Skip to main content

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၂၅

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရ ရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ် အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက် ည ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်းရှိ တိုးချဲ့စာသင်ဆောင်၏ ရှေ့မျက်နှာစာလမ်းပေါ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်လုပ်မိုင်း ထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါ လမ်းပေါ်၌ အကျယ် ၄ လက်မ၊ အနက် ၅ စင်တီမီတာခန့် ပေါက်ပြဲကာ ကျောင်းဆောင်အမိုးသွပ် ၁၂ ချပ်တွင် ယမ်းစများထိမှန် ပျက်စီးခဲ့ပြီး ကျောင်းဆောင်နံရံများတွင် “NUG” စာသားပါ ဆန့်ကျင်စာသားများ ရေးသား ထားခဲ့ကြောင်း သိရသည်။

အထက်ပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

သတင်းစဉ်