Skip to main content

အိုဘယ့် မိခင် ဧရာဝတီ (၅)

တယော (ရေသယံဇာတ)

ဧရာဝတီမြစ်ဝှမ်းအတွင်း အနိမ့်တမံများတည်ဆောက်၍ ရေချိုအရင်းအမြစ်များ ပင်လယ်အတွင်းသို့ စီးဝင်စေခြင်းဖြင့် ဆုံးရှုံးလျက်ရှိသော ရေချိုများကို ထိန်းသိမ်းထားနိုင်ခြင်း၊ နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဧရာဝတီမြစ်ရေ၏ အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူ၍ အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ ရေကြောင်းသွားလာရေးအတွက် လုံလောက်သော ရေစူးအနက်ရရှိနိုင်ခြင်း၊ မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှုကိုလျှော့ချ၍ စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များကို လုံလောက်စွာထောက်ပံ့နိုင်ခြင်း၊ မြစ်ရေကို ၁၂ လ ရာသီပတ်လုံး ထိန်းညှိလွှတ်ပေးနိုင်သဖြင့် မြစ်ကြောင်းတစ်လျှောက် ခြောက်သွေ့သောရာသီများတွင်လည်း စိမ်းစိုလာနိုင်ပြီး ရာသီဥတုမျှတလာနိုင်ခြင်း၊ ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ခြင်း၊ ရေကြောင်းခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ လူမှုစီးပွားကနှင့် မြစ်ဝှမ်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

တိုင်းပြည်တိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး အတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ လျှပ်စစ်ဓာတ်အားဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်ရန် စီမံလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ ၂၀၃၀ ရည်မှန်းချက် ပြည့်မီနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ရေအားလျှပ်စစ်ကိုသာမက နေရောင်ခြည်စွမ်းအင်ကိုသုံး၍ ဓာတ်အားပေးခြင်း၊ အသေးစားရေအားလျှပ်စစ်စက်ရုံများ၊ လေစွမ်းအင်၊ ဒီဇယ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်ရန် စီမံလျက်ရှိပါသည်။

ထိုသို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို နိုင်ငံပိုင်စက်ရုံ၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အကျိုးတူဖက်စပ် စက်ရုံ၊ တည်ဆောက်ထိန်းသိမ်းမောင်းနှင်လွှဲပြောင်း (BOT) စက်ရုံများ စသည်ဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားရရှိနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မှု အခြေအနေအပေါ်မူတည်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးခြင်းပုံစံများ ကွဲပြားခြားနားနိုင်သော်လည်း နိုင်ငံတော်ကိုရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖြစ်ပါသည်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းမှာ မေခမြစ်နှင့်မလိခမြစ်တို့ စတင်ပေါင်းဆုံရာနေရာတွင် တည်ဆောက်မည့် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။ တမံတည်ဆောက်မည့် အမျိုးအစားမှာ ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး တမံအမြင့် ၄၅၈ ပေ၊ အလျား ပေ ၄၃၀၀၊ တမံထုထည် ကျင်းသန်းပေါင်း ၆ ဒသမ ၅၄ သန်း ဖြစ်ပါသည်။ ရေလှောင်ကန်ဧရိယာသည် ၁၇၃ စတုရန်းမိုင် ကျယ်ဝန်းမည်ဖြစ်ပြီး တမံနှင့်အနီးဆုံးရှိသော ရေပြင်အကျယ်ဧရိယာမှာ ၆ ဒသမ ၇၅ စတုရန်းမိုင်ဖြစ်ပါသည်။

တမံရေလှောင်ခြင်းအား မေခမြစ်နှင့်မလိခမြစ်မှ စီးဝင်ရေပမာဏ၏ ၉၇ ဒသမ ၈၈ သိန်း ဧကပေကိုသာသိုလှောင်၍ လျှပ်စစ်ထုတ်လုပ်ရေး ရေအားတာဘိုင်များလည်ပတ်စေရန် အသုံးပြုမည်ဖြစ်ပြီး အသုံးပြုပြီးရေများနှင့် တမံသိုလှောင်ပြီးပိုလျှံရေများကို မူလမြစ်ကြောင်းအတွင်းသို့ ဆက်လက်စီးဝင်စေပါမည်။ ထို့ပြင် ဧရာဝတီမြစ်တွင် မြစ်လက်တက်ပေါင်း များစွာရှိသည့်အတွက် မြစ်ဆုံအောက်ဘက်ဒေသမှတစ်ဆင့် မြစ်အလယ်ပိုင်း၊ မြစ်အောက်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများဆီသို့ စဉ်ဆက်မပြတ် ဆက်လက်စီးဆင်းနေမည် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် ရေအားအရင်းအမြစ်တစ်ခုတည်း စိုက်ထုတ်အသုံးချသည် ဆိုသော်လည်း အလွန်အကျွံအတားအဆီးမဲ့ သုံးစွဲခြင်းမျိုးကို နိုင်ငံတော်၏ တည်ဆဲဥပဒေများက ခွင့်ပြုခြင်းမရှိဘဲ ကန့်သတ်ထားပါသည်။ စီမံကိန်းတစ်ခုဆောင်ရွက်ရန် အဆိုပြုထားသော စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုကို ခွင့်ပြုရန်သင့်၏ မသင့်၏ ဆုံးဖြတ်နိုင်ရေးအတွက် ယင်းလုပ်ဆောင်မှုကြောင့် ပတ်ဝန်းကျင်၏ ရုပ်ပိုင်း၊ လူနှင့် သက်ရှိလောက၊ လူမှုရေးနှင့် လူမှုစီးပွားအပေါ် သိသာထင်ရှားစွာ ထိခိုက်ပြောင်းလဲမှု ဖြစ်ပေါ်စေနိုင်သည့် အလားအလာများ သို့မဟုတ် ထိခိုက်ပြောင်းလဲမှုဖြစ်စဉ်များ ရှိ/မရှိ စနစ်တကျဆန်းစစ်နိုင်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ (၂၀၁၄ ခုနှစ်) တွင် ပြဋ္ဌာန်းထားပါသည်။

ထို့ပြင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုကို တည်ဆောက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ ရပ်စဲခြင်း၊ ပိတ်သိမ်းခြင်း စသောလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်ကိုဆိုးကျိုးသက်ရောက်ခြင်းမှ ကာကွယ်ရန်ဖြစ်စေ၊ ရှောင်လွှဲရန်ဖြစ်စေ၊ ဆိုးကျိုးသက်ရောက်မှုကို လျော့နည်းစေရန်ဖြစ်စေ ဆောင်ရွက်မည့်နည်းလမ်းများနှင့် အစီအစဉ်များကိုဖော်ပြသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ယင်းတွင် ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို စောင့်ကြည့်လေ့လာမည့် အစီအစဉ်များနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အရေးပေါ်အခြေအနေနှင့်စပ်လျဉ်း၍ ကြိုတင်စီမံထားရှိမှုများပါဝင်သည့် စီမံချက်များရေးသားထားရှိ၍ အကောင်အထည်ဖော်ရမည်ဟု ဆိုထားပါသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာနယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသူများနှင့် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မည်သူမဆို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာရမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀ တို့တွင် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖော်ပြထားပါသည်။

၃၁-၃-၂၀၁၂ ရက်နေ့တွင် အခန်း ၁၄ ခန်း၊ ပုဒ်မ ၄၂ ခုပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ၅-၆-၂၀၁၄ ရက်နေ့တွင် အခန်း ၁၄ ခန်း၊ ပုဒ်မ ၇၄ ခု ပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အခန်း ၁၁ ခန်း၊ နောက်ဆက်တွဲသုံးခုပါဝင်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းကို ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၆၁၆/၂၀၁၅) ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။

ထို့ပြင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်များ Environmental Impact Assessment (EIA) ပြုလုပ်ရန် လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များ ကို International Finance Corporation (IFC) ၏ အကူအညီဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်နိမိတ်အတွင်းရှိ မြစ်ဝှမ်းများပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်အကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံပိုင်ဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ အထက်ဖော်ပြပါ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး လိုအပ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်များ Environmental Impact Assessment (EIA)၊ Social Impact Assessment (SIA)၊ Environmental Management Plan (EMP)နှင့် Emergency Management Plan (EMP)တို့ ပြုလုပ်ရမည်ဖြစ်သည်။

ထပ်မံသိစေလိုသည်မှာ နိုင်ငံတော်၏အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်ရန် စီမံလျက်ရှိသည့် အကြောင်းရင်းဖြစ်ပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၏ မူလအစမှာ ၂၀၁၃ ခုနှစ် မေလတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ကမ္ဘာ့မိတ်ဖက်အဖွဲ့အစည်းနိုင်ငံများ၏ အကူအညီဖြင့် စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ NEP စီမံကိန်းအရ ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၈၀၀၀ ကျော်၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၁၀၃၇၉ မဂ္ဂါဝပ်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၂၃၅၉၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားခဲ့ပါသည်။

လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်မှုသည် လူနေထိုင်မှုဘဝ၊ ကုန်ထုတ်လုပ်ရေး၊ စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကများအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ထိုမျှ နှစ်စဉ်တိုးတက်၍ လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားများကို အရင်းအမြစ်ပေါင်းစုံ (Generation Mix) ဖြင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ထိုအထဲတွင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းလည်း အပါအဝင်ဖြစ်ပါသည်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းမှာ ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံဖြစ်ပါသည်။ စီမံကိန်းသည် စစ်ကိုင်းပြတ်ရွေ့နှင့် ၁၅ ဒသမ ၈၈ မိုင်ခန့်အကွာတွင်တည်ရှိနေ၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲထားသော Myanmar Hydropower Standards (MHS) ပါ လမ်းညွှန်ချက်များ၊ မြန်မာနိုင်ငံ အမျိုးသားတမံကြီးများ ကော်မတီ Myanmar National Committee on Large Dams (MNCOLD) ၏ အနီးကပ်ကြီးကြပ် လမ်းညွှန်ချက်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံတကာတမံကြီးများကော်မတီ၏ လမ်းညွှန်ချက်နှင့် ညွှန်ကြားချက်များနှင့်အညီ တည်ဆောက်မည်ဖြစ်သည့်အပြင် Changjiang Institute of Survey, Planning, Design and Research (CISPDR) Design Institute အဖွဲ့မှ ပညာရှင်များ၏ အကြုံပြုတွက်ချက်မှုဖြင့် တည်ဆောက်မည်ဖြစ်သောကြောင့် ငလျင်ဒဏ်နှင့် သဘာဝဘေးဒဏ်ကို ကောင်းစွာခံနိုင်မည်ဖြစ်ပါသည်။

BOT စနစ်ဖြင့် စက်ရုံလည်ပတ်မည့် စီမံကိန်းဖြစ်သည့်အတွက် အချိန်ကာလတစ်ခုကြာ ရင်းနှီးမြှုပ်နှံသူများက ထိန်းသိမ်း၊ မောင်းနှင်လည်ပတ်ပြီးပါက နိုင်ငံတော်က အလုံးစုံပိုင်ဆိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများက ထိန်းသိမ်း၊ မောင်းနှင်၊ လည်ပတ်နေစဉ် အခမဲ့ဓာတ်အား Free Power ရရှိနေမည်ဖြစ်ပြီး အဆိုပါလျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကို နိုင်ငံပိုင်ဌာနများမှ စီမံရမည်ဖြစ်သောကြောင့် စက်ရုံ၏ အရေးကိစ္စစီမံဆောင်ရွက်ခြင်းများကိုလည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေမည်ဖြစ်သည်။

ရေလှောင်တမံအတွင်း ရေသိုလှောင်ထားနိုင်သော ပမာဏမှာ ၉၇ ဒသမ ၈၈ သိန်းဧကပေဖြစ်၍ ရေတန်ချိန် သန်းပေါင်း ၁၁၈၇၇ တန်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်များကိုလည်း နိုင်ငံတော်၏ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ရေးသားပြုစုရမည်ဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်လည်း ကိုက်ညီရမည်ဖြစ်သည်။

တမံမှ ရေအားလျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များလည်ပတ်ရန် လိုအပ်သောရေပမာဏကိုသာ သိုလှောင်မည်ဖြစ်ပြီး ပိုလျှံသောရေများ၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စက်လည်ပတ်ပြီး၍ အသုံးပြုပြီးရေများက မူလမြစ်ကြောင်းအတွင်း ပြန်လည်၍ စီးဝင်မည်ဖြစ်သောကြောင့် မြစ်အောက်ဘက်တွင် ရေခန်းခြောက်မှုလည်း မရှိနိုင်ပါ။ တမံတွင် ရေသိုလှောင်ရန် ရေသိုလှောင်ပမာဏဇယားနှင့် သက်စောင့်ရေ နေ့စဉ်ထုတ်လွှတ်မည့် အချိန်၊ ပမာဏ ဖော်ပြချက်များကို အတိအလင်းဖော်ပြထားမည်ဖြစ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများလည်ပတ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှသာ ဝင်ငွေရရှိမည် ဖြစ်သောကြောင့် တမံကြီး၏အောက်ဘက် မူလမြစ်ကြောင်းအတွင်း ၁၂ လရာသီ ရေအမြဲစီးဆင်းနေမည်ဖြစ်ပါသည်။ ။