Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆင်နင်းဗိုလ် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော ဆင်နင်းဗိုလ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်သည်။

ရှေးဦးစွာ ဆင်နင်းဗိုလ်ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အလှူရှင် မုံရွာမြို့ နန္ဒဝန်ရပ် သဒ္ဓမ္မ ဇောတက သုဗောဓာရုံ ကျောင်းတိုက် နာယက ဒွါဒသမ တိပိဋိကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကာ ကျောင်းဆောင်သစ် နှင့် ဇောတက စာကြည့်ခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် အလှူရှင် ဆရာတော်မှ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ဩဝါဒစကားများမြွက်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က “ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မူဝါဒ(၃)ရပ် ချမှတ်ပြီး ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့အတွက် လူမှု စီးပွားဖွံ့ဖြိုးလာစေပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေဖို့ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတော်ရဲ့ မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနက  အခြေခံပညာကျောင်းများမှာ ကျောင်းဆောင်များ ဆောက်လုပ် ပေးနိုင်မှုကို ကြည့်လျှင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း (၁၂) ကျောင်းအတွက် ခွဲဝေခွင့်ပြုငွေ(၃၇၄ ဒသမ ၄၀)သန်း၊ ပြင်ဆင် ထိန်းသိမ်းစရိတ်မှာလည်း ကျောင်းပေါင်း(၅၂)ကျောင်းအတွက် ကျပ်(၁၉၇ ဒသမ ၂၂၇)သန်း ရရှိခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း(၁၉) ကျောင်းအတွက် ခွဲဝေ ခွင့်ပြုငွေ ကျပ်(၉၁၀ ဒသမ ၂၀၀)သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်မှာလည်း ကျောင်းပေါင်း (၂၈) ကျောင်းအတွက် ကျပ် (၄၂ ဒသမ ၀၂၈) သန်းရရှိခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မှာ အခြေခံပညာ မူလတန်းကျောင်း(၁၀)ကျောင်းအတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွဲဝေခွင့်ပြုငွေကျပ် (၇၁၅ ဒသမ၉၅၀) သန်း၊ ပြင်ဆင်ထိန်းသိမ်း စရိတ်မှာလည်း ကျောင်းပေါင်း (၈၉) ကျောင်းအတွက် ကျပ်(၃၈၄ ဒသမ ၂၈၈)သန်းရရှိခဲ့ပါကြောင်း။

ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ယခုလို တိုးတက် လာရခြင်းမှာ အလှူရှင် မုံရွာမြို့ နန္ဒဝန်ရပ် သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက် နာယက ဒွါဒသမ တိပိဋိကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ မိသားစုတို့၏ ကူညီမှုနှင့် မိဘ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် ယခုလို တိုးတက်လာတာဖြစ်ပြီး အဆိုပါ မိသားစုတို့၏ ပညာရေးဌာနအပေါ် ကူညီပံ့ပိုးမှုများမှာ (၅၄×၃၆×၂၅)ရှိ ဇောတက စာကြည့်ခန်းပါဝင်သော အာစီ(၂)ထပ် အဆောင်အဦ(၁)ဆောင်နှင့် ဒေသခံမိဘပြည်သူအလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်း  (၇၀၀)ကျော် ရှိတဲ့ ဆင်နင်းဗိုလ်ကျောင်းဆောင်သစ်ကို ပညာရေး ဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပနေပြီဖြစ်ကြောင်း နှင့် နိုင်ငံတော်အစိုးရ အနေနဲ့လည်း ပညာရေးဟာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးရဲ့ အခြေခံအုတ်မြတ်ဖြစ်တယ်လို့ သိရှိယုံကြည်တဲ့အတွက် ပညာရေး အသုံးစရိတ်တွေကို တစ်နှစ်ထက်တစ်နှစ်တိုးတိုးပြီး သုံးစွဲနေခဲ့ပြီ ဖြစ်ကြောင်း။

ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် လူတိုင်းပညာရည်မြင့်ဖို့ လိုအပ်ပါကြောင်း၊ ဆရာဆရာမ များအနေဖြင့် ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ရုံသာမက ရှေ့အနာဂတ် ဘဝခရီးအတွက်လည်း ကိုယ်တိုင်စဉ်းစား တွေးခေါ်ဆုံးဖြတ်တည်နိုင်သူများ ဖြစ်စေရန် အာဆီယံအသိုက်အဝန်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန် လမ်းညွှန်လေ့ကျင့် သင်ကြားပေးစေလိုပါကြောင်း။

မိမိတို့နိုင်ငံဟာ ပညာရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးဖြစ်တာနဲ့အညီ ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးများတွင် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာအောင် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖ များ၊ ဆရာ/ဆရာမများက အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း၊ နောင်တစ်ချိန်မှာ ဒီအရပ်ဒီဒေသရှိ အနာဂတ်ကြယ်ပွင့်လေးများ ဖြစ်ကြတဲ့ ကလေးများကို တိုင်းပြည်အပေါ် ချစ်မြတ်နိုးတတ်တဲ့ ဒီမိုကရေစီလမ်းစဉ်နှင့်အညီ နေထိုင် ပြုမူတတ်တဲ့ တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ နိုင်ငံအင်အားတွေ ဖြစ်လာ စေရန်၊ အမျိုးသားပညာရည်မြင့်မားရန်အတွက် မိဘပြည်သူအားလုံးကလည်း မလျှော့သောဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် ပူးပေါင်းပါဝင်၍ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးသော နိုင်ငံတော်ကြီး တည်ဆောက်နိုင်အောင် ကြိုးစားပေးကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အလှူရှင်မိသားစုက ကျောင်းဆောင်သစ်ဆောက်လုပ်ရေးနှင့် ပတ်သက်သော မှတ်တမ်းများကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူခဲ့ပြီး အလှူရှင်များ ကိုယ်စား ဆင်နင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများကို အသီးသီးပေးခဲ့ကြသည်။

ယင်းနောက် ကျပန်းစကားပြောပြိင်ပွဲနှင့် အပြေးပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆင်နင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းသမိုင်းကို လည်းကောင်း ရှင်းလင်းပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးက ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)