တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် . . .
စိုးဝင်း (MANA)
ယနေ့အထိ ကျွန်တော်တို့ကြိုက်နှစ်သက်ဆဲ၊ လေလှိုင်းမှ အမြဲမပြတ်ပျံ့လွင့်လာနေဆဲ တေး သီချင်းတစ်ပုဒ်ဖြစ်သည့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စာသားများရေးသားပြီး ဆရာဦးရွှေတိုင် ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်စေခဲ့ခြင်းဖြစ်သည်ဟု မှတ်သားမိဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကြီးကို အင်အားတောင့်တင်းခိုင်မာအောင် ပြုစုပျိုးထောင်လိုသည်။ တိုးချဲ့ဖွဲ့စည်းရန် ဆန္ဒပြင်းပြခဲ့သည်။ ယင်းသို့ တပ်မတော်အင်အားတောင့်တင်းခိုင်မာပါမှလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းတွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အလောင်းဘုရားဟူ၍ အထင်အရှား မှတ်တမ်းတင်ထားခဲ့ကြသည်။ တပ်မတော်အင်အားခိုင်မာ တောင့်တင်းအောင် တည်ထောင်ခဲ့ကြသည့် အဆိုပါဘုရင်များလက်ထက်တွင် နိုင်ငံတော်သည် ခံ့ညား ထည်ဝါ၊ တင့်တယ်ဝင့်ကြွားခဲ့သည်။ အမျိုးဘာသာသာသနာအကျိုးကို ထိရောက်အောင်မြင်စွာ သယ်ပိုးနိုင်ခဲ့ကြသည်။ နိုင်ငံသူ နိုင်ငံသားများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက် ပေးနိုင်ခဲ့သည်။ တိုင်းတစ်ပါးက လေးစားခန့်ညား ခဲ့သည်။
အနော်ရထာ (အေဒီ ၁ဝ၄၄ - ၁ဝ၇၇) သည် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာစေရန်အတွက် ပဒေသရာဇ်မြို့ပြနိုင်ငံများကို မိမိဩဇာအာဏာအောက်ကို သိမ်းသွင်းခဲ့သည်။ စစ်သည်ရဲမက်များကိုဖွဲ့စည်းရာ၌ ကျေးရွာ၊ မြို့နယ်၊ ခရိုင်တို့၏ အင်အားအလိုက် ရာပြုမြို့၊ ထောင်ပြုမြို့များ သတ်မှတ်တည်ထောင်ခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးအခင်းပေါ်ပေါက်လာသည့်အခါ ယင်းခရိုင်၊ မြို့၊ ရွာများမှ သတ်မှတ်ဦးရေအတိုင်း လက်နက်ကိုင်တပ်ဖွဲ့များ စုစည်းသည်။ အေဒီ ၁ဝ၆ဝ ပြည့်နှစ်ခန့်က နန်းစောနှင့် အခြားပြည်ပကျူးကျော်မှုအန္တရာယ်များကို ခုခံကာကွယ်နိုင်ရန် ခံတပ်မြို့ပေါင်း ၄၃ မြို့ကိုလည်း တည်ထောင်ခဲ့သည်။ ယင်းသို့ နိုင်ငံတော်ကာကွယ်ရေး ပြင်ဆင်ကြိုးပမ်းတည်ဆောက်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတော် ၏ အခြေခံအုတ်မြစ် ခိုင်ခံ့ခဲ့သည်။
ဘုရင်အနော်ရထာ၏ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်း၌ အရေးပါသည့်အချက်တစ်ချက်မှာ စွမ်းရည်သတ္တိနှင့်ပြည့်စုံသော သူရဲကောင်းများကို မြတ်နိုးစွာ ချီးမြှင့်မြှောက်စားခြင်းပင် ဖြစ်သည်။ ၎င်းလက်ထက်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူသည့် သူရဲကောင်းများ ပေါ်ထွန်းခဲ့သည်။ ယင်းသူရဲကောင်းများ၏ စစ်ရေးစွမ်းရည်များက နိုင်ငံထူထောင်ရာတွင် များစွာ အကျိုးပြုခဲ့သည်။ အနော်ရထာလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝန်း စစ်မှန်သည့် ထေရဝါဒဗုဒ္ဓ ဘာသာကို ထွန်းကားစည်ပင်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည်။
ထေရဝါဒဗုဒ္ဓဘာသာ စည်ပင်ထွန်းကားလာသည်နှင့်အမျှ တိုင်းသူပြည်သားများ၏ ကိုယ်ကျင့် တရားများ တိုးတက်မြင့်မားကာ လူမှုရေးလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာလာသည်နှင့်အမျှ စားရေရိက္ခာပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပန်းလောင်မြစ်၊ မတ္တရာ မြစ်စသည်တို့မှ ဆည်ပေါင်းများစွာ တည်ဆောက်ကာ လယ်ယာစိုက်ပျိုးရေးကို အားပေးချီးမြှောက် ခဲ့ခြင်းကြောင့် ဆန်ရေစပါးပေါကြွယ်ဝကာ တိုင်းပြည်စည်ပင်ဝပြောခဲ့သည်။
အေဒီ ၁၆ ရာစုအဦးပိုင်း၌ နိုင်ငံမှာ စည်းလုံးမှုကင်းမဲ့ပြီး အကွဲကွဲအပြားပြားဖြစ်နေခဲ့သည်။ ယင်းအခြေအနေများကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းကာ စည်းလုံးညီညွတ်သော ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သူမှာ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ပင် ဖြစ် သည်။ ဘုရင့်နောင်သည် အစည်းပြေလျက်ရှိသော နိုင်ငံတစ်ဝန်းလုံးကို စစ်ရေးအင်အားဖြင့် သိမ်းသွင်း စုစည်းနိုင်ခဲ့ရုံသာမက ကသည်း၊ ဇင်းမယ်၊ လင်းပင်စသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်မြို့များကိုပါ ချီတက်တိုက်ခိုက်သိမ်းပိုက်ပြီး မြန်မာနိုင်ငံနှင့် တစ်ဆက်တစ်စပ်တည်း တပေါင်းတစည်းတည်း ဖြစ်စေခဲ့သည်။
ထို့နောက်ပိုင်းကာလတွင် စည်းလုံးညီညွတ်မှုပြိုကွဲပြီး သူတစ်လူငါတစ်မင်းဖြစ်ခဲ့ပြန်ရာ မြန်မာတစ်နိုင်ငံလုံး ပြန်လည်စည်းလုံး၍ နိုင်ငံ့အင်အား အထွတ်အထိပ်ရောက်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့သူမှာ အလောင်းဘုရား (အေဒီ ၁၇၅၂-၁၇၆ဝ) ဖြစ်သည်။ အလောင်းဘုရားသည် မိမိဒေသအတွင်း ပထမဦးစွာ စစ်ရေးအင်အား စတင်တည်ဆောက်လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ မြင်းရည်တက် သွေးသောက်အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်၍ မြေလှန်စနစ်ကို စစ်နည်းဗျူဟာမြောက်ကျင့်သုံးခဲ့ကာ တပ်အင်အားကို ကြီးမားစေခဲ့သည်။ ၁၇၅၄ ခုနှစ်မှ ၁၇၅၇ ခုနှစ်အတွင်း ချင်းတွင်း၊ အင်းဝ၊ မိုးညှင်း၊ မိုးကောင်း၊ ပြည်၊ မြန်အောင်၊ ဒဂုံ၊ သန်လျင်၊ ဟံသာ ဝတီစသည်ဖြင့် အကွဲကွဲအပြားပြား သူတစ်လူ ငါတစ်မင်းဖြစ်နေသော မြို့ပြနိုင်ငံငယ်လေးများအား တိုက်ခိုက်သိမ်းသွင်းကာ တပ်မတော်အင်အား တောင့်တင်းခိုင်မာစေခဲ့သည်။ တပ်မတော်အင်အား ကြီးမားလာသည်နှင့်အမျှ ၁၇၅၈ ခုနှစ်တွင် မဏိ ပူရအားလည်းကောင်း၊ ၁၇၅၉ ခုနှစ်တွင် အယုဒ္ဓယမြို့အားလည်းကောင်း ချီတက်တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းဖြင့် မြန်မာ့တပ်မတော်၏အင်အားစွမ်းပကားကို ပြသခဲ့သည်။
ကုန်းဘောင်မင်းဆက် နောက်ပိုင်းဘုရင်များ၏ စွမ်းရည်ကျဆင်းမှု၊ နည်းပရိယာယ်မကြွယ်ဝမှု၊ စည်းလုံးညီညွတ်ခြင်းအားနည်းမှုစသည်တို့ကြောင့် နိုင်ငံတော်သည် အင်အားချည့်နဲ့သွားခဲ့ပြီး ထီးကျိုး စည်ပေါက်၊ သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ မြန်မာ-အင်္ဂလိပ်စစ်ပွဲသုံးကြိမ်၏ တိုက်ပွဲစဉ်များကို အသေးစိတ်လေ့လာသုံးသပ်မည်ဆိုပါက မြန်မာတို့၏ မယှဉ်သာသော ဇာတိသွေး ဇာတိမာန်နှင့် သူ့ကျွန်မခံလိုသော ဇွဲသတ္တိအားမာန်အပြည့်အဝရှိသော်လည်း လူ၊ လက်နက်တောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်တည်ဆောက်နိုင်မှုမရှိခဲ့ခြင်းကြောင့်လည်း မိမိတို့ထက် လူ၊ လက်နက်အင်အားအရာတွင် အဆများစွာသာလွန်သည့် ဗြိတိသျှနယ်ချဲ့တို့ကို အားမတန်၍ မာန်လျှော့ခဲ့ရသည်။ မြန်မာတို့က ဓားကိုဓားချင်း၊ လှံကိုလှံချင်း အသက်ချင်းလဲ၍ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူများ ဖြစ်ကြ သော်လည်း အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ဓားနှင့် သေနတ်၊ လှံနှင့်အမြောက် ယှဉ်ပြိုင်ခဲ့ရခြင်းကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့အဘိုးအဘွားများ၏ အသက်သွေးပေါင်းများစွာဖြင့် ရင်းနှီးရယူခဲ့ရသော လွတ်လပ်ရေးကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးအတွက် ထာဝစဉ်ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကြီးကို မပြိုကွဲအောင် ဝိုင်းဝန်းကူညီစောင့်ရှောက်ရန် လိုအပ်ပါသည်။ တပ်မတော်ကြီး ပိုမိုခေတ်မီတိုးတက်အောင်၊ ခိုင်မာတောင့်တင်းအောင်လည်း အဘက်ဘက်မှ ဝိုင်းဝန်းကူညီရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးအချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် Military Might ခေါ် တပ်မတော်အင်အား တောင့်တင်းခိုင်မာမှုသည် မရှိလျှင်မဖြစ်သည့် အဓိက စွမ်းအားတစ်ရပ် ဖြစ်သည်။ Military Might ရှိမှသာ တိုင်းပြည်ငြိမ်းချမ်းသာယာ၍ Unity Might ခေါ် စည်းလုံး ညီညွတ်မှုစွမ်းအားနှင့် Economic Might ခေါ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစွမ်းအားများ ပြည့်ဝလာမည်ဖြစ်သည်။ ယခုအခါ Economic Might နှင့် ပြည့်စုံ ၍ ခေတ်မီတိုးတက်လျက်ရှိသော ကမ္ဘာ့နိုင်ငံကြီး များပင် Military Might ကို အထူးအလေးထားလျက် ခေတ်မီဆန်းသစ်သော နည်းပညာရပ်များနှင့် လက်နက်စွမ်းပကားကို တီထွင်ထုတ်လုပ်အသုံးပြုနေကြသည်။
ယောမင်းကြီးဦးဖိုးလှိုင် (မြန်မာသက္ကရာဇ် ၁၁၉၁-၁၂၄၅)၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံကာကွယ် ရေးစိတ်ဓာတ်များဖြင့် ရေးသားဆုံးမခဲ့သည့် “စစ်သည်လက်နက်အင်အားနှင့် ပြည့်စုံမည်ဆိုလျှင် တစ်ပါးသူတို့ ကြံဝံ့မည်မဟုတ်၊ တိုင်းပြည်ငြိမ်းချမ်းသာယာ၍ ပြည်သူပြည်သားတို့ ချမ်းသာကြမည် ဖြစ်သည်၊ သို့မဟုတ်က နှာခေါင်းရှည်ရှည်နှင့် လူမျိုးခြားတို့က ကျွန်ုပ်တို့ မြန်မာအမျိုးသမီးများကို နမ်းရှုပ်ခြင်းပြုကြလိမ့်မည်” ဟူသောစကားသည် ယခုအခါ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်သော် လည်း မှန်ကန်နေဆဲပင်ဖြစ်သည်။ နောင်နှစ်ပေါင်းထောင်သောင်းသိန်းသန်းမက ကမ္ဘာတည်သရွေ့ လည်း ဆက်လက်မှန်ကန်နေဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့သားစဉ်မြေးဆက် ထာဝရမှတ်သား လိုက်နာကြရမည့် ဆုံးမဩဝါဒများပင် ဖြစ်သည်။
တပ်မတော်အင်အား ခိုင်မာတောင့်တင်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ် အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်ပေးခဲ့သည်။ တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်းတပ်ဖွဲ့များကိုသာမက တပ်မတော် (ရေ)၊ တပ်မတော် (လေ) နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုလည်း မြှင့်တင်ပေးခဲ့သည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့ဝင်များတွင် လိုအပ်သည့် လက်နက်စနစ်များ အပြင် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ဖြည့်တင်းခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက် နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည် သည့် နေ့ရက်သတ်မှတ်ခဲ့ပြီး အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုသည့် သားကောင်းရတနာ များကို စည်းရုံးစုစည်းကာ အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။ သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများက ရဲစွမ်းသတ္တိအပြည့်ဖြင့် နိုင်ငံ့ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေ ကြသည်၊ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသည်ကို တွေ့မြင်ကြားသိရသဖြင့် အထူးဂုဏ်ယူဝမ်းမြောက် ဖြစ်ရပါသည်။ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု၍ ဆရာရွှေတိုင်ညွန့်၏ အောက်ပါ တေးတစ်ပိုဒ်ဖြင့် နိဂုံးချုပ်လိုက်ပါသည်-
“တပ်မတော်သာလျှင် နိုင်ငံ့အမြတ်ကို ပေးအပ် နိုင်လိမ့်မည် xxxxx တပ်မတော်သာလျှင် နိုင်ငံ့ အကျိုးကို တိုးတက်စေနိုင်သည် xxxxx တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် xxxxx တပ်မတော်အင်အားရှိအောင် စွမ်းဆောင်ကာ ကြံစည် xxxxxxx ငွေအားနဲ့ လူအားနဲ့၊ လူအားနဲ့ ငွေအားနဲ့ အရာရာမှာကူညီ xxxxxxxx အင်အားသစ် ဖြည့်တင်းဖို့၊ ခွန်အားသစ်ထပ်လောင်းဖို့ နှိုးဆော်ပါသည် …. အကျိုးမျှော်ကာရည် xxxxxxxx တပ်မတော်သည် နိုင်ငံ့လက်နက်အကြီးဆုံး ဖြစ်တော့သည်”။
ကျမ်းကိုး
အနော်ရထာ- ဒေါက်တာကျော်ဝင်း
ဘုရင့်နောင် - ကထိကဦးစိန်လွင်လေး
အလောင်းမင်းတရား- ဒေါ်အုန်းကြည်
ဆောင်းပါးရှင် စိုးဝင်းမောင်၏ ၂၃-၃-၂ဝ၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါဆောင်းပါး
