Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၂၀

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ မုံရွာ - သာစည် - နောင်ကြီးအိုင် - မူးကမ်းကြီး - ဆိပ်ခွန် - ရွှေဘိုလမ်းပိုင်း မိုင်တိုင် (၈) မိုင်မှ (၁၃)မိုင်အထိ (၅)မိုင် အရှည်အား မူလအကျယ် (၁၂)ပေ ကတ္တရာလမ်းမှ (၁၈) ပေအကျယ်ချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းရန် အတွက် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မုံရွာ - သာစည် - နောင်ကြီးအိုင် - မူးကမ်းကြီး - ဆိပ်ခွန် - ရွှေဘိုလမ်း၏ မိုင်တိုင်အမှတ် (၈) မှ (၁၃)အထိ လမ်းမိုင် အရှည် (၅)မိုင်အား မူလ(၁၂)ပေအကျယ် ကတ္တရာလမ်းမှ (၁၈)ပေအကျယ်ချဲ့ပြီး ကတ္တရာ ထပ်ပိုးလွှာ ခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံခဲ့သော်လည်း မိုင်တိုင်အမှတ် (၇/၄) မှ (၈/၀)အထိ (၄)ဖာလုံသာ လျာထားနိုင်ခဲ့သည့် အတွက် ကျန်ရှိသည့်လမ်းပိုင်း များကို နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်ရန်ပုံငွေ လျာထားတင်ပြမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း ၏ မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး သဘာဝသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် နေထိုင်သူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဖယ်ရှားရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ကျိုက်ထီးရိုးသဘာ၀ကြိုးဝိုင်း တောအတွင်း တရားမဝင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားခြင်းသည် အချိန်ယူ ဆောင်ရွက်ရသည့် ကိစ္စဖြစ်၍ အသိပေး၊ သတိပေးနှင့် ဥပဒေအရ တရားစွဲဆိုခြင်း စသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကြိုးဝိုင်းတောအတွင်း တရားမဝင် အမဲလိုက်ခြင်း၊ သစ်ခုတ်ခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်းတို့ မရှိစေရေး ကင်းလှည့်ထိန်းသိမ်းခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ ပညာပေးဟောပြောခြင်းနှင့် မြေအသုံးချမှုစစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကြိုးဝိုင်းတော အတွင်း ကျူးကျော်ဝင်ရောက်သူများအား ဥပဒေအရအရေး ယူဆောင်ရွက်လျက်ရှိပြီး ထပ်မံကျူးကျော်မှု မရှိစေရေး ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် သစ်တောဦးစီးဌာန (ကျိုက်ထီးရိုးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော) မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကျိုက်ထီးရိုး ဂေါပကအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် လည်းညွှန်ကြားချက်နှင့်အညီ တားဆီးကာကွယ် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် ၏ ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့နယ်တွင် ခိုလှုံနေကြသည့် တိုက်ပွဲရှောင် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးနှင့် ဒုက္ခသည်စခန်း (IDPs Camp) များ အမြန်ဆုံး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ကျောက်တော်မြို့နယ် အတွင်းရှိနေရပ် စွန့်ခွာတိုက်ပွဲရှောင်ပြည်သူများကို ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခြင်း၊ အရေးပေါ် ကယ်ဆယ် ရေး ပစ္စည်းထောက်ပံ့ခြင်း၊ ဒဏ်ရာရ၊ သေဆုံးသူများ ထောက်ပံ့ ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ မှစတင်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် လ၃၀ ရက်အတွင်း ငွေကျပ်သန်း ၃၈၀ ကျော် ထောက်ပံ့ ပေးခဲ့ပါကြောင်း၊ တိုက်ပွဲ ရှောင်ပြည်သူများအတွက် စခန်းများဆောက်လုပ်ရာတွင်လည်း စခန်းတစ်ခုချင်းတွင် (၂၀)ခန်းတွဲတန်းလျား၊ စားဖိုဆောင်၊ လုံခြုံရေးတပ်ဖွဲ့အိပ်ဆောင်၊ လုံခြုံရေး တပ်ဖွဲ့ရုံး၊ စခန်းစီမံခန့်ခွဲမှု ကော်မတီရုံး၊ ကျန်းမာရေးဆေးပေးခန်းနှင့် နှစ်ခန်း တွဲသန့်စင်ခန်း တို့ပါဝင်ပါကြောင်း။

ထို့ပြင် ကျောက်တော်မြို့နယ်၊ နေပူခံတိုက်ပွဲရှောင်စခန်းတွင် တိုက်ပွဲရှောင်ပြည်သူများ တိုးပွားလာသည့် အတွက် ထပ်မံဆောက်လုပ်ပေးရန် လိုအပ်သော လူနေ အဆောက်အဦတန်းလျား (၄)လုံးနှင့် အိမ်သာ (၁၆)လုံးကို ကျောက်တော်မြို့၊ မြို့သစ် ရပ်ကွက်၊ ကွင်းအမှတ်(၁ - က)၊ မြေဧရိယာ (၂ ဒသမ ၆၃၄) ဧကပေါ်တွင် ခန့်မှန်း ကုန်ကျငွေ (၈၈ ဒသမ ၇၂၀)သန်းဖြင့် ဆောက်လုပ်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်း အဆောက်အဦတန်းလျား (၄)လုံး ဆောက်လုပ်ပြီးပါက တိုက်ပွဲရှောင်ပြည်သူ ဦးရေ(၅၀၀) မှ (၆၀၀)အကြား နေရာချထားဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း ၏ ချင်းပြည်နယ်၊ ပလက်၀ မြို့နယ်၊ ကုန်းတော်ကျေးရွာအုပ်စု၊ ချင်းဒေါက်ကျေးရွာတွင် ကျေးလက် ကျန်းမာရေး ဌာန(ခွဲ) အဆောက်အဦ အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၁၁)မှ ဒေါ်ထု မေ၏ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တိုက်ပွဲရှောင်ပြည် သူများ စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ နေကြရခြင်းကြောင့် ၎င်းပြည်သူ များအတွက် တိုက်ပွဲရှောင်စခန်းများတွင် အခြေခံ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်းများ လုံလောက်စွာ စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း နှင့်တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်တို့က ဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပေးပို့သော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအား အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ “ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာ ဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု” အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး က အစား အသောက်များ စိုက်ပျိုး ထုတ်လုပ်သည်မှစ၍ စားပွဲပေါ်ရောက်သည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်များရှိပါကြောင်း၊ ထို့ကြောင့် အသီးအနှံ အစားအသောက်များကို ထုပ်ပိုးသန့်စင် သယ်ယူပို့ဆောင်ခြင်း အဆင့်တိုင်းတွင် Quality Control ကို တာဝန်ရှိသည့် အဖွဲ့အစည်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) စသည့် ဌာနများက သေချာကြပ်မတ် ပေးသင့်ပါကြောင်း၊ ကော်မတီ အနေဖြင့်လည်း ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးကြီးသဖြင့် FDA ၏ လုပ်ဆောင်မှုများအပေါ်တွင် စုံစမ်းလေ့လာမှုများ ပြုလုပ်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး က အကြံပြုလိုသည်မှာ ဆင်းရဲနွမ်းပါးပြီး ကုသရန် လက်လှမ်းမမှီသည့် ကင်ဆာရောဂါသည်များအတွက် ပရဟိတ ကင်ဆာဖောင်ဒေးရှင်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို အလွယ်တကူ ရှာဖွေရရှိနိုင် ရန်အတွက် နည်းမျိုးစုံဖြင့် ကူညီပေးရန် လိုအပ်နေပါကြောင်း၊ ထို့ပြင် ကင်ဆာရောဂါသည် များ၏ မျှော်လင့်ချက်များကို တနည်းနည်းဖြင့် အားအင်ဖြစ်စေရန်အတွက် ကမ္ဘာကြီးတွင် အောင်မြင်နေသည့် ကင်ဆာရောဂါကုထုံးအသစ်များ ကိုလည်း ဘာသာပြန်ဆိုပြီး စာတမ်း တွင်ထည့်သွင်းဖော်ပြပေးစေလိုပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ဝင်း သီရိဆွေ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်တို့က ဆက်လက်ဆွေး နွေးကြသည်။

ထို့နောက် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအတွင်း ရေးမှူး ဒေါက်တာ စန်းမောင်မောင်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဝင် ဦးသက်နိုင်စိုး က ကော်မတီ၏ ၂၀၁၈ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဝင် ဒေါ်စန်းစန်းမြင့် က ကော်မတီ ၏ ၂၀၁၈ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဩဂုတ် ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်