Skip to main content

ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သော SMEs လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်

ရန်ကုန်   ဇန်နဝါရီ   ၁၅


ကိုဗစ်ကာလ၏ ပြည်တွင်းခရီးသွားလုပ်ငန်းများ တုံ့ဆိုင်းလာမှုရှိနေခြင်းအပေါ် ခရီးသွားကဏ္ဍတွင်   ဆက်စပ်ပါဝင်နေသော  SMEs  လုပ်ငန်းများအနေဖြင့် မြန်မာ့ခရီးသွားဘဏ်(MTB)တွင် ချေးငွေများချေးယူနိုင်ခွင့်ကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်  လက်အောက်ရှိ အသင်း ၁၁ သင်းမှတစ်ဆင့် ဆက်သွယ် ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း   ရန်ကုန်မြို့   ပြည်လမ်းရှိ   မြန်မာ့ခရီးသွားဘဏ် ရုံးချုပ်မှ သိရသည်။


“အခုကိုဗစ်ကာလမှာ ကျွန်တော်တို့  မြန်မာ့ခရီးသွားလုပ်ငန်းအနေနဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ် ရေးထိုးပြီး    အသေးစားနဲ့  အလတ်စား စီးပွားရေးလုပ်ငန်းတွေကို    ချေးငွေဆောင်ရွက်မှုတွေပံ့ပိုးပေးဖို့ အဆင့်ဆင့် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်ရဲ့ ချေးငွေဌာန ဆိုတာရှိတယ်။ အဲဒီမှာ SMEs လုပ်ငန်းတွေအနေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါတယ်။ ကိုဗစ်ကာလမှာတော့ အတိုးတောင်းခံကာလရွှေ့ဆိုင်း ပေးတာတွေ၊ အရင်းပြန်သွင်းရမယ့်ရက်တွေ သတ်မှတ်ကာလအလိုက် ဆိုင်းငံ့ပေး တာတွေ လုပ်ပေးတယ်။ အခု ကိုဗစ်ပြန်ငြိမ်သွားလို့ ခရီးသွားလုပ်ငန်းတွေပြန်စရင် တော့ ချေးငွေ ကို အရှိန်အဟုန်မြှင့်ပြီး ချေးသွားဖို့ရှိပါတယ်”ဟု မြန်မာ့ခရီးသွား ဘဏ်ရုံးချုပ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်သူက ပြောသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်    အမှတ်တရပစ္စည်း အရောင်းဆိုင်များအသင်း၊ ဟိုတယ် အသင်း၊ စားသောက်ဆိုင်အသင်းအပါအဝင် အခြားကဏ္ဍအလိုက် အသင်းပေါင်း ၁၁ သင်းရှိကြောင်း သိရ သည်။ ထိုအသင်း ၁၁ သင်း လက်အောက်ရှိ ဆက်စပ်နေသော  SME  လုပ်ငန်းများသို့  မြန်မာ့ ခရီးသွား ဘဏ်အနေဖြင့် ပြီးခဲ့သည့်နှစ်မှ စတင်ချေးပေးခဲ့ကြောင်း သိရသည်။


ချေးငွေကို အာမခံမဲ့စနစ်ဖြင့် SME လုပ်ငန်းတစ်ခုကို ငွေကျပ်သိန်း ၂၀၀ မှ စတင်ချေးပေးပြီး အာမခံ ထားရှိလျှင် လျှောက်ထားမှုအပေါ် မူတည်ကာ ထုတ်ချေးပေးကြောင်း သိရသည်။


ယခုကိုဗစ်ကာလတွင်    နိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ အတိုးတောင်းခံသည့် ကာလများ ကို ရွှေ့ဆိုင်းပေးခြင်း၊ အရင်းပြန်ဆပ်ရမည့် လများကို ခြောက်လဆိုင်းငံ့ပေးမှုများရှိကြောင်း၊ လက်ရှိတွင် မြန်မာ့ခရီးသွား ဘဏ်၏ ချေးငွေအတိုးသည် ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ပြည်တွင်း၌ မြန်မာ့ခရီးသွား ဘဏ်ရုံးချုပ်ကို   ရန်ကုန်တိုင်းဒေသကြီး  ကမာရွတ်မြို့နယ် ပြည်လမ်း၌   ဖွင့်လှစ်ထားပြီး  နိုင်ငံတစ်ဝန်း၌ ဘဏ်ခွဲပေါင်းခြောက်ခုအထိ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။   


မြင့်မောင်