Skip to main content

တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်၊ တပ်မတော်ရဲ့အစဉ်အလာကို စောင့်ထိန်း

မီကီ(၅၈)

ဖေဖေ့သားတောင် စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့ဆိုတာလို ဘာလိုလိုနဲ့ ဗိုလ်မှူးကြီးတောင် ဖြစ်လာပါရောလား။ ဟုတ်တာပေါ့။ ၂ဝဝ၃ ခုနှစ်မှာ စစ်တက္ကသိုလ်သင်တန်း ဆင်းခဲ့တာဆိုတော့ အခုဆိုရင် စစ်သက်က ၂၃ နှစ်တောင်ကျော်နေပြီပဲ။ တပ်မတော်ကြီးကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နေတဲ့ကာလမှာ တပ်မတော်သားဖြစ်ခွင့်ရတာဂုဏ်ယူစရာပါ။ လူသားထဲမှာမှ ယောကျ်ား၊ ယောကျ်ားထဲမှာမှ စစ်သားဖြစ်ရတာရတောင့်ရခဲပါ။ ဟုတ်တယ်လေ။ ယောက်ျားဖြစ်မှ စစ်သားလုပ်ခွင့်ရတာတော့ မဟုတ်ပါဘူး။ အခုဆိုရင် စစ်သမီးတွေ၊ အမျိုးသမီးအရာရှိတွေကို မွေးထုတ်နေပြီလေ။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ လက်ရှိအချိန်မှာ အမျိုးသမီး (အရာရှိ / အခြား အဆင့်) ၅၀၀၀ ကျော်က အမျိုးသားတွေနဲ့တန်းတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်နေကြပြီ။ အမျိုးသမီးလေသူရဲ၊ လေယာဉ်မှူးတွေကိုတောင် မွေးထုတ်ပေးနိုင်ခဲ့ပြီတဲ့။ ဂုဏ်ယူစရာပါ။

အခုနောက်ပိုင်း တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွေဟာ အလွန်ကိုကြီးကျယ်ခမ်းနားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စစ်ကြောင်းက သာမန်ချီတက်အလေးပြုရုံ မဟုတ်တော့ဘဲ စစ်လက်နက်ပစ္စည်းတွေသယ်ဆောင်လာ တဲ့ယန္တရားယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ၊ လေထီးတပ်ဖွဲ့ဝင်တွေ ပါဝင်ချီတက်အလေး ပြုတာတွေ့ရ၊ မြင်ရတော့ ဝမ်းသာလှိုက်လှဲမိတာ ကြက်သီးတောင် ထတဲ့အထိပါပဲ။

တကယ်တော့ ဒါတွေဟာ ဖေဖေတို့ရဲ့အိပ်မက်တွေပါပဲ။ "Dreams will come true." ဆိုတာလို ဖေဖေတို့ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာတာပေါ့။ ဖေဖေတော့ဖြင့်လေ ဗိုလ်လောင်းဘဝကတည်းက ဖေဖေချစ်တဲ့တပ်မတော်ကြီးကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်စေချင်တာပါ။ ဖေဖေဗိုလ်လောင်းတုန်းက တပ်မတော်နေ့စစ်ရေးပြမှာ ပါဝင်ချီတက်ခွင့်ရခဲ့ဖူးတယ်။ အဲဒီတုန်းက သားရဲ့ဘကြီး (သူလည်းတပ်မတော်သားပါပဲ။ အဲဒီတုန်းက ဗိုလ်ကြီးအဆင့်ပဲရှိသေးတယ်။) ဆီ စာရေးတဲ့အခါမှာ“တစ်နေ့နေ့ကျရင် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခြေလျင်စစ်သည်တွေတင်မဟုတ်ဘဲ စစ်လက်နက်ပစ္စည်းတွေ၊ ဒုံးပျံတွေသယ်ဆောင်ထားတဲ့ ယာဉ်ယန္တရားတွေက ချီတက်အလေးပြုတာကို မြင်ချင်စမ်းလှတယ်” ဆိုပြီး ရေးခဲ့ဖူးတယ်။ သားရဲ့ဘကြီးက ခပ်တိုတိုပဲပြန်စာရေးခဲ့တယ်။ "Your dreams will come true in the near future." တဲ့။ အဓိပ္ပာယ်က “မင်းအိပ်မက်တွေ မကြာမီအကောင်အထည်ပေါ်လာမှာပါ”ပေါ့။ အခုတော့ ဖေဖေ့အိပ်မက်တွေ အကောင်အထည်ပေါ်လာပြီလို့ ပြောရမှာပေါ့။

သားရေ-

တပ်မတော်ကြီးကို ဒီလိုအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်အောင် ကြိုးပမ်းနေချိန်မှာ မနာလို၊ မရှုဆိတ်တဲ့လူတစ်စုက စွပ်စွဲပုတ်ခတ်မှု၊ နှိမ့်ချမှု၊ ကောလာဟလထုတ်လွှင့်မှုတွေကတော့အမျိုးမျိုးပါပဲ။ တကယ်တော့တပ်မတော်ဟာ နိုင်ငံတော်ကိုကိုယ်စားပြုတဲ့ တပ်မတော်ပဲဖြစ်ပါတယ် သားရယ်။ နိုင်ငံတော်ကိုကိုယ်စားပြုတဲ့အတွက် နိုင်ငံတော်နဲ့ ပြည်သူရဲ့အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်လျက်ရှိတဲ့ တပ်မတော်ပါ။

မြန်မာ့တပ်မတော်ဟာ ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုတွေနဲ့ ဖွဲ့စည်းထားတဲ့ မျိုးချစ်ပြည်ထောင်စုတပ်မတော်ကြီးပါ။ ပြည်ထောင်စုတိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့တိုင်းရင်းသားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ တပ်မတော်တစ်ရပ်ပေါ့။ တစ်ခါတုန်းက ပြင်သစ်နိုင်ငံက မဟာဗျူဟာလေ့လာရေးဌာန၊ ဌာနမှူးတစ်ယောက်နဲ့ ဖေဖေတွေ့ဆုံ စကားပြောခွင့်ရခဲ့တယ်။ သူကတော့ ဖေဖေတာဝန်ထမ်းဆောင်ခဲ့တဲ့ သင်တန်းကျောင်းနဲ့ပတ်သက်ပြီး မေးမြန်းတာပါ။ သူက “Are there any other nationals in your course a part from Myanmar?” မေးခဲ့တယ်။ “မင်းတို့သင်တန်းမှာ မြန်မာအပြင် အခြားတိုင်းရင်းသားတွေ သင်တန်းတက်ရောက်နေသလား ...” ပေါ့ “As you know, our Tatmadaw compries national brethren. We have Kachin, Kayar, Kayin, Chin, Mon, Rakhine, Shan nationals as trainees a part from Myanmar in our course.” လို့ ပြန်ပြောလိုက်တယ်။ “မင်းသိတဲ့အတိုင်း၊ ငါတို့တပ်မတော်ဟာ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ဖွဲ့စည်းထားတာပါ။ ငါတို့ရဲ့သင်တန်းမှာ မြန်မာအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတိုင်းရင်းသားတွေဟာ သင်တန်းသားအဖြစ် တက်ရောက်နေကြတယ်” ဆိုပြီးပြောလိုက်တော့ ခေါင်းတညိတ်ညိတ်နဲ့ ကျေနပ်နေပုံပါပဲ။

ဒီတော့ ပြောစမ်းပါရစေသားရေ။ တပ်မတော်ဟာ လူမျိုးရေးမုန်းတီးမှုကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကို နှိမ်နင်းနေတာမဟုတ်ပါဘူး။ စစ်သည်တော်ကျင့်ဝတ် (၆ဝ)ထဲမှာပါတဲ့ ရန်သူအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်(၅)ပါးက ဒီလိုမဟုတ်လား-

စစ်မြေပြင်တွင် ရန်သူကို နေလို၊ မီးလိုကျင့်ပါ။

ရန်သူကို ရန်သူလို သဘောထားပါ။

ရန်သူက အညံ့ခံလျှင် မိမိကခွင့်လွှတ်သည့် စိတ်ဖြင့်ပြုမူဆက်ဆံပါ။

ရန်သူကို အထင်လည်းမကြီး၊ အထင်လည်းမသေးမိစေရန် သတိပြုပါ။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် ရန်သူကိုမတိုက်လျှင်မဖြစ်၍သာ တိုက်နေရကြောင်း နားလည်ပါစေ။

ဒါတွေဟာ ရန်သူအပေါ်ထားတဲ့ တပ်မတော်ရဲ့ သဘောထားခံယူချက်တွေဖြစ်ပြီး တပ်မတော်ဟာ ရန်သူကို မတိုက်မဖြစ်လို့ တိုက်နေရတာပါ။ ရန်သူက လက်နက်ချအလင်းဝင်လာရင် တန်းတူရည်တူဆက်ဆံပြီး သဘောထားကြီးစွာ ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းရင်းသားနယ်မြေအချို့မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကတော့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ တပ်မတော်အပေါ်မှာ ဒီလိုသဘောထားခံယူချက်မရှိကြဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဖမ်းဆီးရမိတဲ့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေကို ရက်ရက်စက်စက် ညှဉ်းပန်းရက်စက်သတ်ဖြတ်တာတွေဟာ တကယ့်ကို လူမဆန်လွန်းလှပါတယ်။

သားတို့ စစ်ဗျူဟာဟာ နယ်မြေစိုးမိုးရေးတာဝန် ထမ်းဆောင်ရင်း ဆေးပေးခန်းမရှိတဲ့ကျေးရွာတွေ ရောက်တဲ့အခါ ပြည်သူတွေကို ဆေးကုသပေးတယ်လို့ သားရဲ့စာထဲမှာဖတ်ရတော့ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ရမယ်ဆိုတဲ့ တပ်မတော်ရဲ့ တာဝန်တစ်ရပ်ကို ဖေဖေ့သားတစ်ယောက်ဆောင် ရွက်နိုင်စွမ်းရှိနေပြီဆိုတာ နားလည်လိုက်မိလို့ ဝမ်းသာမိပါတယ်။ သတင်းစာတွေထဲမှာ၊ ရုပ်မြင်သံကြားတွေထဲမှာ ဖတ်မိ၊ ကြည့်မိမှာပေါ့။ တပ်မတော် ဆေးကုသရေးအဖွဲ့တွေဟာ ဆေးရုံ၊ ဆေးပေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသတွေအထိအရောက်သွားပြီး အခမဲ့ဆေးကုသပေးနေတာတွေ၊ ရေရှားပါးတဲ့ အရပ်ဒေသတွေမှာ ရေပေးလှူနေတာတွေဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု ကြီးတည်ဆောက်နေချိန်မှာ နိုင်ငံတော်အစိုးရအဆက်ဆက်ကို တပ်မတော်အနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးနေတာပါပဲ။ သားတို့စစ်ကြောင်းရဲ့လုပ်ရပ်ဟာ ပြည်သူကိုစည်းရုံးခြင်းဖြစ်ပြီး တပ်မတော်လုပ်ငန်းတာဝန်သုံးရပ်ထဲက လုပ်ငန်းတာဝန်တစ်ရပ်ကို အကောင်အထည်ဖော် နေတာလို့ ဖေဖေတော့ အသိအမှတ်ပြုချင်ပါတယ်။

ပြည်ပသတင်းမီဒီယာတွေက သတင်းတွေဖတ်ရှုတယ်၊ နားထောင်တယ်ဆိုပြီး သားရဲ့ စာထဲမှာရေးထားတာ ဖတ်ရပါတယ်။ ပြည်ပသတင်းမီဒီယာက သတင်းကိုရယူတာဟာ Globalization ဖြစ်စဉ်အရ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာချိန်မှာ ခေတ်ကာလကို မျက်ခြည်မပြတ်ဘဲ နိုင်ငံတကာ ရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သိနိုင်တာတော့အမှန်ပဲ။ ဒါပေမယ့် ပြည်ပသတင်းမီဒီယာအများစုဟာ ဗဟုသုတရဖွယ်အစီအစဉ်တွေပါရှိသလို သူတို့အလိုကျမဟုတ်တဲ့၊ သူတို့အနိုင်ကျင့်ဗိုလ်ကျချင်တဲ့၊ ကမ္ဘာ့နိုင်ငံအချို့၊ အဲဒီထဲမှာပါတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်အပေါ် ရည်ရွယ်ချက်ကြီးမားစွာ အစဉ်အဆက်တိုက်ခိုက်ပုတ်ခတ်နေတဲ့ အစီအစဉ်တွေလည်းပါဝင်နေတာ ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်တဲ့အပြင် ဗိုလ်မှူးကြီးတစ်ယောက်တောင်ဖြစ်နေတဲ့ သားအနေနဲ့သတိထားမိမှာပေါ့။ မှန်တာက ၂၅ ရာခိုင်နှုန်း၊ မဟုတ်မမှန် သားပုပ်လေလွင့်ပြောတာက ၇၅ ရာခိုင်နှုန်းဆိုတော့ ဆင်ခြင်တုံ တရားနည်းပါးသူတွေအတွက်တော့ ဟုတ်နိုးနိုးပေါ့။ ဒီတော့ ယူသင့်တာယူ၊ ပယ်သင့်တာပယ်ပေါ့ သားရေ။

မီဒီယာလွတ်လပ်ခွင့်ပေးခဲ့ချိန်တုန်းက စာစောင်အချို့ဟာ အစိုးရကိုမကောင်းမြင်ဝါဒနဲ့ ဝေဖန်၊ တပ်မတော်ကိုပုတ်ခတ်တဲ့ ပေါ်ပင်ဆောင်းပါးကို အလုအယက်ထည့်ပြီး ရောင်းအားတက်အောင် လုပ်ခဲ့ကြတယ်။ ငယ်စဉ်က စာစီစာကုံးကိုတောင် နိဒါန်း၊ စာကိုယ်၊ နိဂုံးမှန်အောင်မရေးနိုင်တဲ့သူတွေ ကလည်း တပ်မတော်ကို ပုတ်ခတ်ဝေဖန်တဲ့စာတွေရေးပြီး ခေတ်ပေါ်စာရေးဆရာတွေ ဖြစ်ခဲ့ဖူးကြလေရဲ့။

လူဆိုတာ ဆင်ခြင်တုံတရားရှိကြရမှာပါ။ ဟုတ်၏၊ မဟုတ်၏၊ မှန်၏၊ မမှန်၏ကို ဆင်ခြင်တုံတရားနဲ့ ပိုင်းခြားဝေဖန်တတ်ရမှာပေါ့။ ကောင်းပြီလေ။ ကျီးကန်းဆိုတာမည်းမှန်း လူတိုင်းသိကြတာပါပဲ။ ဒါပေမယ့် “ကျီးကန်းဆိုတာအဖြူပါ” ဆိုပြီး စကားပြောကောင်းသူကပြောတိုင်း၊ စာရေးကောင်းသူက ရေးတိုင်း၊ နားယောင်ကြတော့မှာလား။ ယုံကြတော့မှာလား။ မေးလိုက်ချင်စမ်းရဲ့။

တပ်မတော်ဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့မျိုးချစ်တပ်မတော်ပါ။ အစဉ်အလာကြီးမားပြီး စည်းကမ်းရှိတဲ့ တပ်မတော်ပါ။ တပ်မတော်ကို အမျိုးမျိုးလက်ညှိုးထိုးပြီး တပ်မတော် အင်အားချည့်နဲ့အောင်၊ တပ်မတော်နဲ့ ပြည်သူသွေးကွဲအောင် စကားပြောကောင်းသူက နားဝင်အောင်ပြောတိုင်း၊ စာရေးကောင်းသူက တဖွဲ့တနွဲ့ရေးတိုင်း နားယောင်ကြမှာလား။

နိုင်ငံတော်အစိုးရဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသားပြန်လည်စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာအားလုံး အသိပါ။ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော တပ်မတော်သားတွေလောက် ငြိမ်းချမ်းရေးကို လိုလားသူ၊ မြတ်နိုးသူဆိုတာမရှိနိုင်ပါဘူး။ တပ်မတော်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နှိမ်နင်းနေရတာဟာ မလုပ်မဖြစ်လို့ လုပ်နေရတာပါ။ ဒါကိုလည်း ပြောကြပါသေးရဲ့။ တပ်မတော်ကပဲ ငြိမ်းချမ်းရေးကိုမလိုလားဘူး၊ ငြိမ်းချမ်းရေးကျင့်ဝတ်တွေ ချိုးဖောက်တယ်ဆိုပြီး ပြောချင်တိုင်းပြောနေကြ သေးတယ်။ ဖေဖေတို့တပ်မတော်သားတွေကတော့ စည်းကမ်းနဲ့ ဥပဒေကြားမှာ ကြီးပြင်းလာကြတော့ ခံပြင်းပေမယ့် မျက်ကန်းတစ္ဆေမကြောက်ဆိုတာလို ပြောချင်တိုင်းပြော၊ ပုတ်ခတ်ချင်တိုင်း ပုတ်ခတ်နေ ကြတာကို ပြန်ပြီးမတုံ့ပြန်ဘဲ အလုပ်နဲ့ပဲသက်သေပြနေတာပါ။ ဒါကို သူတို့ဘာသာသူတို့ အဟုတ်ကြီး ထင်နေကြပြန်ရော။ ခက်သားလားသားရယ်။ လူကောင်းနဲ့ ခွေးရူးလိုတော့ဖြစ်နေပြီ။ ခွေးရူးနဲ့တော့ ဖက်ပြိုင်ပြီး ကိုက်လို့မရနိုင်ပါဘူး။ ဒီတော့ အမှန်တရားဆိုတာ တစ်နေ့နေ့မှာ အောင်ပွဲရမှာဆိုတဲ့ ဓမ္မတာအတိုင်း အဲဒီတစ်နေ့နေ့ကိုပဲ ဖေဖေတို့မှာ မျှော်တလင့်လင့်နဲ့ စောင့်မျှော်နေကြရတာပါ။

(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ ရက်နေ့မှာ ခမ်းခမ်းနားနား ကျင်းပတော့မှာဖြစ်လို့ ဖေဖေ့ကို တက်ရောက်ဖို့ ဖိတ်ကြားလာလို့ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာ တက်ရောက်လိုက်ဦးမယ်လေ။ သားကတော့ နယ်မြေလုံခြုံရေးနဲ့ စိုးမိုးရေးတာဝန်နဲ့ အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေတော့ ရုပ်မြင်သံကြားတို့၊ အွန်လိုင်းတို့ကနေပဲ ကြည့်ရှုနိုင်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ပြည်သူချစ်တဲ့ တပ်မတော်၊ ပြည်သူကိုချစ်တဲ့ တပ်မတော်၊ ပြည်ထောင်စုတပ်မတော်ကြီး တိုးတက်ပြောင်းလဲပြီး စွမ်းရည်ထက်မြက်၊ အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော် (Standard Army)ကြီး ဖြစ်လာတာကို ဂုဏ်ယူအားပေးလိုက်ကြရအောင်ပါသားရေ။

ဒီတော့ ပြောလိုက်စမ်းပါရစေ သားရေ..။ ဖေဖေ တို့သားတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ တပ်မတော်ကြီးရဲ့ဂုဏ်ကိုမြှင့်တင်ပါ။ တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါ။ ပြောသင့်တာကိုပဲ ပြောပါ။ ပေါင်းသင့်တဲ့သူနဲ့ပဲပေါင်းပါ။ သွားသင့်တဲ့နေရာကိုသွားပါ။ ပြီးတော့. . . ဖတ်သင့်တာဖတ်၊ နားထောင်သင့်တာ နားထောင်ပါ။ ဒါပေမယ့်. .သွေးထိုးလှုံ့ဆော်တဲ့ အဖျက်စကားတွေတော့ နားမယောင်စေနဲ့ သားမောင်ရေ. . ”။ ။