မောင်တော မတ် ၈
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၌ မတ် ၇ ရက်က မိမိတို့ဆန္ဒအရ ပြန်လည် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုတစ်စု ကျားတစ်ဦး၊ မနှစ်ဦး ပေါင်းသုံးဦးအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိ သူများကစိစစ်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေ စစ်ဆေးမှုများပြုလုပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင် အသက် (၁၀)နှစ်အထက် ကျားတစ်ဦး၊ မနှစ်ဦး ပေါင်းသုံးဦးတို့အား NVCard ထုတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ကာပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များပြီးစီးခဲ့သည်။
ဆက်လက်၍ မတ် ၈ ရက် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း ခေတ္တစခန်းတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထက်က လှဖိုးခေါင်ယာယီ နေရာချထားစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိပြီး လှဖိုးခေါင်ကြားစခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း/လက်ခံ ဆောင်ရွက်ကာ ဆန်၊ဆီ၊ဆား၊ပဲ၊မီးဖိုချောင်သုံးပစ္စည်းများအားထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြန်လည်ဝင်ရောက်လာသူ သုံးဦးအား မောင်တောမြို့နယ် ကညင်တန်း(မြို့မ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် စခန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)