Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းတွင် အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၂၃

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် Semi-virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုသင်တန်းတက်ရောက်နေသူများ အားလုံးသည် ကာကွယ်ဆေးထိုး နှံခြင်းလုပ်ငန်းများတွင် နှစ်များစွာ အတွေ့အကြုံရှိသူများဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ဆောင်ရွက်ရမည့် ကိစ္စအဝဝကို သိရှိနားလည်ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကာ ကွယ်ဆေးသည် ကာကွယ်ဆေး အမျိုးအစားအသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ဝိသေ သများ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆက်တွဲဖြစ် ပေါ်လာနိုင်သော ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ နောက်ဆုံးရ အချက်အလက်များကို မွမ်းမံပြောကြားသင်တန်းပြုလုပ် ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းပြုလုပ်ခြင်းဖြင့် ပထမ အသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အသုတ်လိုက်ရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် အသေးစိတ်လုပ်ငန်းလမ်းညွှန် (guideline) များကိုလည်း ရေးဆွဲပြုစုပြီးဖြစ်ကာ အီးမေးလ်များဖြင့်လည်းကောင်း၊ စာအုပ်ဖြင့်လည်း ကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးပြီးပါကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အသစ်ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်များကိုလည်း နောက်ထပ် ထပ်မံတွေ့ရှိလာမည့် အကြောင်းအရာများနှင့် အချက်အလက်များရှိပါက ထပ်မံမွမ်းမံဖြည့် စွက်သွားမည် ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်ထိုးနှံအသုံးပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက် မြက်မှု (efficacy) ရှိသည်ကိုသာ သိရှိရသေးပြီး လက်တွေ့ပြင်ပတွင် စွမ်းရည်ထက်မြက်ခြင်း (effectiveness) မည်သည့် အတိုင်းအတာအထိရှိသည်ကို ဆက်လက်လေ့လာနေဆဲဖြစ်ပါ ကြောင်း။

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှုစွမ်း ရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာမည်မျှရှိမည်စသည့် အချက် များကိုလည်း ဆက်လက် လေ့လာနေဆဲဖြစ်ပါကြောင်း၊ ယခုရရှိသည့် သတင်းများအရ ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် စွမ်းရည်ထက်မြက်ခြင်းရှိသည်ဟုသိရှိရပါကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ကိုဗစ်-၁၉ ကာကွယ် ရေးနည်းလမ်းများကို ဆက်လက်၍ တိကျစွာ မဖြစ်မနေလိုက်နာကျင့်သုံးနေရမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနအနေ ဖြင့် ကျန်းမာရေးရှုထောင့်မှ အကြံပြုချက်များကို တင်ပြလျက်ရှိကာ အမျိုးသား အဆင့်ဗဟို ကော်မတီက လူမှုရေး၊ စီးပွားရေး စသည့်ရှုထောင့်အမျိုးမျိုးမှ စဉ်းစားဆုံးဖြတ်ကာ လမ်းညွှန်မှု များပေးအပ်လျက်ရှိပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးများရရှိစေရန်နှင့် ယခုပထမအသုတ်ရောက်ရှိပြီး ထိုးနှံရေး အတွက် ကာကွယ်ဆေးသိုလှောင်ခြင်း၊ အအေးလမ်းကြောင်း မပျက်စေဘဲပို့ဆောင်ခြင်း၊ စာရင်းများပြုစုခြင်း၊ ကာကွယ်ဆေးထိုးကဒ်များပြုစုခြင်း၊ ကာကွယ်ဆေးထိုးအစီအစဉ်ရေး ဆွဲခြင်း၊ ကာကွယ်ဆေးထိုးပြီး ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများ (AEFI) အတွက်စနစ်တကျကိုင်တွယ်စီမံနိုင်ရေး အစီအစဉ်များ ရေးဆွဲခြင်းစသည်တို့ကို ရေးဆွဲပြီးခဲ့ သည့်အပြင် လုပ်ငန်းကိစ္စအဝဝကို (၂၄) နာရီပတ်လုံးကြိုးပမ်းဆောင်ရွက်နေသည့် ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ် ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံ များအပါအဝင် ပါဝင်ဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိအသိအမှတ်ပြုပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း ဆိုင်ရာ စားပွဲဝိုင်းလေ့ကျင့်ခန်း (tabletop exercise) များပြုလုပ်ထားကြပြီးဖြစ်သည့်အတွက် လက်တွေ့ကာကွယ် ဆေးထိုးလုပ်ငန်များဆောင်ရွက်ရာတွင် အဆင်ပြေမည်ဟုထင်မြင်ပါ ကြောင်း။

ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများအနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ တင်ပြကာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မမျှော်မှန်းနိုင်သော ကိစ္စရပ်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချဆောင်ရွက်ကြရ မည်ဖြစ်ပြီး ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအကြား အမြဲတမ်း ဆက်သွယ် ချိတ်ဆက်မှုလုပ်ဆောင်ရန် လမ်းကြောင်းများလည်းရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သိရှိထားသင့်သည့်အချက် အလက် အကြောင်း အရာများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာ မျက်နှာများတွင် ထုတ်ပြန်ထားပြီး ဆက်လက်၍လည်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် တိုင်းဒေသကြီး/ ပြည်နယ် နေရာဒေသအလိုက် ထိုးနှံရမည့်လူအရေအတွက်၊ လမ်းပန်းဆက်သွယ်ရေးအနေအထား၊ လုံခြုံရေးအနေအထား စသည်တို့ကြောင့် ထိုးနှံရက်အတိုင်းအတာသည် နေရာဒေသတစ်ခုနှင့် တစ်ခုထပ်တူကျ တူညီမှု မရှိနိုင်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများက ဦးဆောင်ကာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးများဖြစ်ပွားခြင်းမရှိစေရန်အတွက် ထိုးနှံရမည့် လူဦးရေများပြားသည့် နေရာများတွင် နေ့ရက်နှင့် အချိန်ခွဲကာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးစုရပ်နေရာများကို စနစ်တကျပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယနေ့ သင်တန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအတွက် အကြောင်းအရာ အမျိုးမျိုး၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအမျိုးမျိုးကို ထည့်သွင်းထားသည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် မရှင်းလင်းသည်များကို ပွင့်လင်းစွာမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း) ဒေါက်တာထားထားလင်းက ဗဟိုအဆင့်မွမ်းမံဆရာဖြစ်သင်တန်းကို ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်မွမ်းမံ သင်တန်းကို ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တစ်ဆက်တည်းပြု လုပ်သွားမည်ဖြစ်ပါ ကြောင်း၊ မွမ်းမံသင်တန်း တက် ရောက်ပြီးသူများကသာ ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မြို့နယ်အဆင့်မွမ်းမံသင်တန်းကို ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို ပထမဦးစားပေးအနေဖြင့် ထိုးနှံသည့် အခါ၌ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျန်းမာရေးဝန်ထမ်းအင်အားစာရင်း၊ ဦးစီးဌာန အလိုက် ဝန်ထမ်း အင်အားစာရင်းကို ကောက်ယူထားရှိပြီးဖြစ်ပါကြောင်း။

ယခုပြုလုပ်သည့်သင်တန်း၏သင်ရိုးတွင် အခန်း(၆)ခုပါဝင်ပြီး အခန်း (၁) -နိဒါန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာ၊ အခန်း (၂) -ကိုဗစ်-၁၉ ကာကွယ်ဆေး များ သိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ အခန်း(၃)- ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ အခန်း (၄) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကိုစောင့်ကြပ်စစ်ဆေးခြင်း၊ အခန်း (၅) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ အခန်း (၆) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ် ပြောဆိုခြင်း တို့ပါဝင်ပါကြောင်း။

ကာကွယ်ဆေးထိုးပြီးနောက်ဆက်တွဲပြဿနာများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဖြစ်ပွား လာပါက အရေးပေါ်ကုသမှုပေးခြင်းတို့အတွက် လုပ်ငန်းလမ်းညွှန်ကို AEFI Committee နှင့် ဆွေးနွေးကာရေးဆွဲဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ၊ ကျန်းမာရေးဌာနများတွင် ကာကွယ်ဆေးထိုးနှံရမည့်လူဦးရေအလိုက် ကာကွယ်ဆေးထိုးစုရပ်များပြင်ဆင်ခြင်း၊ ကျန်းမာရေးအဖွဲ့ (Medical Team) များ ပြင်ဆင် ထားရှိခြင်းတို့ကို သက်ဆိုင်ရာဆေးရုံ/ ကျန်းမာရေးဌာန အလိုက် စီစဉ်ဆောင်ရွက်ထားရ မည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းသည် အသက် (၁၈) နှစ်အထက်လူအုပ်စု များကို ထိုးနှံပေးရမည်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးစုရပ်ကို ရောက်ရှိလာခြင်းသည် ကာကွယ် ဆေးထိုးရန်သဘောတူခြင်းဟု သတ်မှတ်သည့်အတွက် Consent Form မလို အပ်ပါကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသောနေရာများအတွက် သီးခြားအစီအစဉ်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများမှ ပြန်လည်ဆွေးနွေးကြပြီး သင်တန်းအစီ အစဉ်များကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)