အလေးအနက်ပေးဝေ ပညာအမွေ
သတင်းထောက် သာထူး
ပညာခေတ်ကြီးထဲမှာ သေစာရှင်စာထက် ပိုပြီးပညာကို မသင်ချင်ကြတဲ့ကိစ္စကနိုင်ငံအတွက် အတော်အန္တရာယ်ကြီးတဲ့ကိစ္စဗျ။ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် လူဦးရေရဲ့ ၉၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ကြတယ်။ လူ ၁ဝ ယောက်မှာ ၉ ယောက် စာတတ်ကြတယ်ပေါ့ဗျာ။ အဲဒီလိုစာတတ်မြောက်မှုနှုန်းမြင့်မားတယ်ဆိုပေမယ့် နိုင်ငံအတွက်အားကိုးအားထားပြုရမယ့် ပညာတတ်ဦးရေကတော့ အင်မတန်မှနည်းပါးလှပါတယ်။ နည်းပါးရတဲ့အကြောင်းရင်းကို ကြည့်လိုက်တော့ ပညာကိုတန်ဖိုးထားပြီး လေးလေးနက်နက် သင်ပေးလိုမှုတွေ ကင်းမဲ့ကြလို့ဆိုတာကို တွေ့ရပါတယ်။
ဒီနေရာမှာ သင်ပေးလိုမှုတွေကင်းမဲ့တယ်လို့ ဆိုရတာက အဓိကအားဖြင့် သားသမီးတွေရဲ့ပညာရေးကို အများအားဖြင့် မိဘတွေက အဆုံးအဖြတ်ပေးခဲ့ကြတာဖြစ်လို့ပါ။ “ဒီလောက်တတ်ရင်တော်ရောပေါ့။ ရှေ့ဆက်သင်တော့ရော ဘာထူးမှာမို့လို့လဲ။ ဘွဲ့ရပြီးတော့ရော ဘာဖြစ်လာမှာမို့လို့လဲ” ဆိုတဲ့ စကားမျိုးတွေနဲ့ လူကောင်လေးထွားလာ၊ လက်တိုလက်တောင်း ခိုင်းလို့ရလာပြီဖြစ်တဲ့ သားသမီးတွေကို ကျောင်းထွက်ခိုင်းလိုက်ကြတယ်။ သမီးမိန်းကလေးဆိုရင် အမေ့ကိုဝိုင်းကူ ဈေးရောင်း၊ ကလေးထိန်း၊ ထမင်းချက်။ သားယောက်ျားလေးကလည်း အဖေ့ကိုဝိုင်းကူ၊ လယ်အလုပ်၊ ကိုင်းအလုပ်၊ အင်းအလုပ်၊ တံငါအလုပ်တွေ။ စက်ပြင်၊ ကားမောင်းကုန်ရောင်းကုန်ဝယ်အလုပ်တွေ။ တောတက်ထင်းခွေ၊ သစ်ခုတ်၊ ဝါးခုတ်၊ မှိုရှာ၊ မျှစ်ချိုး အလုပ်တွေ။ တစ်ခါတစ်ခါလည်း အိမ်မှာရှိနေတဲ့ နာတာရှည် မိခင်ဖခင်၊ အဘိုးအဘွားကိုပြုစုဖို့ စတဲ့ အကြောင်းကြောင်းတွေနဲ့ စာသင်ခန်းကို ကျောခိုင်းခဲ့ကြရတယ်။
ကျောင်းထွက်ရခြင်းသည် ပညာရေးစနစ်ကြောင့် မဟုတ်
ပညာသင်ကြားနေကြရမယ့် ကျောင်းနေအရွယ်ကလေးငယ်တွေ ကျောင်းဆက်မတက်ကြရတာဟာ နိမ့်ကျနေတဲ့ လူမှုစီးပွားဘဝအခြေအနေတွေကြောင့်ဖြစ်တယ်ဆိုတာကို ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ အချက်အလက် ကိန်းဂဏန်းတွေနဲ့ တိတိကျကျ ဖော်ထုတ်ထားတယ်ဗျ။ အဲဒီထဲမှာကလေးတွေ ကျောင်းဆက်မတက်ရတဲ့ အဓိကအကြောင်းရင်းနဲ့ ပတ်သက်လို့ “ကျောင်းသူ ကျောင်းသားအများစု ကျောင်းထွက်ရခြင်းသည် ပညာရေးစနစ်ကြောင့် မဟုတ်ဘဲ မိသားစုအတွင်း ဖိအားများကြောင့်ဖြစ်ကြောင်း ဖော်ပြနေပါသည်။ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည့် မိသားစုကိုကူညီရန်၊ အိမ်အလုပ်များ လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်အတွက် ကျောင်းထွက်ရခြင်းသည် ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိနေရာ အိမ်မှုကိစ္စနှင့် ပြုစုစောင့်ရှောက်မှုတာဝန်များက ကလေးများနှင့် ဆယ်ကျော်သက်များကို ကျောင်းမှထွက်ရန် ပြဆိုနေပါသည်” လို့ သုံးသပ်ထားတာကို တွေ့နိုင်ပါတယ်။
“ဒုတိယအရေးပါသော အကြောင်းရင်းမှာ စီးပွားရေးနှင့်သက်ဆိုင်သည့် ကျောင်းစရိတ်မတတ်နိုင်ခြင်း (၂၀ ဒသမ ၆ ရာခိုင်နှုန်း)၊ လုပ်ငန်းခွင်လိုအပ်ချက်များ(စိုက်ပျိုးရေး ၁၂ ဒသမ ၁ ရာခိုင်နှုန်း၊ အခြားလုပ်ငန်းများ ၁၃ ဒသမ ၁ ရာခိုင်နှုန်း)တို့ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကျောင်းဆက်မနေနိုင်ကြသူများ၏ ထက်ဝက်ခန့်သည် မိသားစုလိုအပ်ချက် သို့မဟုတ် ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းကြောင့် ဖြစ်ပါသည်”လို့လည်း ဖော်ပြထားပါတယ်။
“ထို့အပြင် ကျောင်းဆက် မတက်သူများ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းက ‘လိုချင်သော ပညာရေးအဆင့်ကို ပြီးမြောက်ပြီး ကျောင်းထွက်ကြောင်း’ ဖြေဆိုထားကြရာ ၎င်းတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့၏ မိသားစုများက အလယ်/အထက်တန်းအဆင့်အထိသာ မျှော်မှန်းထားကြောင်း ညွှန်ပြနေပါသည်။ ကလေး၏ သင်ယူမှုအခက်အခဲ သို့မဟုတ် စိတ်မဝင်စားမှု (၄ ဒသမ ၄ ရာခိုင်နှုန်း)၊ နာမကျန်းခြင်း သို့မဟုတ် မသန်စွမ်းခြင်း (၂ ဒသမ ၃ ရာခိုင်နှုန်း) ကဲ့သို့သော အကြောင်းရင်းများရှိသော်လည်း ရာခိုင်နှုန်း အနည်းငယ်သာရှိကြောင်း တွေ့ရပါသည်” လို့လည်း ဆိုထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးတွေ ကျောင်းထွက်ကြရတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို ကိန်းဂဏန်းအချက်အလက်တွေနဲ့ တိတိကျကျတွေ့ကြရမှာ ဖြစ်ပါတယ်။
ရေတိုရေရှည်စီမံကိန်းတွေနဲ့ စဉ်ဆက်မပြတ်လုပ်ကိုင်
ဒီနေရာမှာ ဆင်းရဲနွမ်းပါးလို့ အသိပညာဆင်းရဲ၊ အသိပညာဆင်းရဲလို့ ပညာမတတ်၊ ပညာမတတ်လို့ ဆင်းရဲနွမ်းပါးဆိုတဲ့ ကရွတ်ကင်းလျှောက် သံသရာက လွတ်မြောက်အောင် ပထမဆုံးရုန်းကန်ကြရမှာက ကာယကံရှင်မိဘတွေနဲ့ ကျောင်းသား ကျောင်းသူတွေပဲဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒုတိယတာဝန်ရှိကြတာက ကျွန်တော်တို့ တစ်မျိုးသားလုံးပါ။ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေတဲ့ ပညာ ရေး နိမ့်ကျမှုနဲ့ပတ်သက်လို့ ဟိုအပြစ်ရှာ၊ ဒီလက်ညှိုးထိုးလုပ်နေလို့ အဖြေမထွက်၊ အလုပ်မဖြစ်နိုင်တာမို့ လတ်တလောမှာ ကျောင်းသားတွေ ကျောင်းမထွက်အောင် ဝိုင်းဝန်းဖေးမကြတာကနေစလို့ ဆင်းရဲ နွမ်းပါးမှု ပပျောက်အောင် ဆောင်ရွက်တာအထိ ရေတိုရေရှည်စီမံကိန်းတွေနဲ့ စဉ်ဆက်မပြတ် လုပ်ကိုင်သွားကြရမှာဖြစ်ပါတယ်။
တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဟိုးရှေးကတည်းက ပညာကိုတန်ဖိုးထားအားပေးတဲ့ လူ့အဖွဲ့အစည်းပါ။ အင်းဝခေတ်စာဆိုတော်ကြီး ဆရာတော် ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာမှာ “အဋ္ဌာ ရသ၊ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရှိသောခါလည်း၊ နှုတ်ပါလက်ရေး၊ ဇယ်ထောင်သောင်းကို၊ ဒိုးကောင်းပြေးသို့၊ လူရေးလူရာ ပီလှစေ”လို့ ဆိုထားတာကြောင့် တကယ့်အရေးကိစ္စတွေမှာ ပညာရှိသူသာ လူရာဝင်တာကို ရှေးကတည်းက အသိအမှတ်ပြုခဲ့တာ တွေ့နိုင်ပါတယ်။
တစ်ခါ ဆရာတော် ရှင်မဟာသီလဝံသကလည်း ပညာမသင်သူဟာ ပညာမရ၊ ပညာမရတဲ့အခါ ဘဝမှာ ဆိုးဆိုးရွားရွား ကြုံတွေ့နိုင်ပုံကို ဆုံးမစာမှာ အခုလို ပြက်ပြက်ထင်ထင် ရေးပြဆုံးမခဲ့ပါတယ်။
“ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။ သို့ပင်တစေ၊ မနေရသာ၊ ကျောင်းက ခွာသော်၊ နောင်ခါနောင်တရှိတတ်စွ”တဲ့ဗျ။
ဒါ့အပြင် “ပညာမရ၊ လျှပ်ပေါ်လှ၊ သူများ နောက်လိုက်သာ။ နောက်လိုက်ဝန်ထမ်း၊ လူညစ်နွမ်း၊ ဝမ်းမျှမဝပါ။ မျက်နှာညှိုးပါး၊ လူ့ငနွား၊ အများစေစားရာ။ စေစားလေလေ၊ ပိုးမသေ၊ ခြေနှင့် ကျောက်စရာ။ ခြေကျောက်ပါးတီး၊ လူမိုက်ကြီး၊ နှုတ်သီးတစာစာ။ ဘယ်ငှာကိုမျှ၊ စွဲမရ၊ တလ္လရွံဖွယ်သာ။ ဝတ်ရာတောင့်တ၊ ဝမ်းမဝ၊ ချေးရသူ့ဥစ္စာ။ ရခါသော်ကား၊ ငတောင်းစား၊ ရှောင်ရှားနေလေပါ။ တောမှာပုန်းအောင်း၊ မိုးလေခေါင်း၊ ပြောင်းရွှေ့ရပ်ဝေးစွာ။ ရပ်ရွာတစ်ပါး၊ ရောက်တုံငြား၊ လားလားမလုပ်ပါ။ ပမာသွင်သွင်၊ တွေ့လေမြင်၊ ကိုင်ငင်ထိုးတွန်းကာ။ ကျဉ်နာရိပွတ်၊ တလျှပ်လျှပ်၊ ရက်ပြတ်ငတ်လို့ပါ။ ရှာဖွေချေးငှား၊ မရငြား၊ သွား၍ခိုးလေပါ။ ခိုးခါမိလေ၊ ထိုးခုတ်လေ၊ ကျလေပါယ်ရပ်ရွာ”တဲ့။ ပညာမတတ်တဲ့အခါ ညှိုးညှိုးနွမ်းနွမ်းနဲ့ သူများခိုင်းတာလုပ်ကြရမယ်။ အနိုင်ကျင့် နှိပ်စက် ရင်လည်း ခံကြရလိမ့်မယ်။ ဘဝမှာ ဝမ်းမဝ၊ ခါးမလှတဲ့အခါ ချေးငှားကြရမယ်။ ပြန်မဆပ်နိုင်တဲ့အခါ ပြေးကြရမယ်။ တစ်ရပ်တစ်ရွာ ရောက်တော့လည်း ဒီအတိုင်းပဲ ငတ်ငတ်ပြတ်ပြတ်ဖြစ်ဦးမယ်။ ချေးလို့ ငှားလို့မရတော့တဲ့အခါ ခိုးတဲ့ဘဝ ရောက်လိမ့်မယ်။ သူခိုးလူမိတဲ့အခါ အရိုက်အနှက်ခံကြရပြီးသေတဲ့ အခါ ငရဲရောက်လိမ့်မယ်လို့ ပညာမရှိ၊ ဥစ္စာဆင်းရဲတဲ့ ဘဝကို ထင်သာမြင်သာအောင် ဆုံးမခဲ့တာဖြစ်ပါတယ်။
နိုင်ငံအတွက် ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော် အင်းဝခေတ်ကတည်းက အဲဒီလို ဆုံးမသွန်သင်လာခဲ့ပေမယ့် ပညာသင်ရမယ့်အရွယ် သင်သာခိုက်မှာမသင်ကြဘဲ ကျောင်းကို စွန့်ခွာနေလိုက်ကြတာ သူတို့တစ်ဦးချင်းစီရဲ့ နောင်ရေးအတွက်ရော နိုင်ငံရဲ့အနာဂတ်အတွက်ပါ စိုးရိမ်ကြောင့်ကြစရာပါပဲ။ ဘယ်လောက်တောင် ကျောင်းကို စွန့်ခွာနေကြသလဲဆိုရင် သူငယ်တန်းမှာ ကျောင်းသား ၁၀၀ ကျောင်းစတက်လိုက်ကြတာ တက္ကသိုလ်ဝင်တန်း ဖြေတဲ့အချိန် ရောက်တော့ ၂ဝ လောက်ပဲ ကျန်ပါတော့သတဲ့။ လူ ၁၀၀ မှာ ၈ဝ ကျော်လောက်က မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ ကျောင်းထွက်သွားကြတာပါ။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ်မှာ ၁၀ နှစ်တာ ပညာရေးလေ့လာဆန်းစစ်မှုတစ်ခုလုပ်ခဲ့ပြီး အဲဒီတုန်းက နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယခု ၁၀ နှစ် ကာလအတွင်း၌ ပညာရေးအခြေအနေသည် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ကို ကျော်လွန်ပြီး အထက်တန်းအဆင့်၊ တက္ကသိုလ်တက်ရောက်နိုင်သည့် အဆင့်ရှိသူ အလွန်နည်းပါးနေသည်ကို တွေ့ရှိရသည့်အတွက် ဆယ်စုနှစ်များစွာဆိုပါက နိုင်ငံအတွက် လိုအပ်သည့် ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေသည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ်သည်” လို့ ပြောကြားခဲ့တာကို မှတ်မှတ်ရရ တွေ့ခဲ့ရပါတယ်။
ဒီကနေ့ ယောက်ျားလေး၊ မိန်းကလေးအရွယ်ကောင်းလေးတွေကို လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုးတွေ၊ ဆောက်လုပ်ရေးဆိုက်တွေမှာ အလုပ်ကြမ်းသမားတွေအဖြစ်နဲ့ တွေ့မြင်ရတဲ့ အခါတိုင်းနိုင်ငံအတွက် အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်တွေအဖြစ် နှမြောမိသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ သားသမီးတွေကို အနာဂတ်မှာ မိမိဘာသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင် ကြဖို့၊ ကိုယ့်နိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်းကို အတတ်နိုင်ဆုံး အကျိုးပြုနိုင်ကြဖို့ ပညာရေးအမွေကို အလေး အနက်ထား အားထုတ်ကြိုးပမ်းပေးနေချိန်မှာ ကျန်တဲ့မိဘတွေ အားလုံးလည်း ကျွန်တော်တို့လိုပဲ ပေးစေချင်တာပါ။ မြန်မာ့လူ့အဖွဲ့အစည်းကို ရှေးတုန်းကလိုပဲ ပညာအားပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်စေချင်သလို ပညာနဲ့ပတ်သက်လာရင် နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေချင်တာပါ။
ကလေးတွေ ကျောင်းထွက်ကြရတာနဲ့ပတ်သက်လို့ ကျောင်းထွက်ဖို့ ဖိအားပေးတဲ့ မိသားစုတွေက တာဝန်ရှိသလို တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းရေးအတွက်လည်း ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားအောင် အမှန်တကယ်အလုပ်လုပ်ကြဖို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွေ တိုးတက်မြင့်မားဖို့၊ တရားမဝင်ကုန်သွယ်မှုတွေ အမြစ်ပြတ်အောင် တားဆီးနှိမ်နင်းဖို့၊ အဂတိလိုက်စားမှုတွေ ပကတိကင်းရှင်းအောင်တိုက်ဖျက်ဖို့ ကဏ္ဍအသီးသီးမှာရှိကြတဲ့ ကျွန်တော်တို့အားလုံး၊ မြန်မာတစ်မျိုးသားလုံးက တာဝန်ကျေပွန်အောင် အားစိုက်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်းပါ။ ။
