နေပြည်တော် ဖေဖော်ဝါရီ ၂၀
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင် မည်မျှရှိပြီး လိုအပ် သည့် အရေအတွက်ထက် ပိုလျှံခြင်း ရှိ/မရှိ၊ အကယ်၍ ထပ်မံလိုအပ်သည်ဟုယူဆပါက မည်သည့်မူဝါဒများ ချမှတ်၍ ပွင့်လင်းမြင်သာစွာ ခွင့်ပြုပေးနေသည်နှင့် လူနေထူထပ် သည့် မြို့ရွာ၊ ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေး၊ ငလျင်ဘေး စသည့် သဘာ၀ဘေးအန္တရာယ်များ ကျရောက်ပါက မထိခိုက်စေရန် စဉ်းစားထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် က ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ရရှိထားပြီး ဖွင့်လှစ်ရောင်းချထား သော စက်သုံးဆီအရောင်းဆိုင် အရေအတွက်သည် စည်ပင်သာယာနယ်နိမိတ်အတွင်း (၁၃၉)ဆိုင်၊ စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် (၄၉)ဆိုင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် (၁၈၈)ဆိုင် ရှိပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၉ ခုနှစ် နိုဝင်ဘာလစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် ယာဉ်ကြီး၊ ယာဉ်ငယ် စုစုပေါင်းစာရင်းမှာ (၇၈၅၀၀၀) ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအနေဖြင့်လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်း ဝင်/ထွက်သွားလာ လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိစက်သုံးဆီအရောင်းဆိုင်(၁)ဆိုင်လျှင် ပျှမ်းမျှယာဉ်စီးရေ (၄၂၀၀)ခန့်ကို ဆီဖြန့်ဖြူးပေးနေရသည့် အခြေအနေဖြစ်ပါကြောင်း၊ လက်ရှိဖွင့်လှစ်ထား သည့်အရောင်း ဆိုင်အရေအတွက်နှင့် အဆိုပါ ယာဉ်စီးရေအချိုးတို့အရ စက်သုံး ဆီအရောင်းဆိုင် အရေအတွက်သည် ပိုလျှံခြင်းမရှိသေးဘဲ ထပ်မံလိုအပ်လျက်ရှိပါ ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြုသင့်သည့်မြေ ပေါ်တွင် စက်သုံးဆီ အရောင်း ဆိုင်အသစ် တည်ဆောက်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မည်ဆိုပါက စိစစ်ခွင့်ပြုပေး လျက်ရှိ ပါကြောင်း။
ထို့ပြင် လူနေထူထပ်သည့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း နေထိုင်ကြသည့် ပြည်သူများ ၏ မီးဘေး၊ ငလျင်ဘေး စသည့် သဘာ၀ဘေးအန္တရာယ်များကျရောက်ပါက ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်အား မြို့အတွင်း တည် ဆောက်မည်ဆိုပါက မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို မြေအောက်သိုလှောင် ကန်ဖြင့်သာ တည်ဆောက်သိုလှောင်ဖြန့်ဖြူးရောင်းချရန် သတ်မှတ်ထားပါကြောင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့၏ သတ်မှတ်ချက်စံချိန်စံညွှန်းများအတိုင်း လိုက်နာ ထားရှိစေပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း ၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ဟောင်း မြေနေရာနှင့် အဆောက်အဦများကို Industrial Complex အဖြစ် သို့မဟုတ် စက်မှုလုပ်ငန်းတစ်ခုခု အတွက် ပြန်လည်အသုံးချရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ရှိ စစ်တောင်းစက္ကူစက်ရုံဟောင်းမြေနေရာအား Industrial Complex ထူထောင်နိုင် ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ဝန်ကြီး ဌာနအနေဖြင့်လည်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ မြန်မာနိုင်ငံ၌ လယ်ယာသုံး စက်ကိရိယာများအား ကုမ္ပဏီများမှတစ်ဆင့် လယ်သမားများ ဝယ်ယူရာတွင် အဆင်မပြေမှုများ ရှိနေကြသဖြင့် စီစဉ်ကြပ်မတ်ဆောင်ရွက်နိုင်သည့်အဖွဲ့ ဖွဲ့စည်းပေး ရန်နှင့် မြန်မာနိုင်ငံစက်မှုလက်မှုပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း၍ လယ်ယာသုံး စက်ကိရိယာပစ္စည်းများအား ထုတ်လုပ်ဖြန့်ဖြူးစီမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း က လယ်ယာသုံးစက် ကိရိယာများ အရည်အသွေးမီ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးအတွက် နိုင်ငံပိုင်လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေးစက်ရုံများကို အစိုးရ၊ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်မှုနည်းလမ်း များဖြင့် လည်ပတ်နိုင်ရန် စီစဉ်လျက် ရှိပြီး လယ်ယာသုံးစက် ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီ ရေးအတွက် မော်တော်ယာဉ်နှင့် လယ်ယာသုံးစက် ပစ္စည်းများ ထုတ်လုပ်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးအဖွဲ့က စစ်ဆေး လျက်ရှိပါကြောင်း၊ထို့ပြင် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရာတွင် တောင်သူ လယ်သမားများ ကြုံတွေ့ရသည့် အဆင်မပြေမှုများကို ဖြေရှင်းပေးနိုင်ရန် စုံစမ်းစစ် ဆေးရေး အဖွဲ့များကို လည်း ဖွဲ့စည်းပြီး စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် ၏ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရေး အတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က တစ်ကမ္ဘာလုံးကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးနိုင်စေရေးအတွက် မူဝါဒများ၊ မဟာဗျူဟာများနှင့် စီမံကိန်းများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး လိုက်နာရမည့် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း အကူအညီများဖြင့် ရာသီဥတု ပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ နေပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၏ မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအသစ်တချို့ကို လက်ရှိဖြည့်စွက်ဘတ် ဂျက်တွင်လည်းကောင်း၊ တချို့ကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း သင့်တော်သလို အမြန်ဆုံး ခွဲဝေချထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အားကစားရုံ(၁)ရုံဆောက်လုပ်ခြင်း၊ ပွဲကြည့်စင် အဆင့်မြှင့်တင် တည်ဆောက်ခြင်း၊ (၃)ခန်းတွဲဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ် ငန်းများနှင့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ ဘောလုံးကွင်းအုတ်တံတိုင်းကာရံခြင်း၊ လွယ်ဂျယ်မြို့ အားကစားကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေစာရင်း တွေ ထည့်သွင်းလျာထားအဆိုပြု တင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ထို့ပြင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အားကစားကွင်းအတွင်း Inner Fencing ပြုပြင်ကာရံခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျ ငွေကျပ် (၉၄၇၀၆၀၆ ဒသမ ၂) အား ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဘတ်ဂျက်တွင် ပြုပြင်ထိန်းသိမ်းရေးခေါင်းစဉ် ဖြင့် ကချင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ မြေဧရိယာ (၁၆ ဒသမ ၆၁) ဧကတွင် ခနောက်စိမ်းသတ္တုအသေးစား ထုတ်လုပ်ခွင့်ရရှိထားသော သတ္တုကုမ္ပဏီမှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ခွင့်ပြုမိန့်လိုင်စင်သက်တမ်း ကုန်ဆုံးနေပြီဖြစ်သော်လည်း ခွင့်ပြုချက်မရှိ ဆက်လက်တူးဖော်နေခြင်းနှင့် လုပ်ငန်းမြေနေရာအား သတ္တု တွင်းပိတ်သိမ်းမှုကို ဥပဒေပါအတိုင်း မြေယာပြုပြင် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်း၊ စိမ်းလန်းစိုပြေရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိ ပျက်ကွက်နေ မှုအပေါ် မည်သို့စီမံအရေးယူဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ၁၉၉၅ - ၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည်စီမံကိန်း တည်ဆောက်မှု ကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လယ်သမာများအား အစားထိုးပေးသည့် မြေယာများ နှစ်ပေါင်း (၂၄)နှစ်ကျော် လုပ်ကိုင်ခဲ့သော်လည်း ပုံစံ(၇)မရရှိခြင်းကြောင့် ပုံစံ (၇)ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ကလည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မြန်မာ့အားကစား နိုင်ငံတကာအဆင့်အတန်းမီနိုင်ရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားအားကစားဥပဒေ ရေးဆွဲရာတွင် မည်သည့်အဆင့်ထိရောက်ရှိ နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုး က ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ် တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ရဲသွင်၊ စိုးဝင်းထွန်း