Skip to main content

ရွှေတိဂုံစေတီတော် တပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရန်ကုန် မတ် ၇


ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ(တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟု ဆိုအပ်သော ပူဇော်ခြင်း အမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော် လျက်ရှိသည်။

သံဃာ့ပူဇာအနေဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော် ကြီးများ အမှူးပြုသော သံဃာ ၁၁၇ ပါးနှင့် သီလရှင် ၂၇ ပါး စုစုပေါင်း ၁၄၄ ပါးတို့အား ပင့်ဖိတ်၍ ရွှေတိဂုံစေတီတော် ရင်ပြင်တစ်ပတ် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် စေတနာရှင်၊ သဒ္ဓါတရား ထက်သန် ကြသည့် အလှူရှင်များက ဆွမ်းဆန် စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူ ကြသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် တည်ထားခဲ့ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေတိဂုံ စေတီတော် တပေါင်းပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၂၆၀၈ နှစ်မြောက် ရှိပြီ ဖြစ်ကြောင်းသိရသည်။

သတင်း - ဇော်မင်းလတ်
ဓာတ်ပုံ- ကိုကိုဇော်