ကလေးများအတွက် အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေး၏ အရေးပါမှု
အိလဲ့ဝင်းကြိုင်
တစ်နှစ်တာ၏ ကျောင်းဖွင့်စရာသီသို့ ရောက်လာချေပြီ။ ကလေးများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးသည် မိသားစုတစ်စု၏ အနာဂတ်သာမက နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြေခံကျသောအချက်တစ်ရပ်ဖြစ်သည်။
ကျောင်းနေအရွယ်ကလေးများသည် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်၊ စတိုးဆိုင်များမှ မုန့်မျိုးစုံ၊ အချိုရည်များနှင့် အသင့်စားအစားအသောက်များကို အလွယ်တကူ ဝယ်ယူစားသုံးလာကြသည်။ ထိုထုတ်ကုန်များအနက် အချို့သည် အရည်အသွေးမပြည့်မီခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်ခြင်း သို့မဟုတ် စံချိန်စံညွှန်းနှင့် မကိုက်ညီခြင်းတို့ကြောင့် ကလေးများ၏ ကျန်းမာရေးကို ရေရှည်တွင် ထိခိုက်စေနိုင်သည်။
ကလေးများသည် ကလေးသဘာဝအရောင်အသွေးတောက်ပသော မုန့်များ၊ ချိုမြိန်သော အချိုရည်များနှင့် ဆွဲဆောင်မှုရှိသော ထုပ်ပိုးမှုများကို သဘောကျတတ်ကြသည်။ ထုတ်လုပ်သူအချို့က ရောင်းအားတက်စေရန်နှင့်အမြတ်အစွန်းပိုမိုရရှိစေရန် ရည်ရွယ်၍ အရောင်တင်ပစ္စည်းများ၊ အနံ့အရသာမြှင့် ပစ္စည်းများ၊ တာရှည်ခံဆေးများ သို့မဟုတ် အရည်အသွေးမမီသော ပါဝင်ပစ္စည်းများကို ထည့်သွင်းအသုံးပြုတတ်ကြသည်။ ယင်းကဲ့သို့သော အစားအသောက်များကို ရေရှည်စားသုံးခြင်းသည် အသည်း၊ ကျောက်ကပ်၊ အာရုံကြောစနစ်နှင့် ကိုယ်ခံအားစနစ်တို့ကို ထိခိုက်စေနိုင်သည့်အပြင် ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်စွမ်းအပေါ်ပါ ဆိုးကျိုးသက်ရောက်နိုင်သည်။
နိုင်ငံတကာတွင်လည်း အစားအသောက်ဘေးကင်းရေး ချို့ယွင်းမှုကြောင့် ကလေးများ၏ အသက်နှင့် ကျန်းမာရေးထိခိုက်ခဲ့သည့် ဖြစ်ရပ်များ စွာရှိခဲ့သည်။ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်တွင် အာရှနိုင်ငံတစ်နိုင်ငံ၌ ကလေးငယ်များအတွက် ထုတ်လုပ်သည့် နို့မှုန့်အချို့တွင် ပရိုတင်းပါဝင်မှုကို မြင့်မားနေသည်ဟု လိမ်လည်ပြသနိုင်ရန် မယ်လမင်းဟုခေါ်သော စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းတစ်မျိုးကို တရားမဝင်ထည့်သွင်းအသုံးပြုခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကလေးငယ်အများအပြားကျောက်ကပ်ရောဂါများ ခံစားခဲ့ရပြီး အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်သည် အစားအသောက်ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းများကို ကမ္ဘာတစ်ဝန်းပိုမိုတင်းကျပ်စေခဲ့သည့် အရေးပါသော သင်ခန်းစာတစ်ရပ်ဖြစ်ခဲ့သည်။
အလားတူပင် ကဖိန်းဓာတ်အလွန်မြင့်မားစွာ ပါဝင်သော အားဖြည့်အချိုရည်များကို ကလေးများနှင့် ဆယ်ကျော်သက်များ သောက်သုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သေဆုံးသည်အထိ ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များလည်း နိုင်ငံတကာတွင် အများအပြားတွေ့ရှိခဲ့ရသည်။ ၂၀၁၂ ခုနှစ်က မြောက်အမေရိကတိုက်ရှိ နိုင်ငံတစ်နိုင်ငံတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် Energy Drink တစ်မျိုးကို သောက်သုံးပြီးနောက် နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး သူ၏ မိသားစုသည် ကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။ ထိုဖြစ်ရပ်များ နောက်ပိုင်းတွင် အားဖြည့်အချိုရည်များ၏ ဘေးကင်းရေး၊ ပါဝင်ပစ္စည်းများနှင့် အရွယ်မရောက်သေးသူများအား ရောင်းချမှုအပေါ် စည်းမျဉ်းများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကို ပြဋ္ဌာန်းထားသည်။ ဥပဒေ၏ ရည်ရွယ်ချက်များမှာ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးမှုများ၊ ထိန်းကျောင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ယင်းအဖွဲ့များ အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်နှင့် စားသုံးသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင်ရန်ဖြစ်သည်။
ဥပဒေအရ စားသုံးသူများတွင် ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို ရွေးချယ်အသုံးပြုခွင့်ရှိသကဲ့သို့ ထုတ်လုပ်သူနှင့် ရောင်းချသူများတွင်လည်း ထုတ်ကုန်၏ပါဝင်ပစ္စည်းများ၊ သက်တမ်းကုန်ဆုံးရက်၊ အသုံးပြုပုံနှင့် သတိပြုရန်အချက်များကို မှန်ကန်တိကျစွာ ဖော်ပြပေးရန် တာဝန်ရှိသည်။ စားသုံးသူကို လှည့်ဖြားခြင်း၊ အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများ ရောင်းချခြင်း သို့မဟုတ် အန္တရာယ်ရှိသော အချက်အလက်များကို ဖုံးကွယ်ထားခြင်းတို့သည် ဥပဒေအရ အရေးယူခံရနိုင်သောလုပ်ရပ်များဖြစ်သည်။
သို့ရာတွင် လက်တွေ့ဘဝ၌ အမည်မသိမုန့်များ၊ အရည်အသွေးမသေချာသော အားဖြည့်အချိုရည်များနှင့် သုံးစွဲစားသောက်ရန် အညွှန်းမပြည့်စုံသော အစားအသောက်များကို ကျောင်းပတ်ဝန်းကျင်နှင့် စျေးကွက်အချို့တွင် တွေ့မြင်နေရဆဲဖြစ်သည်။ ဈေးနှုန်းသက်သာခြင်းကြောင့် ရွေးချယ်ဝယ်ယူကြသော်လည်း ထုတ်လုပ်ရာအရင်းအမြစ်၊ သန့်ရှင်းရေးစံနှုန်းနှင့် ပါဝင်ပစ္စည်းများကို အတည်ပြုရန်ခက်ခဲသဖြင့် ကလေးများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။
ထို့ကြောင့် ကလေးများ၏ အစားအသောက်ဘေးကင်းရေးသည် အစိုးရတစ်ရပ်တည်း၏ တာဝန်မဟုတ်ဘဲ ထုတ်လုပ်သူများ၊ ရောင်းချသူများ၊ ကျောင်းများ၊ မိဘများနှင့် စားသုံးသူအားလုံး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်။
မိဘများအနေဖြင့် ကလေးများအား အစားအသောက်တံဆိပ်ဖတ်ရှုနည်း၊ သက်တမ်းကုန်ဆုံးရက်စစ်ဆေးနည်းနှင့် အရည်အသွေးမသေချာသော ထုတ်ကုန်များကို ရှောင်ကြဉ်တတ်စေရန် လေ့ကျင့်ပေးသင့်သည်။ ကျောင်းများအနေဖြင့် ကျောင်းဝင်းအတွင်း ရောင်းချသည့် အစားအသောက်များကို စိစစ်ကြပ်မတ်သင့်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့်လည်း စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို မကြာခဏ ရှောင်တခင်စစ်ဆေးဆောင်ရွက်စေလိုပါသည်။
ဥပဒေတစ်ရပ်ရှိရုံဖြင့် စားသုံးသူကာကွယ်ရေး အပြည့်အဝရရှိမည် မဟုတ်ပါ။ ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ စားသုံးသူအသိပညာ မြှင့်တင်ခြင်းနှင့် လုပ်ငန်းရှင်များ၏ လူမှုတာဝန်ယူမှုကို အားပေးခြင်းတို့ ပေါင်းစပ်ဆောင်ရွက်မှသာ အန္တရာယ်ကင်းသော စားသုံးမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်သည်။
ကလေးများ၏ ကျန်းမာရေးသည်နိုင်ငံ၏ အနာဂတ်ဖြစ်သည်။ ယနေ့ကလေးတစ်ဦး စားသုံးသောအစားအသောက်သည် မနက်ဖြန် ထိုကလေး၏ ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို ဆုံးဖြတ်ပေးနိုင်သည်။ ထို့ကြောင့် ဈေးနှုန်းနှင့် ထုပ်ပိုးမှုပုံစံကိုသာ အခြေခံ၍ မရွေးချယ်ဘဲ ဘေးကင်းရေး၊ အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှုကို ဦးစားပေးရွေးချယ်သင့်သည်။ စားသုံးသူကာကွယ်ရေးကို အလေးထားခြင်းသည် ကလေးများကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ။
