Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်

နေပြည်တော် ဇန်နဝါရီ ၂၄

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၃ ဦးအား ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airline လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၄၅ ဦးအား ဟနွိုင်းမြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

အလားတူ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသားများ အလှည့်ကျဝန်ထမ်း ပြောင်းလဲခြင်း အကူအညီပေးရေးဗဟိုကော်မတီ (CCSC) တို့မှ ပူးပေါင်းစီစဉ် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၈၈ ဦး၊ အိန္ဒိယမှ တစ်ဦး၊ စင်ကာပူမှ ငါးဦး၊ ဩစတြေးလျမှ နှစ်ဦး၊ မနီလာမှ တစ်ဦး၊ ဖိလစ်ပိုင်မှ တစ်ဦး၊ ပနားမားမှ နှစ်ဦး မြန်မာသင်္ဘောသား စုစုပေါင်း ၁၂၅ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့် နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘော ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်