိုးမှုမှတ်တိုင်အသစ် တစ်ခုတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ နှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင် ခြင်းဟူသော သံတမန်ဆက်ဆံရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားပြီး မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံ နှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ သစ်လွင်သော “ရွှေရောင် (၁၀) နှစ်”ကို အတူတကွ အစပြုဖွင့်လှစ်ကာ ငြိမ်းချမ်းသော၊ အေးချမ်းသော၊ သာယာဝပြောသော၊ လှပသော၊ ချစ်ကြည်ရင်းနှီးသော လန်ချန်း-မဲခေါင် အိမ်ဂေဟာကို လက်တွဲတည်ဆောက်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လန်ချန်း-မဲခေါင်၏ အကျိုးပြုဆောင်ရွက်မှုများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။