Skip to main content

အယ်လ်နီညိုနှင့် တောင်သူသီးနှံများအတွက် လိုအပ်ချက် နည်းပညာများ

မောင်ပြေ (ဆင်ပေါင်ဝဲ)

၂၀၂၆ ခုနှစ်တွင် El Nino (အယ်လ်နီညို) ဖြစ်ပေါ်လာနိုင်ခြေမြင့်မားနေကြောင်း ကမ္ဘာ့ရာသီဥတုခန့်မှန်းရေးအဖွဲ့များက ခန့်မှန်းနေကြပါသည်။ အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်ထက် ပိုမိုပူနွေးလာခြင်းဖြစ်ပါသည်။ ထိုအပူတိုးလာမှုကြောင့် ကမ္ဘာတစ်ဝန်းရာသီဥတုပုံစံများ ပြောင်းလဲသွားပါသည်။ အယ်လ်နီညိုဖြစ်လာသောအခါ တချို့နိုင်ငံများတွင် မိုးခေါင်ခြင်း၊ တချို့ဒေသများတွင် ရေကြီးခြင်း၊ အပူလှိုင်းများဖြစ်ခြင်း၊ စိုက်ပျိုးရေးထိခိုက်ခြင်း၊ မြေဆီလွှာအတွင်း ရေအရင်းအမြစ်လျော့နည်းလာနိုင်ခြင်း၊ အပင်ဖျက်ပိုးမွှားနှင့် ရောဂါများတိုးပွားလာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

၂၀၂၆–၂၀၂၇ ခုနှစ်တွင် ဖြစ်နိုင်သော အယ်လ်နီညိုအကျိုးသက်ရောက်မှုများ

(က) အပူချိန်မြင့်တက်လာခြင်း

ဒေသအများစုတွင် နွေရာသီပိုပူလာခြင်း၊ စိုက်ပျိုးသီးနှံများ အပူဒဏ်ခံရခြင်း၊ တိရစ္ဆာန်များအပူဖိအား၊ ပြင်းအားပိုမိုခံရနိုင်ခြင်း၊ မြေဆီလွှာရေငွေ့ပြန်မှုမြင့်တက်လာနိုင်ခြင်း၊ ပင်ငွေ့ရေငွေ့ပြန်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ၂၀၂၆ သို့မဟုတ် ၂၀၂၇ သည် သမိုင်းတစ်လျှောက်အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပါသည်။

(ခ) မိုးခေါင်ရေရှားမှု

အယ်လ်နီညိုဖြစ်သောအခါ အများအားဖြင့် အရှေ့တောင်အာရှ၊ သြစတြေးလျ၊ အိန္ဒိယအချို့ဒေသ၊ အာဖရိကတောင်ပိုင်းတို့တွင် မိုးရွာသွန်းမှုလျော့နည်းနိုင်ပါသည်။ ထို့ကြောင့် သီးနှံအထွက် လျော့နည်းနိုင်ခြင်း၊ ရေရှားပါးနိုင်ခြင်း၊ သဘာဝမြက်ခင်းပြင်များ ပျက်စီးနိုင်ခြင်း၊ သိုလှောင်ရေနည်း၍ ရေအားလျှပ်စစ်ထုတ်လုပ်မှုထိခိုက်နိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။

(ဂ) ရေကြီးခြင်းနှင့်မြေပြိုခြင်း

တချို့ဒေသများတွင် မိုးအလွန်အကျွံရွာနိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြေဆီလွှာပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။

(ဃ) စိုက်ပျိုးရေးအပေါ် သက်ရောက်နိုင်မှု

အယ်လ်နီညိုကြောင့် မြေဆီလွှာအစိုဓာတ်လျော့နည်းလာနိုင်ခြင်း၊ ရေသွင်းစိုက်ပျိုးရေးစနစ် ခက်ခဲလာနိုင်ခြင်း၊ မျိုးစေ့အပင်ပေါက်နှုန်းကျဆင်းလာနိုင်ခြင်း၊ ပန်းပွင့်နှင့် အသီး၊ အစေ့များပြားမှု ထိခိုက်လာနိုင်ခြင်း၊ သီးနှံအရည်အသွေးကျဆင်းလာနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ အပူချိန်မြင့်လာမှုကြောင့် ပိုးမွှားများပိုများလာနိုင်ခြင်း၊ မိုးမမှန်မှုကြောင့် အပင်မှိုရောဂါများ ပိုဖြစ်လာနိုင်ခြင်း၊ နို့စားနွားများနို့ထွက်နှုန်းနှင့် မွေးဖွားနှုန်း ကျဆင်းလာနိုင်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။

စိုက်ပျိုးရေးအတွက် အရေးကြီးသော ကြိုတင်ပြင်ဆင်မှုများ

၁။ ရေစီမံခန့်ခွဲမှု

ရေကိုချွေတာ၍ သိုလှောင်ထားခြင်း၊ ရေသွင်းမြောင်းများပြုပြင်ထားခြင်း၊ အစက်ချရေသွင်းစနစ်ကဲ့သို့ ရေချွေတာနည်းများအသုံးပြုခြင်း၊ လယ်ကန်သင်းများ တည်ဆောက်ထားခြင်း၊ ရွာသွန်းသော မိုးရေစုဆောင်းထားခြင်း။

၂။ သီးနှံရွေးချယ်ခြင်း

ရွေးချယ်သင့်သော သီးနှံများမှာ မိုးခေါင်ဒဏ်ခံနိုင်သောမျိုးများ၊ သက်တမ်းတိုမျိုးများ၊ အပူဒဏ်ခံ နိုင်သောမျိုးများ စသည်တို့ဖြစ်ပါသည်။ ရှောင်ရှားသင့်သော သီးနှံများမှာ ရေလိုအပ်ချက် အလွန်များသော သီးနှံများဖြစ်ပါသည်။

၃။ စိုက်ချိန်ပြောင်းလဲခြင်း

မိုးမခေါင်မီ ပထမမိုးနှင့် စောစီးစွာစိုက်ပျိုးထားခြင်း (နောက်မိုးလိုက်မလာက ဘာဆက်လုပ်မလဲ စသည့် စွန့်စားရမှုတော့ရှိပါသည်)၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ လူမှုမီဒီယာများထံမှ ရာသီဥတုခန့်မှန်းချက်များကို အမြဲစောင့်ကြည့်နေခြင်းတို့ဖြစ်ပါသည်။

၄။ မြေဆီလွှာထိန်းသိမ်းခြင်း

မြေဖုံးခြင်းနှင့် ယင်းပစ္စည်းများအသုံးပြုခြင်း၊ မြေဖုံးသီးနှံများစိုက်ပျိုးခြင်း၊ မြေဆီလွှာတိုက်စားမှု သက်သာစေသော ထွန်ယက်စနစ်၊ မထွန်ယက်ဘဲစိုက်ပျိုးခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ထည့်သွင်းခြင်းတို့က မြေတွင်းအစိုဓာတ်ကို ထိန်းထားပေးနိုင်ပါသည်။

၅။ မွေးမြူရေးအတွက် ပြင်ဆင်မှု

အစာခြောက်များ ကြိုတင်သိုလှောင်ထားခြင်း၊ အရိပ်နှင့်အေးမြသောနေရာများ စီစဉ်ထားခြင်း၊ သောက်ရေစနစ် သေချာစွာပြင်ဆင်ထားခြင်း တို့ပြုလုပ်ပေးပါ။

၆။ ပိုးမွှားနှင့် ရောဂါစောင့်ကြည့်ခြင်း

အပူချိန်မြင့်လာသောအခါ သီးနှံပင်များတွင် ငမြှောင်တောင် (Armyworm)၊ ပျ (Aphid)၊ ယင်ဖြူ (Whitefly) ကဲ့သို့ ပိုးမွှားများ ပိုများလာနိုင်ပါသည်။ ထို့ကြောင့် ဖျက်ပိုးများကျရောက်မှုကြိုတင်ခန့်မှန်း နည်းစနစ်များ (Early Warning System Forecast) များ အလွန်အရေးကြီးလာပါသည်။

စာရေးသူ၏အတွေး

အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲမှုဆိုသည် ပါဝင်သော မိုးလေဝသပညာ (Meteorology) ၊ ရာသီဥတုပညာ (Climatology) စသည်တို့မှာကမ္ဘာ့နိုင်ငံများအားလုံး စိုက်ပျိုး၊ မွေးမြူရေးသာမက ကုန်း၊ ရေ၊ လေ၊ ပင်လယ်ပြင်ပါမကျန် ခရီးသွားလာမှု၊ ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ အားလုံးနှင့်သက်ဆိုင်သော၊ အရေးကြီးသော ပညာရပ်ကြီးဖြစ်နေ၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းများတွင် ခေတ်နှင့်အညီ လေ့လာ၊ သင်ယူ၊ သုတေသနပြုလုပ်ရမည့် ဘာသာရပ်ကြီးဖြစ်နေပါသည်။

ထိုဘာသာရပ်ကြီးအောက်မှာမှ စိုက်ပျိုးရေးမိုးလေဝသပညာ (Agrometeorology) ကို နိုင်ငံတိုင်းတွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်ကြား၊ သင်ယူ၊ သုတေသနပြုပညာရပ်များ ဖြန့်ဝေပေးလျက်ရှိနေပါသည်။

စံနမူနာတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံသည် တက္ကသိုလ်၊ ကောလိပ်၊ ပိုလီနည်းပညာ ကျောင်းများရှိ သင်ရိုးညွှန်းတမ်းများကို နှစ်စဉ်မဟုတ်တောင်မှ ၂-၃ နှစ်တစ်ကြိမ် သူတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပြောင်းလဲလာသော နည်းပညာအသစ်များကို လွတ်လပ်စွာ၊ လွယ်ကူစွာပြောင်းလဲ၊ သင်ကြားသုတေသနပြုလျက်ရှိနေပါသည်၊

ယခုကြားသိရသည့် သတင်းအရ ၂၀၂၇ ခုနှစ်မှစတင်၍ အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များအားလုံး ဉာဏ်ရည်တုနည်းပညာ (AI – Artificial Intelligence) ဘာသာရပ်ကို သင်ကြား၊ သင်ယူ၊ သုတေသနပြုရမည်ဟူ၍ ကြိုတင်ကြေညာထားပါသည်။ တစ်နည်းအားဖြင့် အဆင့်မြင့်ပညာကို သင်ကြား၊ သင်ယူရင်းဘွဲ့လွန်(မဟာသိပ္ပံ၊ ပါရဂူ) သုတေသနများ (MSc/ PhD Postgraduate Research)ပါ တွဲလုပ်ပြီးဖြစ်နေပါသည်။

စင်ကာပူတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၂၀၂၇ ခုနှစ်တွင် ဉာဏ်ရည်တုပညာ လေ့လာ၊ သင်ယူရမည့်ကြေညာချက်

စိုက်ပျိုးရေးအတွက် အချို့နည်းပညာအသစ်များ ဥပမာ - ရေကိုချွေတာပြီး မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများ အပင်မျိုးမွေးမြူထုတ်လုပ်ပြီး တောင်သူစိုက်ကွင်းများတွင် လက်တွေ့စမ်းသပ်ဖြန့်ဝေပေးခြင်း (စိုက်ပျိုးရေးတက္ကသိုလ်၊ သုတေသနဌာနများတွင် လက်တွေ့ဘွဲ့လွန်သုတေသနများ လုပ်နေသည်ထင်ပါသည်)၊ ခေတ်မီရေသွင်းနည်း စနစ်များဖြစ်သည့် ရေပန်းစနစ်ရေပေးနည်း၊ အစက်ချစနစ်ဖြင့် ရေပေးနည်းများ မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော အရေးကြီးသီးနှံများကို စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာဘာသာရပ်များ သင်ကြား၊ သုတေသနပြုပေးနေသောတက္ကသိုလ်၊ သုတေသနဌာနများတွင် ကြိုတင်စမ်းသပ်သုတေသန စတင်ပြုလုပ်လျှင် ကောင်းမလားဟူ၍ အတွေးဝင်နေမိပါသည်။

ဩစတြေးလျနိုင်ငံ၏ ပြည်နယ်တိုင်းတွင် ဘာသာရပ်စုံသင်ကြားနေသောနာမည်ကြီး ကမ္ဘာကျော် တက္ကသိုလ်များတွင် စိုက်ပျိုးရေးပညာ၊ အင်ဂျင်နီယာပညာများက တက္ကသိုလ်တစ်ကျောင်းတည်းတွင် တည်ရှိနေခြင်း၊ ခရက်ဒစ်ယူနစ်စနစ် (Credit-Unit System) ဖြင့် စိတ်ဝင်စားရာဘာသာရပ်ပေါင်းစုံလေ့လာ၊ ဘွဲ့ရရှိရန်အတွက် ကြိုက်ရာဘာသာတွဲဖက်သင်ယူ (Cross-enrollment)၊ သုတေသနပြုနိုင်ခြင်း၊ ကြီးကြပ်ဆရာများကလည်း တွဲဖက်ကြီးကြပ်နိုင်ခြင်း စသည့်အားသာချက်များစွာရှိပါသည်၊ အလားတူ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင် စသည့် နိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း ထိုကဲ့သို့ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက္ကသိုလ်ကျောင်းတစ်ကျောင်းတွင် ဥပမာ - မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေ၊ ဟားခါး၊ မုံရွာ၊ မကွေး၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့ရှိ တက္ကသိုလ်တစ်ကျောင်းတည်း စိုက်ပျိုးမွေးမြူရေး ကောလိပ်/အဆင့်မြင့်ကျောင်းနှင့် မဟာဌာနအဆင့်- အင်ဂျင်နီယာမဟာဌာနများ (ကျောင်းသား ကျောင်းသူ ၃၀ ခန့် လက်တွေ့တစ်ခန်းစာ၊ လေ့လာရေးသွားလျှင် ကားတစ်စီးစာ) စိုက်ပျိုးရေး၊ အင်ဂျင်နီယာပညာများ တွဲဖက်သင်ကြား၊ သုတေသနပြုခွင့်ရပါက ထိုဒေသရှိ ရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီနေသော သီးနှံများ၊ ရေသွင်းနည်းစနစ်များ၊ စက်ဖြင့် ထွန်ယက်၊ စိုက်ပျိုးရိတ်သိမ်း၊ ခြွေလှေ့နည်းများပါမကျန် လက်တွေ့စိုက်ပျိုးနေသော တောင်သူ၊ လယ်သမား၊ ယာသမားဦးကြီးများအတွက် တိုက်ရိုက် အထောက်အကူများ ဖြစ်လာမည်လားဟူ၍ ထပ်မံတွေးတောနေမိပါသည်။ ။