Skip to main content

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်

ရန်ကုန် မတ် ၁

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ်၁၀၀ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကော်မတီ က ကြီးမှူးကျင်းပသည့် ဥပဒေပညာဌာန နှစ်၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ရှေ့၌ကျင်းပရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း တက်ရောက် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဥမ္မာကျော်၊ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ခင်ချစ်ချစ်၊ ပါမောက္ခ(ငြိမ်း) ဦးလှအောင်၊ ပါမောက္ခချုပ် (ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေး၊  ပါမောက္ခ(ငြိမ်း) ဒေါ်သန်းနွဲ့နှင့် ဥပဒေပညာဌာန နှစ်၁၀၀ပြည့်ကျင်းပရေး ကော်မတီဥက္ကဋ္ဌဦးစိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ခန်းမ၌ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကံ့ကော်တောမျိုးအောင်နှင့် ဥပဒေမောင်နှစ်မများက ဥပဒေ ရာပြည့်သဘင်(၂) သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင်ဒေါက်တာတင်အောင်အေးက အမှာစကားပြောကြားသည်။

ယင်းနောက်   ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်း ခိုင်သန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တန်ဖိုးရှိလှသည့် အခမ်းအနား၌ စကား ပြောကြားခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့အခမ်းအနားကို ၁၉၇၀ - ၁၉၇၅ခုနှစ် ကျောင်းသားဟောင်း တစ်ဦးအနေဖြင့် တက်ရောက်ခြင်းဖြစ်ပါကြောင်း၊ ယခုအခမ်းအ နားကို ဥပဒေကျောင်းသားကျောင်းသူများ အနေဖြင့် ညီညီညွတ်ညွတ်၊ သိုက်သိုက်ဝန်းဝန်း၊ ပျော် ပျော်ရွှင်ရွှင်ဖြင့် ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုး တက်ရန် များစွာလိုအပ်နေသေးသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရားဥပဒေ စိုးမိုးရေးသည် အဓိကနေရာတွင် ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရန် ဥပဒေကျောင်းသားကျောင်းသူ များတွင် တာဝန်ရှိမည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း၊ ထိုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ဥပဒေကျောင်းသားကျောင်းသူများ အနေဖြင့် တစ်တပ်တစ်အား ပါဝင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်တိုင်ကလည်း  နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း၊ ယခု ကာလကို ပြန်ကြည့်ပါက ဥပဒေ ကျောင်းသားကျောင်းသူများ၊ ဉပဒေဘွဲ့ရသူ များသည် နေရာအတော်များများတွင် တာဝန်ပေး ခံရသည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည်ဟု ပြော၍ ရပါ ကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည့်အချိန်၊ လုပ်ပိုင်ခွင့် ရသည့်အချိန်တို့တွင် မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ကြ ရန် တိုက်တွန်းပြော ကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ပဉ္စမနှစ် ဥပဒေစာမေးပွဲတွင် ပထမအဆင့် အောင်မြင်သူ မဆုလဲ့နန္ဒာအား ဂုဏ်ပြုရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဥပဒေ ကျောင်းသားဟောင်း ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ဥပဒေပညာဌာန အတွက် အလှူ ငွေကျပ်သိန်း(၃၀)၊ နန်းမြိုင်ကော်ဖီအထုပ်ကြီး ၁၀၀ နှင့် ရွှေဖီဦးအသင့်ဖျော် လက်ဖက်ရည်အထုပ် ကြီး ၁၀ဝတို့ကို ပေးအပ်လှူဒါန်းရာ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး  ဒေါ်ခင်ချစ်ချစ်က လက်ခံရ ယူပြီး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပါမောက္ခ(ငြိမ်း) ဒေါက်တာဒေါ်သန်းနွဲ့၊ ပါမောက္ခ(ငြိမ်း)ဒေါ်ကြင်ဦးနှင့် ပါမောက္ခ(ငြိမ်း) ဒေါက်တာခင်မာရီတို့က ဥပဒေပညာနှင့် ပတ်သက်သည့် စာတမ်း များကို ဖတ်ကြားကြပြီး ညပိုင်းတွင် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မိတ်ဆုံ စားပွဲကို ကျင်းပ သည်။

 (သတင်းစဉ်)