Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ ကယားပြည်နယ်အတွင်း နေထိုင်ကြသည့် ယင်းဘော်၊ ဂေမို၊ ဂေဘား၊ ယင်းတလဲ၊ ဇယိမ်းလူမျိုး စုများအား အင်အားမလျော့နည်း မပပျောက် သွားအောင် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှမော်ဦး က ကယားပြည်နယ်တွင် ကယား၊ ကယန်း၊  ကယော၊ ဂေဘားစသည့် တိုင်းရင်းသားဘာသာများ သင်ကြားပေးလျက်ရှိပြီး ကယားပြည်နယ်တွင် နေထိုင်နေသည့် အခြားသောယင်းဘော်၊ ဂေမို၊ ယင်းတလဲ၊ ဇယိမ်းလူမျိုးစုများ အနေဖြင့်လည်း တိုင်းရင်းသား ဘာသာများ သင်ကြားနိုင်ရန်အတွက် ၎င်းတို့ကိုယ်တိုင် စာပေနှင့် ယဉ်ကျေးမှု အသင်းများဖွဲ့စည်း ဆောင်ရွက်မည်ဆိုပါက မိမိတို့အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း၊ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းအား ပြည်နယ်အတွင်း (၆) ကြိမ် ဆောင်ရွက်နိုင်ရေး လျာထားပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ယင်းဘော်၊ ဂေမို၊ ဂေဘား၊ ယင်းတလဲ၊ ဇယိမ်း လူမျိုးစုများ အများဆုံးနေထိုင်ကြသည့် ဒေသများတွင် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းစသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည့် နည်းတူအခြားသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် တိုင်းရင်းသား လူမျိုးများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသား လူမျိုးများအတွက် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ ငါးလုပ်ငန်း သင်တန်းကျောင်း (သထုံ) တွင် လိုအပ်လျက်ရှိသော သင်တန်းသားအိပ်ဆောင်(၁)ဆောင်နှင့် ထမင်းစား ဆောင်(၁) ဆောင်တို့အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော် က လက်ရှိအခြေအနေတွင် ဖွင့်လှစ်သည့် သင်တန်းများအနေဖြင့် ရက်တိုသင်တန်းများဖြစ်ပြီး သင်တန်းသားဦးရေအရလည်း သီးခြားသင်တန်းသား အိပ်ဆောင်နှင့် ထမင်းစားဆောင်များ ထပ်မံ ဆောက်လုပ်ရန် မလိုအပ်သေးသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ သင်တန်းပို့ချပေး လျက်ရှိသည့် အခြေအနေများအရ မွန်ပြည်နယ်၊ ငါးလုပ်ငန်း သင်တန်းကျောင်း(သထုံ)တွင် သင်တန်းသား အိပ်ဆောင်၊ ထမင်းစားဆောင်များကို သီးခြားဆောက်လုပ်ပေးရန် အစီအစဉ် မရှိသေး ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်မှတ် (၁)မှ ဦးငွန်ဟေး၏ ချင်းပြည်နယ်၊ ဟားခါးမြို့ ရေရရှိရေးသီမစ်ချောင်းမှ ရေသွယ်ရေးစီမံကိန်း၏ နောက်ဆုံးအခြေအနေ၊ ဟားခါးမြို့ မြို့မဈေးတည်ဆောက်ပြီးစီးမှု အခြေအနေ နှင့် ၂၀၁၅ ခုနှစ် ဟားခါးမြို့ မြေပြိုမှုကြောင့် သဘာဝအလှများနှင့် သစ်တောများပျက်စီးသွားသော RUNG တောင်ပြန်လည်ထိန်းသိမ်းသည့် အစီအစဉ်တို့အား သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်း က ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ရေပေးဝေရေး လုပ်ငန်း ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ဟားခါးမြို့ ရေပေးဝေရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် အကောင်အထည်ဖော်ရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်း ရေပေးဝေရေး လုပ်ငန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ရာတွင် အုပ်စု (၁၂) ခု (A,B,C,D,E,F,G,H,I,J,K,L) ရှိသည့်အနက် ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အထွေထွေ ပိုလျှံ ရန်ပုံငွေကျပ်သန်း (၂၂၀) ဖြင့် အုပ်စု (၁၂) ခုအတွက် Survey တိုင်းတာခြင်း ပြုလုပ်ခဲ့ပြီး အုပ်စု(၅)ခု ဖြစ်သည့် (G,I,J,K,L) တွင် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်မှုပြီးစီးပြီး ဖြစ်ပါကြောင်း၊ အုပ်စု(H) တွင် ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်းများအနက် (၆) လက်မ ဂျီအိုင်ပိုက်ဝယ်ယူခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း။

၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၂၂၀) ဖြင့် အုပ်စု (H,D,E) (၃)ခုအတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက် အထိလုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် အုပ်စု (A,B,C,F) တို့တွင် လိုအပ်လျက်ရှိသည့် ငွေကျပ် သန်းပေါင်း (၅၃၇ ဒသမ ၇၀) အား ပြည်နယ်အထွေထွေရန်ပုံငွေ (သို့မဟုတ်) ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာ ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပေ(၁၂၈×၆၀) (၄) ထပ် အဆောက်အဦကို အဆောက်အဦ ဦးစီးဌာန အထူးအဖွဲ့(၉)မှ တာဝန်ယူ၍ ဆောင်ရွက်လျက် ရှိပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိလုပ်ငန်း အားလုံး၏ (၉၉ ဒသမ ၄၀) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း၊ ရုန်းတောင် ပြန်လည် ထိန်းသိမ်းသည့် အစီအစဉ်နှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုသီးသန့် ရန်ပုံငွေကျပ် (၃၆၆ ဒသမ ၅၁၆) သန်းဖြင့် ရုန်းတောင် (တော်လှန်ရေးရေကန်) ပြုပြင်ခြင်းလုပ်ငန်းများဖြစ်သည့် ကန်အတွင်း ပြန်လည်တူးဖော်ခြင်းနှင့် တာပေါင်ဖို့ခြင်း၊ တာပေါင်ရိုးကျောက်စီခြင်း၊ ကျောက်စီ မြေထိန်းနံရံ ပြုလုပ်ခြင်းနှင့် ရေတံခါး အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်နယ်ရန်ပုံငွေကျပ် (၅) သန်းဖြင့် ရုန်းတောင် (တော်လှန်ရေးကန်) အတွင်း နုံးဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ နှစ်စဉ် ဇွန်နှင့် ဇူလိုင်လများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ တော်လှန်ရေး ရေကန်ဟောင်းများတွင် စည်ပင်သာယာရေးအဖွဲ့ ပိုင်ပန်းခြံတည်ဆောက်ခြင်း၊ ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းငွေကျပ် (၁၇ ဒသမ ၅)သန်းဖြင့် တော်လှန်ရေးရေကန်အထက် ပန်းဥယျာဉ်ပြုလုပ်ခြင်းကို စစ်မှုထမ်းဟောင်းအဖွဲ့မှလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဟားခါး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂၈ ဒသမ ၅) သန်းဖြင့် တော်လှန်ရေး ရေကန်ပန်းခြံတည်ဆောက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို မေတ္တာအဏ္ဏဝါ ကုမ္ပဏီမှ လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ကိုယ်စားဖြေကြားသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးတင်ဝေ၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် မြေယာလျော်ကြေး တစ်စုံတစ်ရာမပေးဘဲ VANTAGE Co.,Ltd သို့ ပုစွန်ကန်များအပြီးအပိုင် လွှဲပြောင်းရောင်းချခဲ့သည့် မြိတ်မြို့၊ ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်မှုများအား သိရှိလိုသည့် မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ မြန်မာနိုင်ငံ၌ ယခင်က “ဝါ” အကြီးအကျယ် စိုက်ပျိုးထွက်ရှိခဲ့သော ဒေသများတွင် ဝါခင်းများ ပြန်လည်စိုက်ပျိုးထုတ်လုပ်စေပြီး အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ အစဉ်တစိုက် အသုံးပြု ဆောင်ရွက်နိုင်ရန် အမျိုးသားရေး မူဝါဒအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့် ၏ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့တွင် မြို့နယ်ခန်းမ (Community Center) တစ်ခုဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်း က  လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးလားလ်မင်းထန် က ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး က ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းရာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာခင်မကြီးက ထောက်ခံကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်းကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဖေဖော်ဝါရီ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်