Skip to main content

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားရပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများနဲ့ ပြည်ပရောက် နိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိသည့်အခါ နှစ်ဟောင်းမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ် ဘဝသင်ခန်းစာအဖြစ် မှတ်ယူသုံးသပ်ကာ အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကောင်းများ ဖန်တီးရယူဆောင်ရွက်ရင်း နှစ်သစ်ကို ကြိုဆိုဖြတ်သန်းကြရမှာပဲ ဖြစ်ပါတယ်။

ယခုဆိုလျှင် တိုင်းရင်းသားမိဘပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုနှင့်အတူ တစ်ဦးတစ်ယောက်ချင်းစီက သမိုင်းပေးတာဝန် ကျေပွန်စွာဖြင့် ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်အသီးသီးကို မကြာမီ တတိယအကြိမ် လွှတ်တော်သက်တမ်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူ့အစိုးရတစ်ရပ်ကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်မှာဖြစ်လို့ ပြည်သူများသည် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် အကောင်းဆုံးပုံဖော်နိုင်ကြောင်း သမိုင်းသက်သေထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီကျင့်စဉ်များကို မြန်မာတို့၏ စိတ်ရင်းဖြစ်သည့် တစ်ဦးပေါ်တစ်ဦး ဖေးမကူညီစောင့်ရှောက်ခြင်း၊ မျှဝေခြင်းများဖြင့် မေတ္တာထား ကျင့်ကြံကြပါ။ ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်း၊ ကိုယ်ချင်းစာစိတ်ဖြင့် ဆောင်ရွက်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်းများဖြင့် ပြုမူဆောင်ရွက်ပေးကြပါ။ သို့မှသာ တိုင်းရင်းသားပြည်သူများအားလုံး၏ တူညီသော ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း လက်ရှိ ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ Covid-19 ကမ္ဘာ့ ကပ်ရောဂါဘေးကို ရင်ဆိုင်ကာကွယ်ရာမှာ နိုင်ငံသူ နိုင်ငံသားများအားလုံး အပြင်ထွက်တိုင်း အခြေခံကျတဲ့ Mask တပ်ဖို့နဲ့ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန် အထူးပင် လိုအပ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။

နိုင်ငံသူနိုင်ငံသားများအားလုံး Covid-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခြင်းမှ ကင်းဝေးပြီး နှစ်သစ်မှာ ကျန်းမာရွှင်လန်းဝမ်းမြောက်ခြင်းများဖြင့် လှပသော အနာဂတ်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 #အမျိုးသားလွှတ်တော်