အိုဘယ့် မိခင် ဧရာဝတီ (၄)
တယော (ရေသယံဇာတ)
ငလျင်အကြောင်း ပြောဆိုဆွေးနွေးကြမည်ဆိုလျှင် စကားဝိုင်းများတွင် မပါမဖြစ်နေရာယူနေသော နိုင်ငံတစ်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပါသည်။ ဂျပန်ကဲ့သို့ ငလျင်လှုပ်ခတ်မှုများပြားသောနိုင်ငံတွင် တမံကြီးများ တည်ဆောက်မှုအောင်မြင်ပါသလား၊ မည်ကဲ့သို့ သောတမံများ တည်ဆောက်နေသနည်း၊ မည်သို့သော ရည်ရွယ်ချက်များဖြင့် တည်ဆောက်အကောင် အထည်ဖော်ခဲ့သနည်း၊ သဘာဝဘေးဒဏ်ခံစားခဲ့ရမှုအခြေအနေများကို သိရှိလိုစိတ်များ ဖြစ်ပေါ်လာပါသည်။
ဂျပန်ငလျင်ပေါ်မှ ကူရိုဘေးတမံ
ဂျပန်နိုင်ငံတွင် ၁၅ မီတာအထက် အမြင့်ရှိသော တမံများမှာ စုစုပေါင်း ၂၈၀၀ မှ ၃၀၀၀ ခန့်အထိရှိပြီး ရေလှောင်ကန်အသေးစားများ၊ ရေလွှဲဆည်များပါ ထည့်သွင်းမည်ဆိုပါက ၁၀၀၀၀၀ ခန့် ရှိနိုင်သည်ဟု ဆိုထားပါသည်။ ထိုတမံကြီးများအထဲမှ ကူရိုဘေးတမံ (Kurobe Dam) သည် ဂျပန်နိုင်ငံ၏ အရေးပါဆုံးအင်ဂျင်နီယာအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသောကြောင့် လေ့လာချင် စိတ် ပိုဖြစ်မိပါသည်။
ကူရိုဘေးတမံသည် ရေအားလျှပ်စစ်ကို အဓိကထုတ်လုပ်သုံးစွဲရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ တိုယားမားခရိုင် တက်တီယားမားတောင်တန်းဒေသရှိ ကူရိုဘေးမြစ်ပေါ်တွင် အမြင့် ၁၈၆ မီတာရှိ ကွန်ကရစ်တမံအမျိုးအစားနှင့် တပ်ဆင်စက်အင်အား ၃၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၁၉၆၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ဂျပန်နိုင်ငံသည် Pacific Ring of Fire အတွင်းတည်ရှိပြီး ပြတ်ရွေ့ကြောများ ထိတွေ့ရာ ဒေသဖြစ်၍ ကမ္ဘာပေါ်တွင် ငလျင်အများဆုံး ဖြစ်ပွားသောနိုင်ငံများထဲမှ တစ်ခုဖြစ်ပါသည်။
ကူရိုဘေးတမံတည်ရှိရာ ဒေသသည်လည်း မကြာခဏလှုပ်ရှားတတ်သည့် ပြတ်ရွေ့ရှိသော ဒေသဖြစ်သည့်အတွက်ကြောင့် ကူရိုဘေးတမံကို ငလျင်ဒဏ်ခံနိုင်ရေးကို အထူးအလေးထားပြီး ဒီဇိုင်းလုပ်ထားခဲ့ကြပါသည်။ တမံကြီးတည်ဆောက်ရခြင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်မြင့်တက်လာခြင်းနှင့် ကန်ဇိုင်း၊ အိုဆာကာအနီးဒေသသို့ လျှပ်စစ်ပေးရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရန်၊ တောင်တန်းဒေသရေအရင်းအမြစ် အသုံးချရေးတို့အတွက် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
ကူရိုဘေးမြစ်သည် မြင့်မားသောတောင်တန်းများမှ စီးဆင်းလာ၍ ရေစီးအားကောင်းသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အလွန်သင့်တော်ပါသည်။ မြစ်ကြောင်း ကျဉ်းမြောင်းပြီး ကျောက်သားခိုင်မာသော ဒေသတွင်တည်ရှိ၍ ရေဖိအားကို တမံအနားဘက် ကျောက်တောင်များသို့ လွှဲပြောင်း ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကွန်ကရစ် Arch Dam အမျိုးအစားကို ရွေးချယ်ခဲ့ပါသည်။ ကွန်ကရစ် Arch Dam များသည် Structural stiffness မြင့်မားပြီး Ground shaking ကို တမံတစ်ခုလုံးပျံ့နှံ့စွာခံနိုင်ရည်ရှိပါသည်။ ဆောက်လုပ်ရေးကာလတွင် တောင်တန်းဒေသဖြစ်သည့်အလျောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိခဲ့ပြီး တောင်တန်းကို ဥမင်လိုဏ်များဖောက်၍ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့ရပါသည်။ ဂျပန်နိုင်ငံ၏ တမံတည်ဆောက်ရေး သမိုင်းတွင် အခက်အခဲအများဆုံးစီမံကိန်းများထဲမှ တစ်ခုဖြစ်ခဲ့သည်။
တမံတည်ဆောက်ရေးသည် ၁၉၆၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ငလျင်ဒဏ်ကို ၁၉၆၄ ခုနှစ်တွင် စတင်ခံစားခဲ့ရသည်။ သမိုင်းတစ်လျှောက် ပြင်းထန်ကြီးမားသောငလျင်များ ခံစားကြုံတွေ့ခဲ့ရသည်။ ၁၉၆၄ ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ နိဂတာငလျင်၊ ၁၉၉၅ ခုနှစ်တွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ကိုဘေးငလျင်၊ ၂၀၁၁ ခုနှစ်တွင် ပြင်းအား ၉ ဒသမ ၀ အဆင့်ရှိ တိုဟိုကုငလျင် စသောအကြီးစားငလျင်များအတွင်း ကူရိုဘေးတမံကြီး၏ အရေးကြီးသော ဖွဲ့စည်းပုံပျက်စီးမှု ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။ အခြားသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် မိုးရွာသွန်းမှုများသော်လည်း ရေပိုလွှဲစနစ်ကောင်းစွာ ဒီဇိုင်းပြုလုပ်ထားသဖြင့် တမံကို ဘေးအန္တရာယ်ကင်းဝေးစေခဲ့သလို မြေပြို၊ မြစ်ကမ်းပါး ပြိုကျမှုအန္တရာယ်ကို လျှောစောက်ခိုင်ခံ့ရေး အစီအမံများဖြင့် ထိန်းချုပ်စီမံနိုင်ခဲ့သည်။
ဂျပန်နိုင်ငံ၏ အရေးပါဆုံးသော အင်ဂျင်နီယာအမွေအနှစ်တစ်ခုဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားပေးကူရိုဘေးတမံသည် သဘာဝဘေးဒဏ်အမျိုးမျိုးကို ကြံ့ကြံ့ခံလျက်ရှိပြီး ယနေ့အထိ နှစ်ပေါင်း ၆၀ ကျော်ကြာ ပုံမှန်လည်ပတ်နေဆဲဖြစ်ကာ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းအပြင် ခရီးသွားအပန်းဖြေနေရာတစ်ခုအဖြစ်လည်း အကျိုးပြုလျက်ရှိနေပါသည်။ ကမ္ဘာ့တမံအင်ဂျင်နီယာများအတွက် ကူရိုဘေးတမံ၏ အရေးပါမှုအနေဖြင့် ငလျင်များသော ဒေသတွင်း အမြင့်တမံကြီးများ ဆောက်လုပ်နိုင်ကြောင်း ပြသခဲ့ပြီး ငလျင်ဒဏ်ခံတမံဒီဇိုင်းအတွက် ကမ္ဘာ့စံနမူနာတစ်ခုအဖြစ် အခိုင်အမာရပ်တည်နေပါသည်။
ထို့အပြင် ကူရိုဘေးတမံသည် ဂျပန်ကဲ့သို့ ငလျင်များသော နိုင်ငံတွင် နည်းပညာမြင့် Arch Dam ကို အလွန်ခက်ခဲသော တောင်တန်းဒေသတွင် ဆောက်လုပ်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့တမံအင်ဂျင် နီယာလောက၏ အောင်မြင်မှုကြီးတစ်ခုဖြစ်သည်။ ဤကူရိုဘေးတမံကို စံနမူနာကောင်းပြုလျက် မိမိတို့နိုင်ငံအတွက်လည်း အကောင်အထည်ဖော်တည်ဆောက်ရန်ပြင်ဆင်နေသည့် မြစ်ဆုံစီမံကိန်းသည် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၂၅ ဒသမ ၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၅ ဒသမ ၈၈ မိုင်ခန့်အကွာတွင် တည်ရှိနေသည်။ ငလျင်လှုပ်ခတ်နိုင်ခြေရှိသော အချိန်၊ တည်နေရာ၊ ပြင်းအား၊ ဗဟိုချက်တို့အား တိကျစွာခန့်မှန်း၍ မရသော်လည်းတာ၊ တမံဆိုင်ရာ ဆက်စပ်အဆောက်အအုံများ၏ ဒီဇိုင်းပုံစံများတွက်ချက်ရာတွင် တည်နေရာအပေါ်မူတည်၍ ငလျင်ပြင်းအား ပမာဏများကို တိကျစွာ ထည့်သွင်းတွက်ချက်ထားပါက ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်းများဖြင့် တည်ဆောက်နိုင်ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆိုပါငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ စစ်ကိုင်းပြတ်ရွေ့ကြော မှ ၃၀ ဒသမ ၉ မီတာအနီးတွင် တည်ရှိပြီး ငလျင်ပြင်းအား ၆ မဂ္ဂနီကျုခံနိုင်ရည်ရှိသော မြေသားတမံအမျိုးအစားဖြစ်သည့် ဇောင်းတူတမံနှင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ဆောက်ထားပြီး ငလျင်ပြင်းအား ၇ ဒသမ ၉ မဂ္ဂနီကျုခံနိုင်ရည်ရှိသော ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်သည့် ဖြူးမြို့အနီးရှိ ကွန်းရေလှောင်တမံတို့သည် ချို့ယွင်းမှုတစ်စုံတစ်ရာ မရှိခဲ့သည်မှာ အများအမြင်ဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်သော ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်ငယ်မြစ်ပေါ်တွင်တည်ရှိပြီး အမြင့် ၁၃၄ မီတာ အလျားမီတာ ၆၉၀ ရှိသော ကွန်ကရစ်တမံကြီး သည်လည်း ယနေ့ထက်တိုင် အပျက်အစီးမရှိ နိုင်ငံတော်ကို အကျိုးပြုနေဆဲဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူအများစု၏ ငလျင်ဘေးအန္တရာယ်နှင့် အဆောက်အအုံခိုင်ခံ့ရေး ဖွဲ့စည်းတည်ဆောက်ပုံများကို ပိုမိုအလေးထားအာရုံစိုက်လာကြသကဲ့သို့ မြစ်ဆုံတမံတည်ဆောက်မည့်နေရာတွင် ယခင်ဒီဇိုင်းခံနိုင်အား ၇ ဒသမ ၁ မဂ္ဂနီကျုမှ ယခုအခါ ထိုမန္တလေးငလျင်ကြီး လှုပ်ခတ်မှုပမာဏထက် ပိုမိုခံနိုင်ရည်ရှိသောဒီဇိုင်းကို ကမ္ဘာ့အကြီးဆုံးတမံကြီးများကို ဒီဇိုင်းတွက်ချက်ခဲ့သည့် Chan-gjiang Institute of Survey, Planning, Design and Research (CISPDR) Design Institute အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြုတွက်ချက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အထက်တွင် ရေးသားခဲ့သလို တမံတည်ဆောက်မှုနည်းပညာတိုးတက်လာမှုရှိခြင်း ဒီဇိုင်းရွေးချယ်တည်ဆောက်မှုမှန်ကန်မှုရှိခြင်း၊ စောင့်ကြည့်လေ့လာမှုကောင်းမွန်ခြင်း၊ အရည်အသွေးထိန်းချုပ်မှု တိကျကောင်းမွန်ခြင်းတို့ကြောင့် တမံကြီးများသည် ငလျင်ဒဏ်ကို ကောင်းမွန်လုံခြုံစွာ ခံနိုင်ရည်ရှိပါသည်။
ဧရာဝတီမြစ်၏ နုန်းတင်ပို့မှုအခြေအနေနှင့် မြစ်ကြောင်းပြောင်းလဲလာမှု
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ဟိမဝန္တာရေခဲတောင်များမှ မြစ်ဖျားခံလာသော မေခမြစ်နှင့် မလိခမြစ်တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတွင်ပေါင်းဆုံ၍ နိုင်ငံ၏ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းကာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စီးဝင်ပါသည်။ မြစ်ကြီး၏ အလျားမှာ ၁၃၇၅ မိုင်အရှည်ရှိပြီး ရေကြောင်းသွားလာနိုင်သည့် အလျားမှာ မိုင် ၉၅၀ ကျော်ခန့်ရှိပါသည်။ မြစ်ရေစီးဆင်းမှုပမာဏသည် နှစ်စဉ် ပျမ်းမျှအားဖြင့် ကုဗမီတာ သန်း ၈၆၀၀၀၀ ခန့်ရှိပါသည်။ မိုးရွာသွန်းမှုအနေဖြင့် မိုးရေချိန် လက်မ ၄၀ မှ ၁၅၈ အထိ ရွာသွန်းလေ့ရှိပြီး ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့သည် မိုးရွာသွန်းမှုများပြားသော ကာလဖြစ်ပါသည်။
နှစ်စဉ် မြစ်ရေစီးဆင်းမှုအခြေအနေမှာ ရာသီဥတု၊ မိုးလေဝသနှင့် ဇလဗေဒအခြေအနေပေါ် မူတည်ပြောင်းလဲတတ်ပါသည်။ မြစ်ကြမ်းပြင် လျှောစောက်မှာ မြစ်ဆုံအထက်ပိုင်းဒေသသည် ပိုမိုမက်စောက်ပြီး ထိုနေရာမှစ၍ ဟင်္သာတမြို့အထိ မြစ်ကြမ်းပြင်လျှောစောက်မှာ ပြေပြစ်ပါသည်။
မြစ်ကြမ်းပြင်၏ ရေစီးပြောင်းလဲမှုကြောင့် သဲ၊ နုန်းနှင့် မြေများကို များစွာသယ်ဆောင်သည့် မြစ်ကြီးလည်းဖြစ်သည်။ မြစ်ကြီး၏ သဲနုန်းတင်ပို့မှုတွင် ပါဝင်သယ်ဆောင်သော သဲနုန်းအမျိုးအစားများကို အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးမှာ Bed load ဟုခေါ်သော မြစ်ကြမ်းပြင်အောက်ခြေတွင် လှိမ့်၊ လျှော၍ သယ်ဆောင်လာသည့် သဲနုန်းကြီးများသည် မြစ်ကောမှုကို အဓိကဖြစ်စေပါသည်။ ဒုတိယတစ်မျိုးမှာ Suspen-ded load ဟုခေါ်သော မြစ်ရေအတွင်း ပျံ့နှံ့သယ်ဆောင်လာသည့် သဲ၊ ရွှံ့နှင့် နုန်းများဖြစ်ပြီး ၎င်းတို့သည် မြစ်ဝကျွန်း၊ မြေနုကျွန်းများ ဖန်တီးဖြစ်ပေါ်တည်ဆောက်ရာတွင် အရေးပါပါသည်။
တတိယတစ်မျိုးမှာ Wash load ဟုခေါ်သော အလွန်သေးငယ်ပြီး အလွယ်တကူ သယ်ဆောင်နိုင်သည့် သဲ၊ နုန်းများ ဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်းသည် ဧရိယာ ၁၆၁၆၀၉ စတုရန်းမိုင်ခန့်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းခန့်ကို အကျိုးပြုလျက်ရှိပါသည်။ ထို့အပြင် ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးတို့အတွက် အရေးပါသော ပင်မမြစ်ကြီးတစ်စင်းဖြစ်သဖြင့် မြစ်ကြီး၏ ဝဲယာမြစ်ရိုးတစ်လျှောက်မြေနိမ့်လွင်ပြင်များ၌ မြို့နှင့်ကျေးရွာများ တည်ရှိပါသည်။
ဧရာဝတီမြစ်ကြီး၏ ဝဲယာမြစ်ကမ်းပါးများကို လုံလောက်စွာ ကာကွယ်ထားနိုင်မရှိခြင်းကြောင့် နှစ်စဉ်ကမ်းပါးပြိုမှုဖြစ်ပွားခြင်း၊ ရေဝေရေလဲဒေသများ၌ သစ်တောဖုံးလွှမ်းမှုလျော့နည်းလာခြင်း၊ မြေအသုံးချမှုပြောင်းလဲလာခြင်း၊ တရားမဝင်ရွှေကျင်ခြင်း၊ ကျောက်မျက်နှင့် ဓာတ်သတ္တုတူးဖော်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်အတွင်းသဲတူးဖော်မှု မညီမညာဖြစ်ခြင်း၊ မြစ်ကြောင်းကမ်းပါးထိန်းသိမ်းသည့် River training structure များ မရှိခြင်း၊ ရေစီးနှုန်းလျော့နည်းခြင်း၊ မြစ်ကြောင်းအောက်ပိုင်းဒေသတွင် လျှောစောက်နည်းလာခြင်း၊ ရေစီးအားမလုံလောက်သောကြောင့် သဲနုန်းတင်ကျန်လာခြင်း စသည်တို့ကြောင့် မိုးရာသီမိုးများသော ကာလများတွင် နှစ်စဉ်သဲနုန်းဝင်ရောက်မှုမှာ တန် ၃၆၄ သန်း အထက်ရှိသည်ဟု ပညာရှင်များက ခန့်မှန်းထားကြကြောင်းကို Pub-Med Central တွင် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်၌ ရေးသားခဲ့သည့် အစီရင်ခံစာနှင့် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ICEM Asia က ၂၀၁၈ ခုနှစ် မတ်လ၌ ရေးသားခဲ့သည့် Final ESIA Report with ESMP Subproject 1, ESA for Stretch 1, and ESMP Monitoring and Reporting during Construction of Subproject 1 အရ သိရှိရပါသည်။
ရေစီးနှုန်းလျော့မှုကြောင့် သဲနုန်းတင်ကျန်မှု များပြားလာနိုင်ပါသည်။ သဲနုန်းတင်ပို့မှုက ရေစီးအားနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ဟု ပြောနိုင်ပါသည်။ မြစ်ကောလာမှုအခြေအနေကြောင့် မြစ်ကြောင်းပိုမိုကျယ်ပြန့်လာခြင်း၊ မြစ်ရေစီးဆင်းမှု များပြားသောကာလများတွင် မြစ်ကမ်းပါးများ တိုက်စားခံရခြင်း၊ သဲသောင်ခုံများနှင့် ရေလယ်ကျွန်းများ တိုးပွားလာခြင်း၊ ကမ်းတစ်ဖက်တွင် ကမ်းပါးပြိုကျမှုများပြားလာပြီး အခြားတစ်ဖက်တွင် သဲနုန်းတင်ပို့မှုများပြားလာခြင်း၊ ရေကြီးရေလျှံ ပိုမိုများပြားလာခြင်း၊ မြစ်ကြမ်းပြင်မြင့်တက်လာခြင်း၊ ရေလွှမ်းအမှတ်မြင့်တက်လာခြင်းနှင့် ရေကြောင်းသွားလာရေးလမ်းကြောင်း ခက်ခဲလာခြင်းတို့ ကြုံတွေ့နေရပါသည်။ ထို့အပြင် မြစ်အောက်ပိုင်းဒေသ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် သဲနုန်းများ အလွန်အကျွံတင်ပို့မှုကြောင့် မြစ်ခွဲ၊ မြစ်လက်တက်များ ပိတ်ဆို့ခြင်း၊ ရေလွှမ်းမိုးမှုအချိန်ကာလ ပိုမိုကြာမြင့် ခြင်းတို့ ဖြစ်ပေါ်နေပါသည်။
အထက်ဖော်ပြပါပြဿနာများကို ဖြေရှင်းနိုင်သော နည်းလမ်းများမှာ ရေဝေရေလဲဧရိယာများတွင် သစ်တောပြန်လည်ထူထောင်ခြင်း၊ သဲနုန်းဖမ်းတမံငယ်များ တည်ဆောက်ခြင်း၊ မြစ်ကမ်းပါးများ ထိန်းသိမ်းခြင်း၊ မြစ်ကြောင်းအတွင်း သင်္ဘောကြီးများ သွားလာနိုင်ရေးအတွက် လိုအပ်သော ရေစူးအမှတ်ရရှိရန် ထိန်းသိမ်းခြင်း၊ သတ်မှတ်ချက်နှင့်အညီ သဲတူးဖော်ခြင်း၊ ရေလမ်းကြောင်းထိန်းခြင်း၊ ထို့အပြင် အနိမ့်တမံများဖြစ်သော weir၊ barrage များကို Sediment flushing gates ထည့်သွင်းတည်ဆောက်ခြင်း၊ မြစ်ဝှမ်းပေါ်ရှိ တမံကြီးများမှ သက်စောင့်ရေ ထုတ်လွှတ်ပေးခြင်းဖြင့် ပင်လယ်ဆားငန်ရေဝင်ရောက်မှုကာကွယ်ရန်နှင့် သဲနုန်းသယ်ဆောင်နိုင်ရန် flow regime ကို စီမံခြင်းစသည်ဖြင့် အဆိုပါနည်းလမ်းအားလုံးကို ပေါင်းစပ်စီမံပြီး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ ကြည့်ရှုစစ်ဆေးခြင်းဖြင့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းရပေမည်။ ။
