Skip to main content

၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ၌ ဆုဆွတ်ခူးရရှိကြသည့် မြန်မာ့အားကစားသမားများအား ဆုများ ပေးအပ်ချီးမြှင့်

ရန်ကုန် ဖေဖော်ဝါရီ ၂၃

၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ(၁၁) ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိကြသည့် မြန်မာ့အားကစားသမားများအား Mytel မှ  ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်  အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပသည်။

ရှေးဦးစွာ Mytel မှ ဥက္ကဋ္ဌ ဦးခင်မောင်စိုး က အဖွင့်အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ (၁၁)ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း(၃၁)နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁၈)ခုနှင့် ကြေးတံဆိပ်(၅၁)ဆု စုစုပေါင်း ဆုတံဆိပ် (၇၃)ခုဖြင့် ပြိုင်ပွဲဝင်(၁၁)နိုင်ငံတွင် အဆင့်(၇)ရရှိခဲ့ပါကြောင်း၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း များတွင် ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ ရွှေတံဆိပ်(၂)ခု၊ အားနစ် အားကစားနည်းမှ ရွှေတံဆိပ်(၁)ခုနှင့် ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခု  စုစုပေါင်း ရွှေတံဆိပ် (၄)ခုရရှိခဲ့ပြီး  ငွေတံဆိပ်(၁၈) ခုရရှိခဲ့သည့် အားကစားနည်းများမှာလည်း  ရွှေတံဆိပ်မျှော်မှန်း နိုင်သည့် အားကစားနည်းများဖြစ်ပြီး အထူးသဖြင့် မြားပစ်၊ လှေလှော်၊ ဝူရှူး စသည့် အားကစားနည်းများ ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှာ နိုင်ငံအလိုက်အဆင့်တစ်ခုကို ရယူပေးနိုင်သည့် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓါတ် တို့ကို မှတ်တမ်းတင် ဂုဏ်ပြုကြမည်ဖြစ်ပါကြောင်း၊ ယခုထက်ပိုမိုအောင်မြင်မှု ရရှိနိုင်ရေးအတွက် အလေးအနက်ထားပြီး ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း၊ ယခုဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည့် Mytel ကုမ္ပဏီကိုလည်း အထူးပင် ကျေးဇူးတင်မှတ်တမ်း ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Mytel မှ Chief External Relations officer ဦးဇော်မင်းဦး၊ Chief Financial officer ဦးသိန်းအောင် နှင့် ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က ဆုရရှိခဲ့ကြသည့် အားကစားအဖွဲ့ချုပ် အသီးသီးမှ အားကစားသမားများအား ရွှေတံဆိပ်ဆု(၁)ခုလျှင် ငွေကျပ် (၅) သိန်း၊ ငွေတံဆိပ်ဆု(၁)ခုလျှင် ငွေကျပ်(၃)သိန်း၊ ကြေးတံဆိပ်ဆု(၁)ခုလျှင် ငွေကျပ်(၁) သိန်းနှင့် တတိယဆုရ အမျိုးသားဘောလုံး အသင်းအား ငွေကျပ်သိန်း(၃၀၀)နှင့် တတိယဆုရ အမျိုးသမီးဘောလုံးအသင်းအား ငွေကျပ်သိန်း (၁၅၀) စုစုပေါင်း ငွေကျပ် (၅၇၃)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)